This is default featured slide 1 title
ဆရာတော်ကြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်မှပေးအပ်သော ဒေါက်တာဘွဲ့ကို ထိုင်းနိုင်ငံ သံဃာ့ရာဇာဆရာတော်ထံမှ လက်ခံစဉ်။
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 6 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 6 title
ကလေးငယ်များ တရားထိုင်နေကြပုံ.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Pages
Tuesday, August 30, 2011
ဆင်ခံ မြင်းခံ ဆင်းတုတော်များနဲ့ ပတ်သက်၍ ရှင်းလင်းခြင်း
ဘုရားအားလုံး ဆင်၊ မြင်း စသည့် သတ္တ၀ါတို့ကို စီးပြီး ခရီးသွားခြင်းမရှိပါ။ အဘယ်ကြောင့် ဆင်ခံ ၊ မြင်းခံ ဘုရားရုပ်ထုများထုလုပ်ကြတာလဲမသိပါ။ အပြစ်ရှိ ၊ မရှိ။")
ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလအတွင်းမှာ ဆင်ရော မြင်းပါ ဖြစ်ခဲ့တယ်။
ဘုရားအလောင်းတော်ဟာ ဆင်ဖြစ်ခဲ့စဉ်က ဘုရင်လုပ်သူက သူရဲ့ မင်္ဂလာဆင်တော်အဖြစ် လာရောဖမ်းဆီးခဲ့တယ်။ ဆင်တော်ဟာ နန်းတော်ထဲမှာ ဘယ်လောက်ပဲ ကောင်းကောင်းနေ ကောင်းကောင်းစားရပေမယ့် တောထဲမှာ ကျန်ခဲ့တဲ့ မိခင် မျက်မမြင် ဆင်မကြီးအတွက် စိတ်မအေးနိုင်ဘူး။ ဒါကြောင့် မစားမသောက်ပဲနေလိုက်တယ်။
ဘုရင်ကမေးတော့ မိခင်အတွက် ပူနေရလို့ သူ့မှာ မစားနိုင်မသောက်ဖြစ်နေပါတယ် အစချီပြီး ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့တယ်။ ဒါနဲ့ ဘုရင်က တောထဲကို ပြန်လွှတ်ပေးလိုက်ပြီး ဆင်သားအမိ နေတဲ့တောစပ်မှာ  ဆင်သားအမိကို ပြုစုလုပ်ကျွေးဖို့ ရွာတည်ရွာ တည်ပြီးတော့ ရွာသားတွေကို ဆင်သားအမိကို ပြုစုလုပ်ကျွေးရမယ်လို့ အမိန့်ချမှတ်ခဲ့တယ်။
မိဘကျေးဇူးကို မသိတတ်တဲ့ သားသမီးတွေ မိဘကျေးဇူးကို လျစ်လျူရှု့ထားတဲ့ သားသမီးတွေ မိဘကျေးဇူးကို မေ့နေကြတဲ့ သားသမီးတွေ ဒီအကြောင်းအရာကို ဖတ်ရှု့ပြီးတော့ မိဘများရဲ့ ကျေးဇူးကို  ပြန်လည်သတိရလို့  ပြန်လည်ဆပ်နိုင်ကြပါစေ။
ဘုရားအလောင်းတော် ဆင်ဖြစ်တဲ့ဘ၀တွေတိုင်းမှာ အတုယူစရာတွေ အများကြီးရှိပဲတယ်။ ကျေးဇူးကို သိတတ်တာ မိဘကို ပြုစုလုပ်ကျွေးတာ လုံ့လ၀ိရီယရှိပြီး သူရသတ္တိနဲ့ ပြည့်စုံတာ အများကြီး အများကြီးပါပဲ။
တစ်ခုသော ဘ၀မှာတော့ ဘုရင်ရဲ့ မင်္ဂလာမြင်းတော်ဖြစ်ခဲ့တယ်။ မင်္ဂလာမြင်းတော်ရှိတဲ့ တိုင်းပြည်ကို အခြားသော တိုင်းပြည်ခုနှစ်ခုက စစ်လာတိုက်တယ်။ ဘုရင်က ရန်သူကို ဘယ်လိုတွန်လှန်ရမလဲဆိုတာ သူရဲ့ အမတ်တွေနဲ့ တိုင်ပင်တယ်။
အမတ်တွေက ဒီရန်ကို တွန်လှန်နိုင်မယ့် သူရဲကောင်းတစ်ယောက်ရှိတယ်ဆိုတာ ဘုရင်ကို လျှောက်တင်လိုက်ကြတယ်။ ဘုရင်က သူရဲကောင်းကို ခေါ်တွေ့တယ်။ ရန်သူကို တွန်လှန်နိုင်မလားလို့ မေးတယ်။
သူရဲကောင်းက မင်္ဂလာမြင်းတော်ကိုသာ သူ့ကို ပေးစီးမယ်ဆိုရင်တော့ သူတစ်ယောက်ထဲနဲ့ ဒီရန်သူအားလုံးကို တွန်လှန်နိုင်ပါတယ်လို့ လျှောက်တင်ခဲ့တယ်။ ဒါနဲ့ ဘုရင်က မင်္ဂလာမြင်းတော်ကို စီးခွင့်ပေးလိုက်တယ်။
သူရဲကောင်းဟာ မင်္ဂလာမြင်းတော်ကို စီးပြီး ရန်သူဗိုလ်ထုကို ထိုးဖောက်ပြီးတော့ ၇န်သူဘုရင် ငါးယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်။ ခြောက်ယောက်မြောက်ဘုရင်ကို ဖမ်းစီးလာစဉ်မှာ ရန်သူပစ်လိုက်တဲ့ မြားဟာ မင်္ဂလာမြင်းတော်ကို ထိမှန်သွားခဲ့တယ်။
သူရဲကောင်းဟာ ရန်သူဘုရင် ခြောက်ယောက်တိတိကို ဖမ်းပြီးသွားပြီ။ တစ်ယောက်ပဲ ကျန်တော့တယ်။ ဒါနဲ့ မင်္ဂလာမြင်းတော်ကို လှဲချပြီးတော့ ချပ်ဝတ်တွေချွတ်ပြီးတော့ ဒီပြင် အခြားသော မြင်းတစ်ကောင်ကို ချပ်ဝတ် ၀တ်ပေးဖို့ ပြင်ဆင်နေတယ်။ ဒါကို မင်္ဂလာမြင်းတော်က မြင်လိုက်တယ်။
“အခု ချပ်ဝတ် ၀တ်ပေးနေတဲ့ မြင်းဟာ ရန်သူဗိုလ်ထုကို ထွင်းဖောက်ပြီး ပြေးနိုင်မှာမဟုတ်ဘူး။ ဒီတော့ အရည်အချင်းရှိတဲ့ သူရဲကောင်းလဲ သေရလိမ့်မယ်။ ငါ မြားမှန်ခံပြီး အပင်ပန်းခံပြီးတော့ ရန်သူဘုရင် ခြောက်ယောက်ကို ဖမ်းထား၇တာတွေလဲ အလကားဖြစ်ကုန်လိမ့်မယ်။ ငါလုပ်တဲ့ အလုပ်လဲ မပျက်စီးရအောင် အရည်အချင်းရှိတဲ့ သူရဲကောင်းလဲ မသေရအောင် ငါအားတင်းပြီးတော့ ကျန်တဲ့ ဘုရင်ကို ဖမ်းရမယ်”လို့ ကြံစည်ပြီးတော့ သူရဲကောင်းကို ခေါ်ပြီးတော့ “ငါ့ကို ချပ်ဝတ်ပြန်ဝတ်ပေးပါ။ ကျန်တဲ့ ရန်သူဘုရင်ကို ဖမ်းပေးနိုင်တဲ့ စွမ်းအား ငါ့မှာ ရှိပါသေးတယ်”လို့ ပြောပြီးတော့ ကျန်တဲ့ ရန်သူဘုရင်ကို ဖမ်းဖို့ မြားဒဏ်ရာကြီးနဲ့ သူရဲကောင်းကို အကူအညီပေးခဲ့တယ်။
သူရဲ့တိုင်းသူပြည်သားတွေအတွက် မင်္ဂလာမြင်းတော်ဟာ သူရဲ့ အစွမ်းအစ လုပ်နိုင်စွမ်းအားတွေကို မချွန်မချန်နဲ့ အလုပ်လုပ်သွားခဲ့တယ်။
မင်္ဂလာမြင်းတော်ဟာ မြားဒဏ်ရာကြောင့် သေအံ့ဆဲဆဲ ဖြစ်နေပြီ။ ဒါပေမယ့် သတိလက်လွတ်မဖြစ်ပဲနဲ့ သူ့ရဲ့ ဘုရင်ကို သူရဲကောင်းကို ဆုလာဘတ်များချီးမြှင့်ဖို့ သူ့အတွက် ချီးမြှင့်မယ့် ဆုလာဘ်များကိုလဲ သူရဲကောင်းကိုပဲ ချီးမြှင့်ဖို့ ရန်သူဘုရင်တွေကို မသတ်ပဲနဲ့ သစ္စာရေတိုက်ပြီးတော့ ပြန်လွှတ်ပေးဖို့ စတဲ့ မှာသင့်တာတွေကို မှာပြီးမှ သေဆုံးသွားခဲ့တယ်။
ဘာတွေကို အတုယူရမယ်ဆိုတာ ဦးဇင်း မပြောတော့ပါဘူး။ တစ်ခါတစ်လေလဲ ကိုယ့်ဘာသာစဉ်စားကြည့်ကြပေါ့။ ကိုယ့်ဘာသာ တွေးလို့ရတဲ့ အဖြေက သိပ်ကြည်နူးဖို့ကောင်းပါတယ်။
ဘုရားရှင်ဟာ ဒီလိုဒီလိုတွေ ကြိုးစားခဲ့ပြီးမှ အခုလို ဘုရားဘ၀ကို ရောက်ခဲ့တယ်ဆိုတာ လူသားတွေသိစေချင်လို့ အထူးသဖြင့် ဆင်ဘ၀ မြင်းဘ၀က ဘုရားရှင်ရဲ့ ကြိုးစားအားထုတ်မှု လုံ့လ၀ီ၇ိယ အမျှော်အမြင်ရှိမှု ကိုယ်ကျိုးကို စွန့်လွှတ်နိုင်မှုကို နောက်လာ နောက်သားတွေကို သိစေချင်လို့ ကျောက်ဆစ်ဆရာ ပန်းပုဆရာတွေက ပညာရှင်တွေနဲ့ ပူပေါင်းပြီးတော့ ဆင်ခံ မြင်းခံ ဆင်းတုတော်တွေကို ထုလုပ်ခဲ့တာဖြစ်တယ်။
ဒီနေရာမှာ “အလောင်တော် ခွေးဘ၀လဲ ရောက်ခဲ့တာပဲ။ ခွေးဘ၀က ကြိုးစားအားထုတ်မှုတွေကိုလည်း ပုံဖော်တဲ့အနေနဲ့ ခွေးခံဆင်းတော်ကို ထုလုပ်ကြပါလား” လို့ ပြောစရာတစ်ခုဖြစ်လာတယ်။
အနုပညာရပ်တစ်ခု ဖန်တီးတဲ့အခါမှာ မျက်စိပသာဒဖြစ်ဖို့ အများမကဲ့ရဲ့ခံရဖို့ လည်း လိုသေးတယ်။ ဒါကြောင့် ခွေးခံဆင်းတုတော်ကို မထုလုပ်ကြတာဖြစ်တယ်။
ရဟန်းတော်တွေဟာ ကျန်းမာရေးကောင်းရင် တိရိစ္ဆာန်ကို မစီးကောင်းပေမယ့် ကျန်းမာရေးမကောင်းရင်တော့ တိရိစ္ဆာန်အထီးကိုတော့ စီးကောင်းတယ်လို့ ဘုရားရှင်က ခွင့်ပြုထားခဲ့တယ်။
ဒါကြောင့် ဘယ်ဘက်က လှည့်တွေးတွေး အပြစ်မရှိပါဘူး။
ကိုယ်တိုင်က ဘုရားရှင်ကို အပြစ်တင်လိုဇောတွေ များနေရင်တော့ ဘယ်လိုဖြေရှင်းချက်ပေးလဲ ပြေလည်သွားမှာမဟုတ်ပါဘူး။
သူများတွေကတော့ မသိဘူး။ ဦးဇင်းကတော့ ဆင်ခံ မြင်းခံ ဆင်းတုတ်ာတွေကို မြင်တိုင်း ဆင်ဘ၀ မြင်ဘ၀က အလောင်းတော်ရဲ့ ဥာဏ်ပညာ ဇွဲလုံ့လ ၀ိရိယတွေကို မြင်ယောင်လာပြီး ဘုရားရှင်ကို ဆထက်တစ်ပိုး ပိုလို့ပိုလို့ ကြည်ညိုလာမိပါတယ်။
တံမြက်လှည်းခြင်းအကျိုး ငါးပါး နှင့် သြကာသရှင်းတမ်း
     ဗုဒ္ဓဘာသာမြန်မာလူမျိုးများ မိမိတို့ ကိုးကွယ်နေကြတဲ့ ဘုန်းကြီး ကျောင်းပေါ်မှာဖြစ်စေ၊ဘုန်းကြီးကျောင်းဝန်းထဲမှာဖြစ်စေ။ဘုရားပေါ်သို့ဘုရားဖူးသွားခိုက် ကုသိုလ်ပြုသည့်အနေနှင့်ဘုရားရင်ပြင်ပေါ်တွင်ဖြစ်စေ ပုညကိရိယာ ဝတ္ထုဆယ်ပါးမှာပါတဲ့ဝေယျာဝေစ္စကုသိုလ်ဆိုတာကိုပြုလုပ်လေ့ရှိပါတယ်။ဘယ်လိုဝေယျာဝေစ္စလဲဆိုတော့ တံမြက်လှည်းခြင်းကုသိုလ်လေးပါ။အဲဒီဝေယျာဝေစ္စ ကုသိုလ်လေးက စာရိတ္တသီလလို့ခေါ်ပါတယ်။ပါဏာတိပါတစတဲ့သိက္ခာပုဒ်များကိုစောင့်စည်းတဲ့သီလကျတော့  ဝါရိတ္တသီလလို့ခေါ်ပါတယ်။ဝေယျာဝေစ္စ ကုသိုလ်ကဖြည့်ကျင့်ရတဲ့သီလဖြစ်လို့ စာရိတ္တသီလလို့ခေါ်ပြီး၊ပါဏာတိပါတ စတဲ့ သီလများကတော့ စောင့်စည်းရတဲ့သီလဖြစ်လို့ဝါရိတ္တသီလလို့ခေါ်တယ်ဆိုတာ မှတ်သားထားလိုက်ပါ။ တံမြက်လှည်းခြင်းအမှုကို ဗုဒ္ဓဘာသာမြန်မာလူမျိုးများ ဘုရားရင်ပြင်ပေါ်တွင်ဖြစ်စေ၊ဘုန်းကြီးကျောင်းများမှာဖြစ်စေ ပြုလေ့ရှိတဲ့ကုသိုလ်လေးပါ။တစ်ချို့ကလဲ သူများနင်းထားတဲ့ေ  နရာများကို တံမျက်လှည်းတာဟာ အောက်တန်းကျတယ်လို့ထင်ကြသလို၊တစ်ချို့ကလည်း သူတစ်ပါး နင်းထားတဲ့နေရာတွေကို တံမျက်လှည်းပြီးသုတ်သင်ရှင်းလင်းရတာ မြင့်မြတ်တယ်လို့ခံယူထားပါတယ်။အောက်တန်းကျတယ်လို့ထင်မှတ်နေတဲ့သူများကတော့ ဘယ်နေရာရောက် ထိုသို့သော ကုသိုလ်မျိုးကို ပြုလုပ်လေ့မရှိပါဘူး။မြင့်မြတ်တယ်လို့ ယူဆထားတဲ့သူများကတော့         ဘုရားရင်ပြင်ပေါ်ကိုရောက်သည်ဖြစ်စေ၊ဘုန်းကြီးကျောင်းကို   ရောက်သည်ဖြစ်စေ ထိုသို့သော ဝေယျာဝေစ္စကုသိုလ်ကို လေးလေးနက်နက်ပြုလုပ်လေ့ရှိကြပါတယ်။
             တကယ်တော့ သူတစ်ပါးနင်းထားတဲ့ နေရာတွေကို သန့်ရှင်းစေဖို့ တံမြက်လှည်းတဲ့ ကုသိုလ်ဟာ အောက်တန်းမကျပါဘူး။မြင့်မြတ်တာပါ။ထိုတံမြက်လှည်းတဲ့ကုသိုလ်ကြောင့် မြတ်စွာဘုရားလက်ထက်တော်က အရှင်အနုရုဒ္ဓါရဲ့ညီမဖြစ်သူဟာ နူနာပျောက်ကင်းသည်ထိ အကျိုးကျေးဇူးများခဲ့တာဟာ တံမြက်လှည်းခဲ့လို့ပါ။တံမြက်လှည်းခြင်းအကျိုးတရားတွေက ကျန်ပါသေးတယ်။အဲဒါဘာတွေလဲဆိုတော့
တံမြက်လှည်းအကျိုး ငါးပါး
ကိုယ့်စိတ်, သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့လေးစား၊ လွန်ပွားချစ်ခင်၊
ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်၊
နတ်ပြည်ရောက်၊ ထွန်းတောက် ကျိုးငါးအင်။
၁။ မိမိစိတ် ကြည်လင်ခြင်း၊
၂။ သူတစ်ပါးစိတ် ကြည်လင်ခြင်း၊
၃။ နတ်တို့ လေးစား ချစ်ခင်ခြင်း၊
၎။ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်စေခြင်း၊
၅။ နတ်ပြည်ရောက်ခြင်း။
(ပရိဝါ၊ ပါဠိ၊ ၂၃၁)
        ဒါကတော့ သြကာသအကြောင်းလေးပါ။ဗုဒ္ဓဘာသာဝင်ဆိုပေမယ့် ဘိုးဘွား၊မိဘများကိုးကွယ်လို့ မိမိလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်နေကြတဲ့ မိရိုးဖလာဗုဒ္ဓဘာသဝင်များကို သိစေချင်တာနဲ့တင်ပေးလိုက်တာပါ။
သြကာသ သြကာသ သြကာသ [ကာယကံ၊ ၀စီကံ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော
အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ] (တနည်း - ကာယကံ၊ ၀စီကံ၊
မနောကံတည်းဟူသော သုံးပါးသော ကံတို့တွင် တစ်ပါးပါးသော ကံကို
ပြစ်မှားမိသည်ရှိသော် ပျောက်ပါစေခြင်း အကျိုးငှာ] ပထမ, ဒုတိယ, တတိယ
တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ
ရတနာမြတ်သုံးပါး တို့ကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော်
ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏။ ကန်တော့ရသော အကျိုးအားကြောင့်
အပါယ်လေးပါး၊ ကပ်သုံးပါ၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊
ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း
ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား, ဖိုလ်တရား နိဗ္ဗာန်တရား တော်မြတ်ကို
လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။
သြကာသ
ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။
လေးနက် စေလိုသောကြောင့်လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့်
လည်းကောင်း၊ သြကာသ ကို သုံးကြိမ် ဆိုရပါသည်။
ကံသုံးပါး
ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊
နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊
စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။
ရတနာ
နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။
ဘုရား
တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
တရား
အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့်
တရားဟု ခေါ်ပါသည်။
သံဃာ
အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။
အရိုအသေ
ကိုယ်, နှုတ်, စိတ်သုံးပါးတို့ဖြင့် ညွတ်တွားကိုင်းရှိုင်းခြင်း။
အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။
ရှိခိုး
ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊
စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။
ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ ဘိုးဘွား၊
ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါး (ခြေ, လက်, နဖူး,
တံတောင်, ဒူး)ဖြင့် ရှိခိုးခြင်းကိုခေါ်သည်။
နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို
နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။
စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို
စိတ်ထဲမှ အဖန်တလဲလဲ အောက်မေ့ခြင်းကို ခေါ်ပါသည်။
ပူဇော်
ပစ္စည်းဖြင့် ပူဇော်ခြင်း၊ တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။
ဖူးမြော်
ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဉာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
မာန်လျှော့
မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း
(ရတနာသုံးပါးကို မြင့်မြတ်ရာ၌ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။
မာန်လျှော့ခြင်းကို နိဝါတမင်္ဂလာဟု မှတ်ပါ။
ကန်တော့
အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ကန်တော့ခြင်း၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။
(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်၍ ကုသိုလ်ကို တော့,
ယူခြင်းကို ဆိုလိုသည်)
အပါယ်
ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသောအရပ်ကို အပါယ်ဟု ခေါ်သည်။
(အပါယ = အပ + အယ၊ အယ = ချမ်းသာ + အပ = ကင်းခြင်း)
အပါယ်လေးပါးရှိသည်။ ၎င်းင်းတို့မှာ -
(၁) ငရဲ = ချမ်းသာသုခ ဝေးကွာ၍၊ ဒုက္ခအတိပြီးသော ဘုံဌာန၊
(၂) တိရစ္ဆာန် = မဂ်, ဖိုလ်မကပ်၊ ထောင့်ဖြတ်ဖီလာ သွားတတ်သော သတ္တ၀ါ။
(၃) ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
(၄) အသုရကာယ် = နတ်များကဲ့သို့ မရဲရင့် မတင့်တယ် မတောက်ပသော သတ္တ၀ါ။
- လောဘစိတ်နှင့်၊ သေခဲ့လျှင် ပြိတ္တာဘုံသို့ဝင်၊
- ဒေါသကြီးလျှင်၊ ပါယ်ငရဲ၊ ဖြစ်ရအမှန်ပဲ၊
- မောဟစိတ်နဲ့၊ သေခဲ့ပြန်၊ ဖြစ်ရတိရစ္ဆာန်၊
- ဆိုးသွမ်းလေဟန်၊ စိတ်သုံးမျိုး၊ စွန့်ခွာပယ်လို့ချိုး။
ကပ်
ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်းကို ကပ်ဟု ခေါ်သည်။
(ကပ္ပ = ပျက်စီးခြင်း)
ကပ်သုံးပါးရှိသည်။ ၎င်းတို့မှာ -
(၁)ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
(၂)သတ္ထန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
(၃)ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်း။
- လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
- ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
- မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။
ရပ်ပြစ်
မဂ်, ဖိုလ် နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ဟု ခေါ်သည်။
အပြစ်ရှိသော အရပ်ကို မြန်မာတို့က [ရပ် - ပြစ်] ဟု ခေါ်ကြသည်။
အပြစ်ဆိုသော်လည်း ထူးထူးခြားခြား ဆိုးဝါးသောအပြစ်မဟုတ်။
ထိုအရပ်သို့ရောက်နေလျှင် မဂ်, ဖိုလ်ရောက်အောင် တရားအားထုတ်ခွင့်
မရသောကြောင့် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို [ အပြစ် ]ဟု မိန့်တော်မူသည်။
ရပ်ပြစ်ရှစ်ပါးရှိသည်။ ၎င်းတို့မှာ -
(၁, ၂, ၃) ဘုရားဖြစ်ခါ, ပါယ်သုံးရွာနှင့်
ဘုရားပွင့်နေဆဲအခါ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ အပါယ်သုံးဘုံ၌ ဖြစ်ရသူများ။
(အသူရကာယ်ကို ပြိတ္တာမျိုး၌ သွင်းယူ။)
(၄)ဒီဃာယုနတ်
အသက်ရှည်သော နတ်ဗြဟ္မာကို [ ဒီဃာယုနတ် ] ဟု ဆိုသည်။ ဘုရားပွင့်ဆဲအခါ
လွန်စွာအသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာများနှင့်
အရူပဗြဟ္မာများတည်း။ (အသညတတ်ဗြဟ္မာ များသည် ခန္ဓာကိုယ်သာရှိ၍
စိတ်ဝိညာဉ်မရှိ၊ အရူပဗြဟ္မာများကား စိတ်ဝိညာဉ်သာရှိ၍ ခန္ဓာကိုယ်မရှိ။
ထို့ကြောင့် ထိုဗြဟ္မာနှစ်မျိုးသည် ဘုရားပွင့်သော်လည်း
တရားမနာနိုင်ရှာကြပေ။)
(၅)ဖြစ်လတ်ပစ္စန်
ဘုရားရှင်နှင့် ရဟန်းတော်များမရောက်နိုင်ရာ အစွန်အဖျား တောတောင်အကြား
(ပစ္စန္တရာဇ်သား) လူရိုင်းများကို ဆိုသည်။
(ယခုအခါ၌ကား မြန်မာနိုင်ငံသည် ပစ္စန္တရာဇ်မဟုတ်။)
(၆) မိစ္ဆာဉာဏ်ရှိ
ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိဉာဏ်ရှိသူများ။
(၇) ဉာဏ်မရှိသား
ဘုရားပွင့်ဆဲအခါ တရားကို နည်းလည်လောက်သော ဉာဏ်မရှိသူများ။
(ဤဆိုခဲ့သော ၇ မျိုးသည် ဘုရားပွင့်ဆဲအခါ၌ ဖြစ်သူများတည်း။)
(၈) ဉာဏ်ရှိငြားလည်း, ဘုရားမဖြစ်
တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါ လူဖြစ်သူများ။
ရန်သူ
ရန်သူမျိုးငါးပါးရှိသည်။ ၎င်းတို့မှာ -
(၁) ရေ၊
(၂) မီး၊
(၃) ခိုးသူ၊
(၄) အမွေခံ သားသမီးဆိုး၊
(၅) မင်းဆိုး
မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ သွင်းမှားကြ၏။ မိမိက မုန်းနေရုံဖြင့်
ရန်သူမဟုတ်နိုင်။ အမွေခံသားဆိုး သမီးဆိုးသာလျှင် (မိဘကို မကြာခဏ
ဒုက္ခပေးတတ်၊ စုဆောင်းထားသော ပစ္စည်းများကို ဖြုန်းသုံးပစ်တတ် သောကြောင့်
ရန်သူအစစ်သာ ဖြစ်သည်။)
- ရေ မီး သူခိုး, မွေခံဆိုးနှင့် မင်းဆိုးအပြား, ရန်မျိုးငါး,
မှတ်သားလေကွဲ့ အမှန်တဲ့။
ဝိပတ္တိ
ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။
ဝိပတ္တိတရား (၄)ပါးရှိသည်။ ၎င်းတို့မှာ -
(၁)ကာလ၀ိပတ္တိ - မင်းဆိုး၊မင်းယုတ် အုပ်စိုးသောအခါ။
(၂)ဂတိဝိပတ္တိ - အပါယ်လေးပါးတို့၌ ဖြစ်ရခြင်းကို၊ မကောင်းသော ဂတိ ဖြစ်၍
[ဂတိဝိပတ္တိ]ဟု ဆိုသည်။
(၃)ဥပဓိဝိပတ္တိ - ရုပ်အဆင်းအင်္ဂါကို [ဥပဓိ]ဟုခေါ်သည်။ အင်္ဂါချို့တဲ့ခြင်းကို
[ဥပဓိဝိပတ္တိ]ဟု ဆိုသည်။
(၄)ပယောဂ၀ိပတ္တိ - ကိုယ်မှု နှုတ်မှုကို [ပယောဂ]ဟု ဆို၏။ အသိအလိမ္မာမရှိ၊ သတိ
ဝီရိယလည်းမရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို [ပယောဂ၀ိပတ္တိ]ဟု ဆိုသည်။
- ဖောက်ပြန်ချွတ်ယွင်း, ပျက်စီးခြင်း, ခေါ်လျှင်း ၀ိပတ္တိ။ ကာလ ဂတိ,
ဥပဓိမှ, ပယောဂ, လေးဝ မှတ်လေဘိ။
ဗျသနတရား
ပျက်စီးခြင်း၊ ဆုံးပါးခြင်းကို ပါဠိလို "ဗျသန"ဟု ခေါ်၏။
ဗျသနတရားငါးပါးရှိသည်။ ၎င်းတို့မှာ -
၁။ ဥာတိဗျာသန = ဆွေမျိုးများ ပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း။
၃။ ရောဂဗျသန = အနာရောဂါ ဖြစ်ခြင်း။
၎။ ဒိဋ္ဌိဗျသန = မိစ္ဆာအယူကို ယူခြင်း။
၅။ သီလဗျသန = သီလပျက်ခြင်း။
ဆုံးရှုံး ပျက်ပြား, ပြစ်မှုများ, ခေါ်ငြား ဗျသန။ ဘောဂ, ရောဂ-ဒိဋ္ဌိ, သီလထည့်,
ငါးရှိ သရုပ်ပြ။
အခါခပ်သိမ်း ... ရပါလို၏။
ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်း ဘ၀တိုင်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ...
"သံသရာ၌ ကြာရှည် မကျင်လည်ရဘဲ မဂ်ဖိုလ်နိဗ္ဗာန်ကို အမြန်ရပါလို၏" ဟု
ဆုတောင်းသည်။
ဘုရား၊တရား၊သံဃာ၊မိဘ၊သက်ကြီးရွယ်အို၊ဆရာသမားများနှင့် ပတ်သတ်သော ဝေယျာဝေစ္စာများကို တတ်နိုင်သလောလုပ်ဆောင်နိုင်ပါစေ။
ဒါနနဲ့ သီလ မလိုဘူးတဲ့လား?
(ဒါန ၊ သီလ ၊ ဘာဝနာ ၊ သုံးခုမှာဘယ်ဟာအရေးကြီးဆုံးပါလဲ ဘုရား။ တချို့က သံသရာမှလွတ်မြောက်ချင်လျှင် ဒါန၊သီလ မလိုအပ်ဘူးလို့ ဆိုနေကြများမှာမှန် မမှန်ဖြေ ကြားပေးစေလိုပါ၏။)
“ဘုရားဆူဆူ ဒါနကူမှ သုံးလူသင်းကျစ် ဧကန်ဖြစ်၏”လို့ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်အဘိဓမ္မာကျမ်းမှာ ရေးသားခဲ့တယ်။
ဘုရားအလောင်းတွေဟာ ပါရမီဖြည့်ရင် ဒါနပါရမီကို အရင်ဖြည့်လေ့ရှိကြတယ်။
အရပ်ထဲမှာ လူတွေက ပြောကြတယ်။ “အူမတောင့်မှ သီလစောင့်နိုင်မှာပေါ့”တဲ့။  မရှိလို့ မလှု မလှုလို့ မရှိတဲ့။ မရှိရင် အူမတောင့်မှာ မဟုတ်ဘူး။ ဒီတော့ အူမတောင့်ဖို့အတွက် ရှိဖို့လိုတယ်။ ရှိဖို့အတွက် လှုဖို့လိုတယ်။ လှုတယ်ဆိုတာ ဒါနပြုတာပဲ။
ဒါနမရှိတော့ အရာရာ ချို့တဲ့တယ်။ အရာ ချို့တဲ့တော့ အူမမတောင့်တော့ဘူး။ အူမ မတောင့်တော့ သီလမစောင့်နိုင်ဘူး။ ဒါကြောင့် ဒါန မရှိသူများဟာ သီလပါရမီကို ဖြည့်ကျင့်နိုင်ဖို့ အင်မတန်ခက်ခဲပါတယ်။
သီလပါရမီကို မဖြည့်ကျင့်နိုင်မှတော့ သစ္စာပါရမီလဲ ဖြည့်ကျင့်နိုင်မှာ မဟုတ်တော့ဘူး။ မေတ္တာပါရမီလဲ မပြည့်ကျင့်နိုင်တော့ဘူး။ ကိုယ်ထက်ချမ်းသာတဲ့သူတွေကို မနာလိုမရှု့စိမ့်ဖြစ်တော့မယ်လေ။ ဘယ်မှာ မေတ္တာပါရမီဖြည့်နိုင်ပါတော့မလဲ။
နောက်ဆုံး ကိုယ့်ထက်ချမ်းသာသူက စေတနာနဲ့ ပြောတဲ့စကားကိုတောင်မှ “ငါ့ကို မရှိလို့ ဆင်းရဲလို့ ဒါမျိုးစကားကို ပြောတာ”လို့ ထင်တတ်ကြတယ်။ ဒီတော့ ခန္တီပါရမီလဲပျက်ပြီ။
ဒါနပါရမီချို့တဲ့လိုက်တာနဲ့ ကျန်တာတဲ့ပါရမီတွေကို ဖြည့်ကျင့်ဖိုဆိုတာ အင်မတန် ခက်ခဲသွားပါတယ်။ ဒါကြောင့် ဘု၇ားအလောင်းတော်များဟာ ဒါနပါရမီကို အရင်ဖြည့်ကျင့်ကြတာပါ။
နောက်ပြီးတော့ ဘာဝနာအလုပ်ကို လုပ်မဲ့သူဟာ အနိမ့်ဆုံးအားဖြင့် ငါးပါးသီလကို လုံခြုံရပါတယ်။
သီလမရှိသူဟာ စိတ်ငြိမ်သက်တည်ကြည်မှု မဖြစ်နိုင်ပါဘူး။ စိတ်ငြိမ်သက် တည်ကြည်မှု မဖြစ်ရင် ဖြစ် ပျက် သဘောတရားတွေကို မြင်နိုင်မှာ မဟုတ်ပါဘူး။ ပျက် ဖြစ် သဘောတရားတွေကို မမြင်နိုင်ပဲနဲ့တော့ ဘာတဏှာမှလဲ ချုပ်ငြိမ်းမှာ  မဟုတ်ပါဘူး။ တဏှာ မချုပ်ငြိမ်းမှတော့ ဘယ်မှာ သံသရာထဲက လွတ်မြောက်နိုင်ပါတော့မလဲ။ အလေးအနက် စဉ်းစားကြည့်စေလိုပါတယ်။
ဒါန သီလက လိုအပ်လို့ ဘုရားအလောင်းတွေ ဒါနပါရမီ သီလပါရမီတွေကို ဖြည့်ကျင့်ခဲ့ကြတာပေါ့။ မလိုရင် အပိုအလုပ်တွေဆိုရင် ဘယ်မှာ လုပ်နေကြပါ့မလဲ။
ဒါန သီလ မလိုဘူးလို့ ပြောသူများဟာ ဗုဒ္ဓဘုရားရှင်တွေထက် ပိုတော် ပိုတတ်တဲ့ သူများထင်ပါရဲ့။
တချို့ လူ့ဗလချာ ဗာလမျိုးတွေက ခုဇ္ဇုတ္တရာတို့ အင်္ဂုလိမာလာတို့ဟာ သူခိုးနဲ့ လူသတ်သမားတွေပါ။ သူတို့ဘယ်မှာ သီလလုံလို့လဲ။ သီလမလုံပဲ တစ်မဂ်တစ်ဖိုလ်ရသွားခဲ့ကြတာပဲ။ ဒါကို ကြည့်သောအားဖြင့် သီလ မလိုပါဘူးလို့ ပြောလေ့ရှိကြတယ်။
ပစ္ဆိမဘ၀ိကဖြစ်တဲ့ ဒီဘ၀မှာ မဂ်ဖိုလ်ရဖို့ ကျိန်းသေနေတဲ့ ပါရမီရှင်ကြီးတွေနဲ့များ သူတို့မို့ မတန်မရာ နှိုင်းယှဉ်ကြပါပေရဲ့။ သူတို့တွေဟာ ပါရမီတွေကို အကုန်အပြည့် ဖြည့်ပြီးကြပြီ။ ဒီဘ၀လေးကိုပဲ ကွက်ကြည့်နေရင်တော့ မှားမှာပေါ့။
နောက်ပြီးတော့ နိဗ္ဗာန်ဝင်တာချင်း အတူတူတောင် ဒါနရှိသူများကျတော့ မပင်မပန်းချမ်းချမ်းသာသာသူဌေးကြီးဘ၀နဲ့ ၀င်ရတယ်။ ဒါနမရှိသူများကြတော့ ဆင်းဆင်းရဲရဲ ငတ်ငတ်ပြတ်ပြတ် သူတောင်းစားဘ၀နဲ့ နိဗ္ဗာန်ဝင်ရတယ်။
နောက်ဆုံးပြောချင်တာက ဒါန သီလ ဘာဝနာ အားလုံးအရေးကြီးပါတယ်။ နိဗ္ဗာန်ရဖို့အတွက် ဒါန သီလ မလိုဘူးလို့ ပြောတဲ့စကားဟာ သွက်သွက်ခါအောင် မှားယွင်းပါတယ်။
Monday, August 29, 2011
လူ့ဘဝ၏အောင်မြင်တိုးတက်ခြင်းသို့သွားရာလှေခါး(၃၀)ထစ်
၁။ ကတိအပေးနည်းပါစေ။
၂။ အမှန်ကို အမြဲပြောပါ။
၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။
၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ
၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။
၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။
၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။
၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။
၁၃။သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည်သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။
၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။
၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။
၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။
၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်
၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းေ
ာစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
၂၁။ မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန်အောင်မြင်ခြင်းဖြစ်၏။
၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်
နောက်နေ့လုပ်ဆောင်ရမည့်အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။
၂၃။သင့်အပြုအမူဆောင်ရွက်ချက်မှလွဲ၍သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။
၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။
၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။
၂၆။ကိုယ့်အကျိုးသာကြည့်ပြီးသူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။
၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။
၂၈။သြဇာအားဏာရှိသူသော်ငြားလည်းယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။
၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။
၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။
မအောင်မြင်ခြင်းအကြောင်းအရင်း(၄၅)ချက်....
မအောင်မြင်ခြင်းအကြောင်းအရင်း(၄၅)ချက်....
၁။ တိကျသော ရည်ရွယ်ချက် မရှိခြင်း၂။မျိုးရိုးလိုက်ပြီး မွေးရာပါ ကိုယ်အင်္ဂါများမတင့်တယ်မဖွယ်မရာရှိခြင်း။၃။ အခြားသူများ၏အရေးအခင်းများတွင်ဝင်ရောက်စွက်ဖက်တတ်သောထူးဆန်းသည့်အကျင့်ရှိခြင်း။၎။မိမိအလုပ်အကိုင်နှင့် ပက်သက်ပြီး လုံလောက်သော ပြင်ဆင်မှူ့ မရှိခြင်း။၅။ကိုယ်တိုင်စည်းကမ်းသေ၀ပ်မှူ့ မရှိခြင်း။၆။ မိမိ၏ တိုးတက်ရေးနှင့် အခွင့်အလမ်းများအပေါ် အရေးမစိုက်ခြင်း၊ စိတ် ၀င်စားမှူ့ မထားခြင်း ။၇။ အလယ် အလတ် တန်းစား အဆင့်ထက် ကျော်လွန်၍ ရောက်ရှိရန် မှန်းဆသော ကြီးမြင့်စိတ်မရှိခြင်း။၈။ကျန်းမာရေးကိုအလေးမထား၊ဂရုမစိုက်ခြင်း။၉။ငယ်စဉ်ဘ၀ကပတ်ဝန်းကျင်၏မကောင်းမှူ့အရှိန်အ၀ါများရိုက်ခတ်မှူ့ဒဏ်ခံခဲ့ရခြင်း။၁၀။စတင်ထားသောအလုပ်ကိစ္စကိုပြီးဆုံးသည်အထိလုပ်ကိုင်နိုင်သောဇွဲမရှိခြင်း။၁၁။အဖျက်စိတ်ထားများလက်ခံကျင့်သုံးနေခြင်း။၁၂။စိတ်ထိခိုက်လှူပ်ရှားမှူ့များအပေါ်ထိမ်းချုပ်ကွပ်ကဲမှူ့မပြုနိုင်ခြင်း။၁၃။မိမိကဘာမျှမပေးပဲနှင့်သူတပါးထံမှရယူလိုသောဆန္ဒထားရှိခြင်း။၁၄။ဆုံးဖြတ်နိုင်စွမ်းမရှိခြင်းနှင့်အရာရာကိုတိကျမှူ့မရှိခြင်း။၁၅။တစ်စုံတစ်ခုကိုဖြစ်စေ၊ထို့ထက်များများကိုဖြစ်စေမလုပ်ရဲမကိုင်ရဲဘဲအမြဲကြောက်ရွံ့စိတ်ရှိနေခြင်း။၇မျိုး၇ှိသည်။(က)ဆင်းရဲပင်ပမ်းမည်ကိုကြောက်ရွံ့ခြင်း။(ခ)ဝေဖန်ပြစ်တင်ခံရမည်ကိုကြောက်ရွံ့ခြင်း(ဂ)မကျန်းမမာဖြစ်မည်ကိုကြောက်ရွံ့ခြင်း။(ဃ)ချစ်ခင်မှူ့များပျက်ပြားမည်၊ချစ်ခင်သူများဆုံးရှုံးမည်းကိုကြောက်ရွံ့ခြင်း။(င)အသက်ကြီးရင့်အိုမင်းမည်ကိုကြောက်ရွံ့ခြင်း။(စ)လွတ်လပ်ခွင့်ဆုံးရှုံးမည်ကိုကြောက်ရွံ့ခြင်း။(ဆ)သေရမည်ကိုကိုကြောက်ရွံ့ခြင်းတို့ဖြစ်သည်။၁၆။အိမ်ထောင်ပြုရာတွင်အိမ်ထောင်ဖက်အရွေးမှားခြင်း။၁၇။ အလုပ်အကိုင်၊ အရောင်းအ၀ယ်ပြုလုပ်ရာတွင် ပေါင်းသင်း ဆက်ဆံသူ အရွေးမှားခြင်း။၁၈။ မတော် တဆ ဖြစ်မလားဟု တွေးတော စိုးရိမ်မှူ့ လွန်ကဲခြင်း။၁၉။ အလုပ် အကိုင်၊ အသက်မွေး ၀မ်းကျောင်းပြု မှူ့ အရွေးမှားခြင်း။၂၀။ မိမိ၏ အချိန်နှင့် အားများ ဆုတ်ယုတ်ပျက်ပြားမှူ့ ဖြစ်စေခြင်း၊ စိတ်အာရုံ စူးစိုက် ထိမ်းချုပ်ရန် အားမထုတ်ခြင်း။၂၁။ ၀င်ငွေနှင့် ထွက်ငွေကို စာရင်းဇယား စီမံချက် မထားခြင်း၊ မဆင်မခြင် မထိမ်းချုပ်ပဲ သုံးစွဲခြင်း။၂၂။ မိမိကိုယ်ပိုင် အချိန်ကို စာရင်းဇယားဆွဲ၍ မှန်ကန် အကျိုးရှိစွာ မသုံးတတ်ခြင်း။၂၃။ စိတ်ဝင်စားမှူ့၊စိတ်အားထက်သန်မှူ့တို့အပေါ် ထိမ်းချုပ်ကွပ်ကဲမှူ့ မပြုခြင်း။၂၄။ စိတ်ရှည် သီးခံနိုင်စွမ်း မရှိခြင်း။၂၅။ လူအများနှင့် ဆက်ဆံရာတွင် မျှတ မှန်ကန်မှူ့ မရှိခြင်း၊ သဟ ဇာတ စိတ်နှင့် မပူးပေါင်းခြင်း။၂၆။ ရသင့် ရထိုက်သည်ကို အခြေမခံ အကြောင်းမပြု ၊ ထိုက်သင့်သော ကြိုးပမ်းမှူ့ မပါပဲ တန်ခိုး၊ အာဏာ၊ ကြွယ်ဝမှူ့များ လိုချင်တပ်မက်မောလွန်းခြင်း။ ( တန်ရာတန်ရာ မမှန်းပဲ အချောင်လိုချင်လွန်း၊ လောဘကြီးလွန်းခြင်း)၂၇။ သစ္စာ မရှိ၊ သစ္စာတရား မဲ့ခြင်း။၂၈။ မာနကြီး ဘ၀င်မြင့်ခြင်း ၊ ၀ါကြွားအထင်ကြီးခြင်းများကို ထိမ်းချုပ် ကွပ်ကဲမှူ့ မပြုနိုင်ခြင်း။၂၉။ တစ်ကိုယ်ကောင်း ဆန်လွန်း၊ တစ်ကိုယ်ကောင်း စိတ်ကြီးခြင်း။၃၀။ မိမိသိပြီးသား အမှန်တရားအပေါ် အခြေမခံပဲ၊ ၀င်ရောက်စပ်စု အကြံပေးခြင်း။( မိမိ အမှန်တကယ် မသိသော ကိစ္စများကို ၀င်ရောက် စပ်စု အကြံပေးခြင်း)၃၁။ ဖြစ်နိုင်ရာ ဖြစ်တန်ရာကို မကြံစည် မကြည့်မြင်တတ်ခြင်း။၃၂။ အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများနှင့် ကြီးမြင့်စိတ် မဖွဲ့ခြင်း၊ ပူးပေါင်းလုပ်ကိုင်ရန် ပျက်ကွက်ခြင်း။ (အရည်အချင်း၊ အတွေ့အကြုံ၊ ဗဟုသုတ ရှိသူများကို အားကျစိတ်၊ အတူပူးပါင်းလုပ်ကိုင် လိုစိတ် မရှိခြင်း၊ မပူးပေါင်းခြင်း)၃၃။ အနန္တ ဥာဏ်ပညာရှင် ရှိသည်ကို အသိအမှတ် မပြု၊ ဥာဏ်တော် ရှင်၏ အင်အာကို မိမိနှင့် သင့်လျော်အောင် ရယူသုံးစွဲခြင်း မပြုခြင်း။ (ပညာရှိကို မမှီဝဲ မဆည်းကပ်ခြင်း)၃၄။ ညစ်ညမ်း-ရိုင်းစိုင်း- ဆိုးသွမ်းသော စကားများ ပြောဆိုခြင်း။၃၅။ စဉ်းစား ဆင်ခြင်မှူ့ မပြုပဲ စကားပြောဆိုခြင်း ၊ စကားများလွန်းခြင်း။၃၆။ သူတပါးပိုင် ပစ္စည်းများ တပ်မက်မောခြင်း။၃၇။ အချိန်ဆွဲခြင်း ၊ဖင့်နွှဲလေးကန်မှူ့ အကျင့်ရှိခြင်း ။၃၈။ အကြောင်း တစ်စုံ တစ်ရာ မရှိဘဲ သူတပါး မကောင်းသတင်း မ မှန် မကန် လုပ်ကြံ ပြောဆိုခြင်း။၃၉။ စိတ်တန်ခိုး အင်အားများနှင့် စိတ်၏ သဘောသဘာဝများကို နားမလည်ခြင်း၊ မလုပ်ဆောင်တတ်ခြင်း။၄၀။ တိကျသော ရည်ရွယ်ချက် မရှိ၍ကိုယ်တိုင်ဦးဆောင် တီထွင် လုပ်ကိုင်မှူ့ မပြု တတ်ခြင်း။၄၁။ တိကျသော ရည်ရွယ်ချက် မရှိ၍ မိမိကိုယ် ကို အားထားယုံကြည်စိတ် မရှိခြင်း။၄၂။ နှစ်လိုဖွယ်ရာ ၊ ခင်မင်ဖွယ်ရာ၊ ကြည်ညိုဖွယ်ရာ ရုပ်အဆင်း အင်္ဂါ မရှိခြင်း။၄၃။ လာလတ္တံ့သော အချိန်ကာလအပေါ် မိမိ အပေါက်းအသင်း ၊ မိမိလူမျိုး၊ မိမိ ကိုးကွယ်ရာ ဘုရားအပေါ် ယုံကြည်မှူ့ မရှိခြင်း။၄၄။ ထိမ်းချုပ် ကွပ်ကဲမှူ့ မပါပဲ ကြံစည်ခြင်း၊ မိမိစိတ်တန်ခိုး အင်အား ကို တိုးတက်အောင် မပြုလုပ်ခြင်း။အဆင်ပြေရာများကို မှတ်သား၊ ရှောင်ရှား၊ သတိပြုနိုင်ကြပါစေ ။
ရနောင်းဌာနီကျောင်းပုံရိပ်များနှင့် ကုန်ကျစရိတ်အသေးစိတ်
Friday, August 26, 2011
တိုးတက်ချင်သလား
            လူ့ဘ၀ တိုးတက်ဖို့ အရေးပါ အရာရောက်တာတွေထဲက ၀ီရိယ အကြောင်းလေး ပြောပြချင်ပါတယ်ဗျာ၊ ဒီလိုပါနော်.....
အားထုတ်ခြင်းသဘောကို ""၀ီရိယ"" လို့ လူအများနားလည်ကြပြီး အဲ့ဒီ အားထုတ်ခြင်းသဘောကို စဉ်းစားရင်... ဆိုင်ရာကိစ္စတွေကို ပြုလုပ်ဆောင်ရွက်ဖို့ရာ မကြောက်မရွံ့ ရဲဝံ့ခြင်း သဘောပေါ့နော်၊ ဒါကြောင့် ""ရဲစွမ်းရောက်က ၀ီရိယ"" လို့ ဆိုစကား ရှိတယ်နော်၊  ဒီစကားမှန်တယ်ဆိုရင်  ၀ီရိယ လုံ့လကင်းမဲ့သူ ကို ""အပျင်းထူသူ"" လို့တောင်ခေါ်ကြတာ မှန်ပြီပေါ့၊ အပျင်းဆိုတာက အလုပ်တစ်ခုရှိရင် ""စောပါသေးတယ်၊ မိုးချုပ်လှပြီ၊ ချမ်းလှသေးတယ်၊ နေပူလွန်းပါသေးတယ်၊ ဒီနေ့ထမင်းစားလို့ မကောင်းဘူး၊ ဒီနေ့ထမင်းအများကြီးစားမိလို့၊ နည်းနည်းနေမကောင်းဘူး၊ နေကောင်းပြီးစမို့၊ ခရီးသွားစရာရှိသေးလို့၊ ခရီးပြန်ရောက်စမို့"" စသည်ဖြင့် ဆင်ခြေပေးလျက် အလုပ်လုပ်ရမယ့်အရေးကို တွေးကြောက်နေတတ်တယ်ဗျ၊ အဲ့လို ပျင်းတဲ့စိတ်တွေဟာ ကုသိုလ်စိတ်မဟုတ်၊ ထိန မိဒွ လွန်ကဲတဲ့ အကုသိုလ်စိတ်ပဲ ဖြစ်မယ်နော်၊
                ၀ီရိယ လုံလရှိသူတွေကတော့ အအေး အပူလောက်ကို မဆိုထားနဲ့၊ တကယ့် ကိစ္စကြုံလာရင် အသက်ကိုပင် ထီမထင်ဘဲ ရင်ဆိုင်တွေ့ လာတဲ့ကိစ္စကိုသာ အားကြိုးမာန်တက်  ပြုလုပ်ရဲကြတယ်နော်၊ မဟာဇနကဇာတ်က ရွက်သင်္ဘောကြီး ပျက်ခါနီးမှာ ကုန်သည် (၇၀၀) တို့ဟာ ၀ီရိယကို လျော့ပြီး ဖိရိုးဖလာနတ်များကို တိုင်တည်ကြ၊ ပသကြ ပေမဲ့လည်း ကယ်ဆယ်သူပေါ်မလာပဲ ငါးလိပ်တို့ရဲ့ အစာသာ ဖြစ်ကြရတယ်၊ အလောင်းတော်ကား မည်သည့်နတ်ကိုမျှ အားကိုးမနေဘဲ ရဲစိတ် ရဲသွေး ၀ီရိယ စိတ်ဓာတ်ကို အထပ်ထပ်မွေးပြီး ပင်လယ်ရေပြင်ကို လက်ပစ်ကူးကာ ဥပုသ်ကိုပင် စောင့်သုံးတော် မူခဲ့ပေသေးတယ်လို့လည်း ဖတ်မှတ်ခဲ့ဖူးပါတယ်၊ ဒီလိုဆိုရင် ၀ီရိယူ ဟူသည် တွေ့ကြုံလာသော ကိစ္စ၌ မကြောက်မရွံ့ ရဲဝံ့သော သဘောနဲ့ ရင်ဆိုင်ရမယ်ဆိုတာ မှန်ပြီပေါ့ဗျာ၊
               ကျန်းမာရေး
                စီးပွားရေး
                စီးပွားရေးမှာလည်း အပူအအေး စသည်တို့ကို ကြောက်ရွံ့နေရင် ၀ီရိယရှိသူများက ထိုသူ့အရင် ရောင်းဝယ်နှင့်ကြတာကြောင့် ၀ီရိယကင်းသူမှာ အရာရာပင်နောက်ကျပြီး နောက်ချေးနှင့်သလဲသာ ရတော့လတ္တံ့ ဆိုရင် မှန်မလား၊ မြန်မာအမျိုးသားတို့ ၀ီရိယနည်းပါးပုံမှာ စံနမူနာ တင်လောက်ပါပေတယ်၊ ဒါဆိုရင် ကျနော့ကို ၀ိုင်းဆော်ကြတော့မယ်ထင်ပါ့၊ လူမျိုးခြားတို့က နံနက်စောစောထပြီး ကျက်သရေရှိအောင် ရောင်းဝယ်မှုကို ပြင်ဆင်သူကပြင်၊ နေရာထိုင်ခင်းအတည်တကျနဲ့ ရေမိုးချိုးကာ အ၀တ်အစားလဲလို့ လက်ဖက်ရည်သောက် မုန့်စားပြီးလို့ အလုပ်ခွင် ၀င်နေချိန်ကျတော့မှ များစွာသော မြန်မာလူမျိုးတို့က အိပ်ရာမှ မထကြသေး၊ အိပ်ရာမှ ထခါနီးလည်း လွန့်ကာ လိမ့်ကာ သန်းကာ ဝေကာနဲ့ မိမိ၏ အပျင်းတွေကို အတော်ကြာကြာ မှုတ်ထုတ်ပြီးမှ အနိုင်နိုင်ထပြီးနောက် အတော်လေးကြာကြာပင် ကျက်သရေမရှိသော ပုပ်သိုးသိုး မျက်နှာနဲ့ မှိုင်နေလိုက်ကြသေးတယ်ဗျ၊ အင်း... အဲ့ဒီလောက် အပျင်းထူနေသူတွေ အဘယ်မှာ စီးပွားရေးက တန်းတက်နိုင်တော့မလဲနော်၊
                 အမျိုးသမီးများကျေးဇူး
                 မြန်မာအမျိုးသမီးများဟာ ကူးသန်းရောင်းဝယ်ရေးမှာ ကိုယ်တိုင်ပါဝင်နေကြရှာတယ်ဗျ၊ များစွာသော ဈေးသည်တွေမှာ အမျိုးသမီးများသာ ဖြစ်တယ်၊ အဲ့ဒီ ဈေးသည်အမျိုးသမီးများ အရွယ်လောက်ရှိတဲ့ အရွယ်တူကြတဲ့ အမျိုးသားတို့ကျတော့  အလုပ်လက်မဲ့နဲ့ မိမိတို့ မိဘနှင့် အစ်မနှမ များကိုမှီခိုအားထားလို့ နေကြတာတွေလည်း တွေ့နေကြတယ်နော်၊ မြန်မာအမျိုးသမီးတွေသာ အိမ်တွင်းပုန်း လုပ်နေကြမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံဟာ အခုထက်ပင် အောက်ကျနောက်ကျ ဖြစ်ဖွယ်ရှိနေပါတယ်၊ အမျိုးသမီးများရဲ့ တစ်ပိုင်းတစ်စသော ကျေးဇူးကြောင့် ယခုလောက် အခြေအနေမှာ တည်နေနိုင်ကြတာလည်း ပါဝင်မယ်ထင်ပါတယ်၊
                 နှစ်ဖက်စလုံးကြိုးစာလျှင်
                 စီးပွားရေးလုပ်ငန်းတွေမှာ အမျိုးသမီးများ ကြိုးစားကြသလို အမျိုးသားအားလုံး ကြိုးစားကြမယ်ဆိုရင် (အမျိုးသာတို့က တစ်ဖက်တစ်လမ်း စီးပွားရှာနိုင်ကြလျှင်)  မြန်မာနိုင်ငံတော်သည် ထွန်းသစ်စ လ၀န်းကဲ့သို့ လန်းဆန်းရွှန်းဝေ ကျက်သရေ အမျိုးမျိုးတိုးလို့ တိုးတက်သော နိုင်ငံကလေး ဖြစ်လောက်နေလောက်ပေပြီ ဆိုရင် မှားနေလားဗျာ၊
                 ပညာရေး
                 အမျိုးသားတို့ဟာ စီးပွားရေးဘက်တွင်သာ အချက်မကျသည် မဟုတ်သေး၊ ပညာရေးဘက်မှာလည်း ဂုဏ်ထူးနှင့်အောင်မြင်သူ နည်းပါးလှတဲ့အပြင် အထက်တန်း ပညာရပ်များမှာလည်း အခြားလူမျိုးများထက် ရာခိုင်နှုန်းနည်းပါးသည်ဟု ကြားသိရပါတယ်နော်၊ အဲ့ဒီလို  ဖြစ်ရခြင်းကတော့ အမေက အမွေးညံ့၍ချည်း မဟုတ်လောက်ဖူးဗျ၊ ကျောင်းတော်ကြီးမှာ ငွေကုန်ကြေးကျများစွာခံပြီး နေကြပါလျက် ငွေထောက်ပံ့ကြရသော မိဘ အစ်ကို အစ်မ တို့ကိုမှ မငဲ့ညှာဘဲ လုံ့လ၀ီရိယကင်းမဲ့စွာနဲ့ အပျင်းများပြီး ကမြင်းကြော ထနေမှုတို့ကြောင့်သာ အများအပြားဖြစ်နိုင်တယ် ဆိုရင်ကော ဘယ်လိုသဘောရကြမလဲဗျာ၊ တက္ကသိုလ် ရောက်ကြတဲ့အချိန်မှာ အသက်တွေက 17-20 နီးပါးရှိကြလိမ့်မယ်၊ အဲ့ဒီအသက်လောက်ရှိတဲ့ မြန်မာသူရဲကောင်း တပင်ရွှေထီး၊ ဘုရင့်နောင်၊ မင်းရဲကျော်စွာ စတဲ့ သူရဲကောင်းတွေ လူမျိုးရဲ့ ကျက်သရေဆောင် လူငယ်တွေ ထွန်းကားခဲ့ဖူးတဲ့ မြန်မာအမျိုးသားဖြစ်ပါလျက် ငါတို့လက်ထက်မှ ဘာရယ်ကြောင့် အပျင်းဘ၀နဲ့ ဖျင်းအအ လုပ်နေကြသလဲ၊ ရဲမာန် ရဲသွေး ရဲစိတ်မွေးကာ ရဲဇာနည်စိတ်ထားတွေနဲ့ ရဲရဲတောက်တောက်များ ဖြစ်သင့်တယ် ဆိုရင်မှန်မယ်ထင်ပါတယ်၊
                 တို့တတွေ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး စသည်တို့ဖြင့် အဘက်ဘက်က အောက်ကျနောက်ကျ ဖြစ်ကြရခြင်းမှာ လုံ့လ၀ီရိယကင်းပြီး အပျင်းများမှုကြောင့် ဖြစ်တယ်ဆိုတဲ့ အဖြေထွက်ခဲ့ရင်.... ""၀ီရိယ၀တော ကိံနာမ နသဇ္ဈတိ= လုံလ၀ီရိယရှိသူမှာ မပြီးနိုင်သော အရာမရှိ"" ဆိုတာလေးကို လက်ဆောင်ပေးခဲ့ချင်ပါတယ်၊
     (၀ီရိယကောင်းဖို့ရန် တိုက်တွန်းသော်လည်း ဆင်ကန်းတော်တိုး သဘောမျိုးဖြင့် အကျိုးမများသော ၀ီရိယကို မဆိုလိုပါ၊ စဉ်းစာဥာဏ်ပါဝင်သော ၀ီရိယကိုသာ ဖြစ်စေလိုပါတယ်)
Thursday, August 25, 2011
သက်ဝင်လှုပ်ရှာဓာတ်ပုံများ
နွေရာသီ ယဉ်ကျေးမှု နှင့် အခြေခံကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာ သင်တန်းအပြီးတွင် ကလေးငယ်များကို ထိုင်းနိုင်ငံ ရနောင်းမြို့တွင် လေ့လာရေးခရီး မှတ်တမ်းဓာတ်ပုံကလေးများဖြစ်ပါသည်။
 ပုံမှန်ကျောင်းဖွင့်ချိန်တွင် ကျောင်းသားဦးရေ ၄၅၀ရှိပါသည်။ ထိုသင်တန်းတွင် ကျောင်းသား ကျောင်းသူအားလုံးပေါင်း (၈၀)ကျော် တက်ရောက်သင်ကြားပါသည်။
ဗုဒ္ဓ
အစွဲအလန်းကင်းကင်းနဲ့ ပြောကြေးဆိုရင် ဗုဒ္ဓပဲဖြစ်ဖြစ်၊ မဟာဝီရပဲဖြစ်ဖြစ်၊ သခင်ယေရှုပဲဖြစ်ဖြစ် အားလုံးဟာ ယနေ့ခေတ်အခါမှာသာ ပေါ်ပေါက်လာခဲ့မယ်ဆိုရင် အခုလို အဖွဲ့အစုခေါင်းဆောင်၊ သီးခြားဘုံသား၊ ပုဂ္ဂလိကအသင်းအပင်းတစ်ခုရဲ့ အကိုးကွယ်ခံ၊ မဟာတန်ခိုးရှင်ကြီးတွေ ဖြစ်လာမယ်မထင်ပါဘူး။ အမှန်တရားကို ရှာဖွေတင်ပြသူ၊ လူ့ဘောင်ငြိမ်းချမ်းမှုကို ဦးစီးတည်ဆောက်ပေးသူ၊ ကမ္ဘာ့အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးမျ
ား အဖြစ်ဖြင့်သာ နေရာရကြလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ပြောတဲ့တရားထက် ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကိုပဲ ရှေးတန်းတင်လာသူတွေကြာင့် မိမိတို့ သဘောကျရာ သဘောကျရာ ခေါင်းဆောင်တွေကို မိမိတို့အလိုကျ (ပြိုင်ဆိုင်လိုခြင်းနဲ့ အလွန်အားကိုးလိုခြင်းတို့ကြောင့်) ဖူးဖူးမှုတ်ရင်းက ဘုရားတွေဟာ အလွန်ကြီး၊ အလွန်ကျယ်၊ အလွန်မြင့်၊ အလွန်မြတ်သောပုဂ္ဂိုလ်ကြီးများ ဖြစ်သွားကြပြီး လူများစု လက်လှမ်းမမီနိုင် ဖြစ်ကုန်ကြပုံရပါတယ်။
ဒီလိုပြောလိုက်လို့ ဘုရားတွေကို အဆင့်လျှော့ချပစ်တယ်လို့ တစ်ချို့က ခပ်လွယ်လွယ် ထင်သွားကြမလားပဲ။ တကယ်က သူတို့ ရှာဖွေဖော်ထုတ်ခဲ့တဲ့ လမ်းညွှန်ချက်တွေကို လေ့လာကြည့်ရုံနဲ့တင် သူတို့ဟာ အဆင့်လျှော့ချလို့ မရတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ ထင်ရှာပြီး ဖြစ်နေပါပြီ။ ပြီး အခုလိုမျိုး အစွဲအလန်းကင်းကင်းနဲ့သာ ဘုရားတွေကို နားလည်လက်ခံခဲ့ကြမယ်ဆိုရင် သူတို့ဟာ ဒီထက်ပိုမို (အမြင်ရှင်းရှင်းနဲ့) လေးစားစရာကောင်းသောသူများပင် ဖြစ်လာနိုင်ပြီး သူတို့ရဲ့ ဓမ္မတွေဟာလည်း ကမ္ဘာ့လူသားထုကြားမှာ အခုထက်ပိုပြီး စူးရှထက်မြက်မယ်ဆိုတာ သေချာပါတယ်။ လျှပ်စစ်ဓာတ်ကို စတင်ဖော်ထုတ်ခဲ့သူကို ဘုရားလို မကိုးကွယ်ပေမယ့် သူဖော်ထုတ်ခဲ့တဲ့လျှပ်စစ်ကို ကမ္ဘာကြီးတစ်ခုလုံး အသုံးချနိုင်ကြသလိုနေမယ် ထင်ပါတယ်။
နောက်မှထပ်ဖြည့်ထားတဲ့ ကျမ်းဂန်တွေမှာ တန်ခိုးဣဒ္ဓိပါဒ်အကြောင်းတွေ၊ အံ့သြဘနန်းတွေ၊ ထူးဆန်းထွေလာတွေ ဘယ်လိုပဲ ရေးထားရေးထား သူကိုယ်တိုင်ပြောစကားနဲ့ သူ့ဖြစ်စဉ်တွေအရ ဗုဒ္ဓဟာ ရိုးရိုးလူသားတစ်ယောက်ဆိုတာ ထင်ရှားပါတယ်။ သူလိုငါလို မိန်းမနဲ့ ကလေးကိုလည်း ချစ်တယ်။ သူလိုငါလို လမ်းမှားလည်း လိုက်ဖူးတယ်၊ သူလိုငါလို အစာရေစာ ရှားပါးမှုလည်း ကြုံဖူးတယ်။ သူလိုငါလို သူများလုပ်ကြံတာ ခံရပြီး ဒဏ်ရာလည်း ရဖူးတယ်။ သူလိုငါလို အစားမှားပြီး သူလိုငါလိုလည်း ဖျားနာခဲ့ဖူးတယ်။ သူလိုငါလို စိတ်ပျက်တာမျိုးတောင် ရှိခဲ့ဖူးတယ်။ (သူ့တပည့်တွေ သူ့စကားနားမထောင်လို့ သူ တစ်ယောက်တည်း တစ်ခြားထွက်သွားတာမျိုး၊) ပြီး သူလိုငါလိုပဲ သေဆုံးသွားခဲ့တယ်။ မျက်မမြင်နောက်လိုက်တွေ ဇွတ်တရွတ် တွန်းတင်နေသလို သူဟာ အနန္တောအနန္တတန်ခိုးရှင်၊ ဆုတောင်းရင် ဖြည့်ပေးသူ၊ မျက်နှာလုပ်ရင် မြင်နှာလိုက်သူ၊ Super Human Being၊ စကြာဝဠာတစ်စင်းလုံးရဲ့အရှင်ကြီးတစ်ဆူ မဟုတ်ပါဘူး။
ဗုဒ္ဓဟာ An Ordinary Man With Extraordinary Wisdom ဖြစ်ပါတယ်။ ကိလေသာကနေ ဝေးသူ၊ ကိုယ်တိုင် တရားကို စတွေ့သူ၊ သီအိုရီနဲ့ လက်တွေ့ကို တစ်ထပ်တည်းကျအောင် နေသူ၊ စကားပြောချိုသူ၊ လောကရဲ့ အကြောင်းအကျိုးကို နားလည်သူ၊ လူတွေကို ဆိုဆုံးမတတ်သူ၊ ဆရာအဖြစ် တင်မြှောက်ခံနိုင်သူ၊ သစ္စာတရားကို သိထားသူ၊ ဘုန်းရှိန်ဝါကြီးသူ အသိဥာဏ် အဆင့်အမြင့်ဆုံး ရိုးရိုးလူသားတစ်ယောက် ဖြစ်ပါတယ်။။ လူတွေ မသိနိုင်တဲ့ အလယ်လမ်းကို သူ စဖောက်ခဲ့တယ်။ လူတွေ မမြင်နိုင်တဲ့အလင်းကို သူ စမြင်ခဲ့တယ်။ လူတွေ အိပ်မောကျနေချိန်မှာ သူ စနိုးကြားခဲ့တယ်။ ပြီး အားလုံးကို လက်ဆင့်ကမ်း ထွန်းညှိပေးရင်း လောကကို နိုးပေးခဲ့တယ်။ ဒီလောက်နဲ့တင် ဗုဒ္ဓဟာ ဗုဒ္ဓဖြစ်ဖို့ လုံလောက်နေပါပြီ။ (ဗုဒ္ဓ= သစ္စာလေးပါးကို သိသူ၊ နိုးကြားသူ၊ လူများကို နိုးကြားစေသူ၊ သိစေသူ။) ဒီထက်ပိုမိုပြီး လက်တွေ့မကျ၊ မမြင်ရတဲ့အရာတွေနဲ့ ဗုဒ္ဓအဖြစ်ကို မျက်စိမှိတ် အရောင်တင်နေဖို့ မလိုတော့ပါဘူး၊ ပြီး ဗုဒ္ဓကိုယ်တော်တိုင်ကလည်း အဲဒီလို မျက်မမြင်တွေရဲ့ ချီးမြှောက်ဂုဏ်တင်မှုမျိုးကို ကန့်ကွက်ပါတယ်။ သူကိုယ်တိုင်ရဲ့ ရပ်တည်ချက်ဟာ ဓမ္မကို လူများ နားလည်ရေးဖြစ်တဲ့အတွက် “ဓမ္မကို မြင်မှ ငါ့ကို မြင်ရမယ်” (ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။) လို့ ပြောခဲ့ဖူးပါတယ်။
ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံး ဗုဒ္ဓရဲ့ အတ္ထုပ္ပတ္တိအကျယ်ကို လူသားဗုဒ္ဓ ဆိုတဲ့ ဘလော့ဂ်မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
Wednesday, August 24, 2011
ဗုဒ္ဓဟောကြားတော်မူသော တရားတော်များထဲမှ လူယုတ်မာတို့၏ သဘောသဘာဝများ အကြောင်း
        ဗုဒ္ဓဟောကြားတော်မူသော တရားတော်များထဲမှ လူယုတ်မာတို့၏ သဘောသဘာဝများ အကြောင်း
တချို့သော သူတို့သည် မိမိကိုယ်တိုင်က ကိုယ်ကျင့်သီလမရှိ။ သူတပါးကိုလည်း မဆောက်တည်စေ။ ညစ်ပေယုတ်ညံ့သော စိတ်ရှိ၏။ အမျိုးကိုလည်း မချစ်တတ်၊ စောင့်သိအပ်သော သစ္စာတရားမရှိ။ ကိုယ်ကျိုးကိုသာ ကြည့်တတ်၏။ သူတပါး အကျိုးကို မသည်ပိုးတတ်၊ မိမိ၏ ဂုဏ်သိက္ခာ တိုးပွားရေးကိုသာ အလေးထားတတ်၏။ သူတပါး၏ ဂုဏ်သိမ်ကို ချိုးနှိမ်တတ်၏။ ဣနြေ္ဒမရှိသော ကျီးကဲ့သို့ သူတပါး၏ လာဘ်လာဘကို ကြားဖြတ်၍ ထိုးသုတ်တတ်၏။ မဟုတ်မမှန်ကို အဟုတ်အမှန် ဖြစ်အောင် လုပ်ကြံတတ်၏။ သူပြုဖူးသော ကျေးဇူးကိုလည်း မသိတတ်ချေ။
မိမိစိတ်နှင့် နှိုင်းယှဉ်၍ မြင်မြင်သမျှ လူမိုက်ချည်းသာ ထင်မှတ်နေတတ်၏။ အပြစ်ရှိသော အလုပ်ကို လုပ်ကိုင်ဆောင်ရွက် ခဲ့သော်လည်း ၀န်မခံတတ်ချေ။ ဆင်သေကို ဆိတ်သရေဖြင့် ဖုံးသကဲ့သို့ အရွဲ့တိုက်၍လည်း ကွယ်ဝှက်တတ်၏။ သာသည့်ဖက်သို့လည်း ကပ်တတ်၏။ မမြတ်သော တရားဖြင့် အမှားကို ခင်တွယ်တတ်၏။ ပရိသတ်အလယ်၌ သေးငယ်သောဂုဏ်ကို ပြောမကုန်နိုင်အောင် ဖေါ်ဆောင်ဝါကြွားတတ်၏။
ယုတ်မာသူကိုသာ ဆည်းကပ်တတ်၏။ မကောင်းသော အမြင်ရှိ၏။ မကောင်းသော အကြံကိုသာ ကြံတတ်၏။ မကောင်းသော စကားကို ဆိုတတ်၏။ မကောင်းမှုဖြင့် အသက်မွေးတတ်၏။
ယုံကြည်မှု၊ ကြည်လင်မှု သဒ္ဓါတရားမရှိ။ အရှက်အကြောက်မရှိ။ အကြားအမြင် နည်း၏။ ပျင်းရိတတ်၏။ သတိမေ့၍ ပညာကင်း၏။ အချင်းချင်း ရိုင်းပင်းမှု မရှိချေ။ သိမ်ဖျင်းသောစကား၊ ကြမ်းတမ်းသောစကားတို့ကို ပြောတတ်၏။ သူ့အသက်ကို သတ်တတ်၏။ မပေးသည်ကို ယူတတ်၏။ ကာမကို မှားယွင်းစွာ ပြုတတ်၏။ မိမိရရှိထားသည်တို့ကို သူတပါးတို့အား မပေးလို။ ၀န်တိုတတ်၏။
ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏။ ရမ္မက်ကြီး၏။ ကြမ်းကြုတ်၏။ သနားကရုဏာမရှိ။ အမြဲမြည်တွန်နေတတ်၏။ ပြစ်မှားတတ်၏။ ရန်ငြိုးဖွဲ့တတ်၏။ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်၏။ ငြူစူတတ်၏။ တွေဝေတတ်၏။ သတိသမ္ပဇဉ် ဥာဏ်နှင့်မယှဉ်တတ်။ တည်ကြည်မှုလည်း မရှိချေ။ အရာရာ၌ ခုန်မင်မက်မောခြင်းဟူသော အဘိဇ္ဈာ အားကြီး၏။ သူတပါးကို နှိပ်စက်လိုမှု ဗျာပါဒကြီး၏။ မိမိအတွက်ကိုသာ ကွက်၍ကြည့်တတ်၏။ တဖက်တည်းသာ မြင်၏။ အပြိုင်အဆိုင် ပြုတတ်၏။ စဉ်းလဲကောက်ကျစ်တတ်၏။ လှည့်ပတ်တတ်သော မာယာများ၏။ ကောင်းသောအကြံပေးခြင်းကို လက်မခံတတ်။ ဆုံးမရန် ခက်ခဲ၏။ အိနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိ၏။
မိမိကိုယ်တိုင်လည်း ပူပန်ဆင်းရဲ၏။ သူတပါးတို့ကိုလည်း ပူပန်ဆင်းရဲ စေတတ်၏။ မြတ်သောတရားနှင့် မယှဉ်တတ်။ အလိုဆိုး ရှိသည်ဖြစ်၍ မတရားသဖြင့် ဦးဆောင်လမ်းညွှန်တတ်၏။
အနှစ်မရှိသော ကျူပင်ကဲ့သို့ အချည်းနှီး တတ်ကြွ၏။ ထောင်လွှား၏။ လျပ်ပေါ်လော်လီ၏။ နုတ်ကြမ်း၏။ ပြန့်ကျဲသော စကားရှိ၏။ သတိလွတ်ကင်း၏။ ဆင်ခြင်ဥာဏ်လည်းမရှိ။ မတည်ကြည်၍ တုန်လှုပ်သော စိတ်လည်းရှိ၏။ အဓွန့်မရှည်သော အလုပ်တို့နှင့် ပြည့်စုံ၏။ တဖက်သား၏ ကောင်းကျိုးကို အလိုလို ၀န်တိုတတ်၏။ သူတပါးကို မတရားခြိမ်းခြောက်တတ်၏။ ချုပ်ချယ်တတ်၏။ မိမိကိုယ်ကို နှစ်မြုပ်၏။ သူတပါးကိုလည်း နှစ်မြုပ်စေ၏။ မကောင်းမှုကို ပေါ်ပေါ်လွှင်လွှင် ပြုတတ်၏။ ဖေါ်ထုတ်၏။ ပြိုင်ပွဲပင် ပြုလုပ်ပေးတတ်၏။
အယုတ်တရားတို့နှင့် ပြည့်စုံသော သူတို့သည် ဥာဏ်ပညာ အတွေးအခေါ် အားနည်းကြကုန်သော သူတို့အား လာဘ်လာဘ အခွင့်အရေး စသည်တို့ကို ကောင်းမွန်စွာပေး၍ တပည့်အဖြင့် စည်းရုံးပြီးလျှင် အင်အားပြတတ်ကြ၏။
အရှိန်အ၀ါကို အသုံးချတတ်၏။ ရက်စက်တတ်၏။ အဆိပ်ပြင်း၏။ မစင်သည် အနည်းငယ်ပင် ဖြစ်ပါသော်လည်း မကောင်းသော အနံ့ကား ကြီးကျယ်ပြန့်ပွား တတ်သကဲ့သို့ ယုတ်မာသော စိတ်ရှိသူ၏ ဂုဏ်သတင်းတို့သည်လည်း လွယ်ကူစွာ ကျယ်ပြန့်တတ်ကုန်၏။ ဖားသည် အသံကြောင့် သေသကဲ့သို့ ယုတ်မာသူတို့သည်လည်း ယင်းကျော်ကြားသော ဂုဏ်သတင်းကြောင့်ပင် ပျက်စီးတတ်ကြကုန်၏။ (ပျက်စီးရမည်သာတည်း)
(ပုဂ္ဂလ ပညတ်ပါဠိတော် / စတုက္က ပုဂ္ဂလ ပညတ်
Monday, August 22, 2011
မှတ်စုများ
  1. မွေးနေ့တနေ့သည် နေကို တစ်ပါတ် ပတ်သည့် ခရီးစဉ် ၃၆၅ ရက်၏ ပထမဆုံးနေ့ တစ်နေ့ဖြစ်သည်။ ခရီးစဉ်လေးမှာ သင့်အား ပျော်ရွှင်ပါစေ ။
    A birthday is just the first day of another 365-day journey around the sun. Enjoy the trip.
  2. သင်၏ မွေးနေ့ဆိုသည်မှာ လောကကြီးအတွက် သင် ပေးလိုက်သည့် အချိန်လက်ဆောင် ပင်ဖြစ်သည်။
    Your birthday is a special time to celebrate the gift of 'you' to the world.
  3. ကျွန်ုပ်တို့၏ မွေးနေ့များသည် ကျယ်ပြန့်လှသော အတောင်ပံကြီးထဲမှ အမွှေးတောင်လေးများ ဖြစ်သည်။
    Our birthdays are feathers in the broad wing of time.
  4. ကိတ်မုန့်ဖိုးထက် ဖယောင်းတိုင် ဖိုးက ပိုကုန်ပြီဆိုလျှင် သင် အိုလာပြီဆိုတာကို သိတော့။
    You know you are getting old when the candles cost more than the cake. (Bob Hope)
  5. သင်ပိုအိုလာခြင်း မဟုတ်။ သင်ပိုတော်လာခြင်းသာဖြစ်သည်။
    You're not getting older, you're getting better.
  6. အစဉ်နုပျိုနေခြင်း၏ လျှို့ဝှက်ချက် = ရိုးရိုးကျင့်၊ ဖြည်းဖြည်းစား၊ အသက်ကို လိမ်ညာပြော။
    The secret to staying young is to live honestly, eat slowly, and lie about your age. (Lucille Ball)
  7. မည့်သည့် ပညာရှိ တဦးတယောက်ကမှ အသက်ပိုမငယ်ချင်ကြ။
    No wise man ever wished to be younger. (Jonathan Swift)
  8. အသက် ၄၀ ဆိုတာ လူငယ်ဘဝရဲ့ကြီးရင့်ချိန်။ အသက် ၅၀ ဆိုတာ လူကြီးဘဝရဲ့ နုပျိုချိန်။
    Forty is the old age of youth, fifty is the youth of old age. (Hosea Ballou)
  9. အသက်အရွယ်ဆိုသည်မှာ သင်ဘယ်လောက် တန်ဖိုး ရှိသလဲဆိုသည်ကို တိုင်းတာ ဆုံးဖြတ်သည့် အရာ တစ်ခု ဖြစ်သည်။
    Age is how we determine how valuable you are. (Jane Elliot)
  10. အသက်ကြီးလေ အဖိုးတန်လေပါပဲ။
    Old is gold.
  11. အသက်အရွယ်ဆိုသည်မှာ ရင်ကျင့်မှု့အတွက် ပေးဆပ်လိုက်ရသည့် အလွန်တန်ဖိုးကြီးသည့် အရာပင် ဖြစ်သည်။
    Age is a very high price to pay for maturity. (Tom Stoppard)
  12. လူကြီးများသည် ယုံလွန်းကြ၏၊ လူလတ်တို့သည် အရာရာကို သံသယဖြစ်တတ်ကြ၏၊ လူငယ်များက အရာရာကို ပိုသိမြင်တတ်ကြ၏။
    The old believe everything; the middle aged suspect everything: the young know everything.(Oscar Wilde)
  13. လူကြီးတို့သည် စဉ်းစားကြ၏။ လူငယ်များသည် စွန်.စားကြ၏။
    Age considers; youth ventures. (Rabindranath Tagore)
  14. ရင့်ကျက်မှု့ ဆိုသည်မှာ သင်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံနှင့် ယင်းအတွေ့အကြုံမှ ဘာတွေ သင်ယူရရှိခဲ့တယ်ဆိုတာတွေနှင့် သက်ဆိုင်သည်။ မွေးနေ့ဘယ်နှစ်ကြိမ် ဖြတ်ကျော်ခဲ့ပြီးပြီ ဆိုတာနဲ.တော့ အနည်းငယ်လောက်သာ သက်ဆိုင်သည်။
    Maturity has more to do with what types of experiences you've had, and what you've learned from them, and less to do with how many birthdays you've celebrated.
  15. အမှန်တကယ် လိမ်မာပါးနပ်သည့် ယောင်္ကျားတယောက် သည် အမျိုးသမီးဦး၏ မွေးနေ.ကို အစဉ် သတိရနေတတ်ပြီး သူမ ၏ အသက်ကို မေ့လျော့ထားတတ်သူဖြစ်သည်။
    A diplomat is a man who always remembers a woman's birthday but never remembers her age. (Robert Frost)
  16. သင်မပြောင်းနိုင်သည့် အတိတ်ကို မေ့လိုက်ပါ။
    သင်ကြိုတင်ခန့်မှန်းလို့မရနိုင်သည့် နာဂါတ်ကိုလည်း မေ့လိုက်ပါ။
    "Forget about the past, you can't change it.
    Forget about the future, you can't predict it.
  17. ဒီနေ့ဆိုတာ မနေ့တုန်းက သင်စိုးရိမ်နေခဲ့တဲ့ မနက်ဖန်ဆိုတာပဲ။
    Today is the yesterday you worried about tomorrow.
  18. အသက်အရွယ် ရလာသည့် လူတယောက်အတွက် တခြားအရာတွေထက် အရေးကြီးသည်မှာ ကျန်းမာရေး နှင့် ငွေကြေးဖြစ်သည်။
    After you're older, two things are possibly more important than any others: health and money.
    (Helen Gurley Brown)
  19. မည်သည့်အသက်အရွယ်ဖြစ်စေ လေ့လာဆည်းပူးခြင်းမရှိတော့သည့် သူတစ်ယာက်သည် အိုမင်းရင့်ရော်သွားပြီး ဆက်လက်လေ့လာ သင်ယူနေသူတိုင်းမှာ နုပျိုနေကြသည်။ ဘဝမှာ အရေးကြီးဆုံးက စိတ် နုပျိုအောင် ထိန်းသိမ်းထားဖို.ပါပဲ။
    Anyone who stops learning is old, whether at twenty or eighty. Anyone who keeps learning stays young. The greatest thing in life is to keep your mind young. (Henry Ford)
  20. မည်သူမျှ ကိန်းဂဏာန်းတွေကို ဖြတ်ကျော်ရုံသက်သက် အသက်ရှင်ကြီးပြင်းလာကြခြင်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့၏ အတွေးအခေါ်အယူအဆများကို ချန်ထားခဲ့ရင်း ကြီးပြင်းလာကြတာပါ။ ခုနှစ် သက္ကရာဇ် တို့သည် အရေပြားများကို ရှုံတွစေသည်။ ဤသို့ပင် ကျွန်ုပ်တို့၏ စိတ်ဝင်စားမှု့များကို စွန့်လွှတ်ခြင်းသည် ကျွန်ုပ်တို့၏ စိတ်များကို ရွှုံ့တွစေသည်။
    Nobody grows old merely by living a number of years. We grow old by deserting our ideals. Years may wrinkle the skin, but to give up enthusiasm wrinkles the soul. (Samuel Ullman)
  21. အိုမင်းရင့်ရော်မှု. ( သို.မဟုတ်) ဇရာ ဆိုသည်မှ ရှောင်လွှဲလို.မရပေ။ သို့သော် ရင့်ကျက်မှု.ဆိုသည်ကို သင်ရွေးချယ်နိုင်သည်။
    Growing old is mandatory; growing up is optional. (Chili Davis)
  22. ကျွန်ုပ် အသက်အရွယ် ကြီးလာချိန်တွင် လူတွေ ဘာပြောတယ်ဆိုတာ ထက် သူတို. ဘာလုပ်တယ်ဆိုတာကိုပဲ ပိုအလေးထား စောင့်ကြည့်တော့၏
    As I grow older, I pay less attention to what men say. I just watch what they do. (Andrew Carnegie)
  23. ဇရာဆိုသည်မှာ အခြေအနေပေါ်မှာ ထားရှိသည့် စိတ်ဖြစ်တည်မှု့ဖြစ်သည်။
    Age is an issue of mind over matter. If you don't mind, it doesn't matter. (Mark Twain)
  24. ကျွန်ုပ် ဘယ်တော့မှ အိုသွားမှာ မဟုတ်ပါဘူး။ ကျွန်ုပ်အတွက်တော့ အိုမင်းရင့်ရော်ချိန်ဆိုတာ ကျွန်ုပ်အသက်ထက် အမြဲတမ်း ၁၅ နှစ်ကြီးနေလို့ပါပဲ။
    I will never be an old man. To me, old age is always 15 years older than I am. (Francis Bacon)
  25. အိုမင်းရင့်ရော်လာချိန်တွင် သက်တောင့်သက်သာ နေနိုင်ခြင်းသည် လူငယ်ဘဝကို ကောင်းကောင်း (အကျိုးရှိရှိ) အသုံးပြုခဲ့ခြင်း၏ ရလာဒ်ဖြစ်သည်။
    A comfortable old age is the reward of a well-spent youth. (Maurice Chevalier)
  26. မွေးနေ့ နှစ်တရာတိုင်ပါစေ။ သင် နောက်ဆုံးကြားရမည့် အသံက ကျွန်ုပ်၏အသံဖြစ်ပါရစေ။
    May you live to be 100 and may the last voice you hear be mine. (Frank Sinatra)
ကောသလအိပ်မက်(၁၆)ချက်
ဘုရားရှင် လက်ထက်တော်မှာ ကောသလမင်းကြီးက အိပ်မက် ၁၆ချက် မက်တော့ ဘုရားရှင်ထံ မေးမြန်းရာ
မြတ်စွာဘုရားရှင်က ပြန်လည်ဖြေကြားတော်မူခဲ့တဲ့ အိပ်မက်တစ်ဆယ့်ခြောက်ချက်ပါ။
အဆိုပါ အချက် ၁၆ချက်က နောင်အနာဂတ်မှာ ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။ အခုဆိုရင် အချို့ အချက်တွေ ဖြစ်ပေါ်နေပြီလို့ ဆိုနိုင်နေပါတယ်။
အဆိုပါ အိပ်မက် ၁၆ ချက်ကတော့ .  . . အောက်ပါအတိုင်းဖြစ်ပါတယ်။အဲဒီ တစ်ဆယ့်ခြောက်ချက်ကို ဖတ်ပြီး ဘယ်အချက်တွေက ယခုခေတ်ကာလမှာ ဖြစ်နေကြပြီဆိုတာ စဉ်းစားကြည့်ကြပါ။
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥသဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည် ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်၏။
နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကာက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြကုန်၏။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး သားမက် ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍
လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်ကုန်၏။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ၀ါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ
အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။
လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားကုန်၏။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်၏။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ
မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စားကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေ၏။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌
တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။
 နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။
(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားကုန်၏။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်ကုန်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုကုန်၏။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြကုန်၏။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီးစသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်လတ္တံ့။
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြကုန်၏။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်းကြကုန်လတ္တံ့။ဖော်ပြခဲ့ပြီးတဲ့ အချက်(၁၆)ချက် ထဲမှာ ယခုခေတ် ဘယ်လိုအချက်တွေဖြစ်နေကြပြီဆိုတာ အားလုံးသိကြမှာပါ။
ကိုးကား
အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ငါးရာ့ငါးဆယ် ကောက်နုတ်ချက်များ (ပထမတွဲ)
တောင်းပန်ခြင်း
`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။