This is default featured slide 1 title
ဆရာတော်ကြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်မှပေးအပ်သော ဒေါက်တာဘွဲ့ကို ထိုင်းနိုင်ငံ သံဃာ့ရာဇာဆရာတော်ထံမှ လက်ခံစဉ်။
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 6 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 6 title
ကလေးငယ်များ တရားထိုင်နေကြပုံ.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Pages
Thursday, October 20, 2011
မြန်မာ့ရိုးရာ ညင်းတူရိယာ
“သံသာ မြလေး
သီကြွေး ညှင်း စောင်း
မိချောင်း စည်းဆုပ်”
ပုဂံမြို့ဟောင်း ဓမ္မရာဇိက ဘုရားနံရံ မင်စာ လင်္ကာ
အနောက်ဖက်လွန်မင်း လက်ထက်
အင်းဝခေတ် (မြန်မာ သက္ကရာဇ် ၉၆၇-၉၉ဝ)
ဒီကနေ့ မြန်မာ့ရိုးရာ တူရိယာတွေထဲက တိမ်ကော ပျောက်ကွယ်သွားပြီဖြစ်တဲ့ ‘ညင်း’ တူရိယာ ကို ရှေးစာတွေမှာ ညင်း၊ ညှင်း၊ ငြင်း၊ ငြှင်း စာလုံးပေါင်း အမျိုးမျိုးနဲ့ တွေ့ရပါတယ်။
‘ညင်း’ စာလုံးရဲ့ အဓိပ္ပာယ်က သာယာညင်းပျောင်း ငြိမ့်ညောင်းတယ်လို့ ဆိုလိုတာပါပဲ။ အဲဒါကြောင့် ‘ညင်း’ တူရိယာ က သာသာယာယာ ညင်းညင်း ငြိမ့်ငြိမ့် တီးမှုတ်ရတဲ့ တူရိယာတမျိုး ဖြစ်နိုင်ပါတယ်။
“ပိန်ပေါင် ခရာ၊ စည်ဒုပ္ပာသည်
ပတ်သာ မြို့လုံးခြုံမျှ
ကချီခုန် ပတ်တလား စောင်း ညှင်း ခြိမ်းသံ”
သီတင်းကျွတ်လ ရတု
ရခိုင်စာဆို စိန်တင်ရွာစား ဥက္ကာပျံ
(မြန်မာ သက္ကရာဇ် ၉၂ဝ-၉၈ဝ)
“စာပေ ဝတ္ထု၊ ရတု ကဗျာ
သာသည့် သီချင်း
အဲ စောင်း ငြင်းကို
မကင်းမပြတ်၊ ဖတ်ရွတ် လေ့ကျက်
တီးမှုတ်လျက်သာ နေကောင်းစွာ”
ဝန်ကြီး ပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)
ညောင်ရမ်းခေတ်
ကုန်းဘောင်ခေတ် နံရံဆေးရေးပန်းချီ
အာနန္ဒာ အုတ်ကျောင်း၊ ပုဂံမြို့ဟောင်း
မြန်မာသက္ကရာဇ် ၁၁၃၇ ခုနှစ် ပုဂံမော်ကွန်းထိန်း ဥတ္တနရာဇာ ရဲ့ ကောင်းမှု ပုဂံမြို့ဟောင်း အာနန္ဒာ အုတ်ကျောင်းထဲက ကုန်းဘောင်ခေတ်လက်ရာ နံရံဆေးရေးပန်းချီ တကွက်မှာ ညင်းတူရိယာ လို့ ယူဆနိုင်စရာ လေမှုတ်တူရိယာတခု မှုတ်နေပုံကို တွေ့ရပါတယ်။
မြဝတီမင်းကြီး ဦးစ ရေးခဲ့တဲ့ ပရမေသီရိ ဘွဲ့သီချင်းမှာပါတဲ့ တခြားတူရိယာတွေက ငွေခရု၊ ခရာ၊ ပြွေလေမှုတ်တူရိယာအုပ်စုဝင်တွေဆိုတော့ ညှင်း ကလည်းပဲ လေမှုတ်တူရိယာတခုဖြစ်နိုင်ပါတယ်။
“ရိုက်ကြွေးငယ် ပဉ္စင်လေ အေးခြိမ့်မြူး
ခရာ ပြွေ ညှင်း
ငွေမင်းမြတ် သိင်္ခါငယ်ကို”
ပရမေသီရိ ဘွဲ့
မြဝတီမင်းကြီး ဦးစ
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၂၁၅)
ကုန်းဘောင်ခေတ် ဒုတိယပိုင်း
မြဝတီမင်းကြီး ဦးစ နဲ့ ခေတ်ပြိုင်စာဆို မုံရွေးဆရာတော် ရေးသားခဲ့တဲ့ နာရဒပျို့ထဲက ငြိမ့်ညောင်းညင်သာ အငြိမ့်တူရိယာ ခြောက်မျိုးမှာ ညင်းတူရိယာ ပါဝင်ပါတယ်။ အဲဒီ ပျို့ကို ကုန်းဘောင်ခေတ် ဒုတိယပိုင်း ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်း လက်ထက်မှာ ရေးသားခဲ့ပါတယ်။ အဲဒါကြောင့် အင်းဝခေတ် တောင်ငူခေတ် ညောင်ရမ်းခေတ်လောက်မကဘဲ ကုန်းဘောင်ခေတ်လောက်အထိ ညင်းတူရိယာကို သုံးစွဲတီးမှုတ်နေသေးတယ်လို့ မှန်းဆရပါတယ်။
“စောင်း ညင်း မိချောင်း
အောင်းကလေးတခြား ပတ္တလား နှင့်
လက်ဖျားသံနှော တယော ဟူသည်
ခြောက်မည် ငြိမ့်မျိုး”
နာရဒပျို့
မုံရွေးဆရာတော်
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆) 
ကုန်းဘောင်ခေတ် အငြိမ့် တူရိယာရှင်များ
 နံရံဆေးရေးပန်းချီ
“နှဲ နှင့် ရွှေတံမြွာ
ဆေးလေး ညီညာ
သင်္ခါလေ ငါးမည်
ညှင်းညှင်း တံရှည် ကျူး”
စိမ်းလဲ့လဲ့ညိုပြာ ဖောင်ဆိုက်ကြိုး
မြဝတီမင်းကြီး ဦးစ
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၂၁၅)
“ညှင်းညှင်း ပဉ္စင် ရွှေတံမြွာ
ကျူးအေး ကျူးအေး”
အလွမ်းဘွဲ့ မွန် ၁၂ ခန်း
ပြင်စည်မင်းသားကြီး
(မြန်မာသက္ကရာဇ် ၁၁၇၅-၁၂၂၄)
မြန်မာ သက္ကရာဇ် ၁၂၃၅-၁၂၆၆ ခုနှစ် အတွင်း မန်လည်ဆရာတော်ကြီး ရေးခဲ့တဲ့ မဃဒေဝ လင်္ကာသစ် အရ လေမှုတ်တူရိယာ တံပိုး ၈ မျိုး ကို ခွဲခြားပြဆိုရာမှာ ဘယ်လိုတူရိယာမျိုးတွေပဲလို့ နာမည်နဲ့တကွ ပြနိုင်စရာ အထောက်အထား ရှာဖွေမတွေ့ရပါ။ မဟာရာဇဝင်ကြီးထဲမှာလည်း မူကွဲတချို့ကိုတွေ့ရပါသေးတယ်။ အဲဒီ တူရိယာတွေကို စာပေကျမ်းဂန်တွေထဲမှာ မှတ်တမ်းတင်ထားခဲ့တာကြောင့် တချိန်တခါတုန်းကတော့ မြန်မာ့ဂီတနယ်ပယ်မှာ သုံးစွဲခဲ့တာ အမှန်ပါပဲ။
“တံပိုး ရှစ်မည်၊ ဟူတုံသည်လည်း
သံစည် ငြိမ့်ညောင်း၊ ဒုလောင်း တဖုံ
နှစ်စုံ ခရာ၊ တံမြွာ တံရှည်
အမည်တကွဲ၊ နှဲ ပြွေ ဖက်လိပ်”
မဃဒေဝ လင်္ကာသစ်
မန်လည်ဆရာတော် အရှင်ဇဝန
(မြန်မာ သက္ကရာဇ် ၁၂ဝ၃-၁၂၈၂)
တံပိုး ၈ မျိုးအထဲမှာ တံမြွာ နဲ့ တံရှည် ဆိုတာကို တွေ့ရပါတယ်။ တံမြွာ ဆိုတာ လက်တံ အမြွာနှစ်ခုပါတဲ့ ပလွေတမျိုးဖြစ်တယ်လို့ မှတ်သားရဖူးပါတယ်။ တံရှည် ဆိုတာကတော့ မြဝတီမင်းကြီး ဦးစ က ‘ညှင်းညှင်း တံရှည် ကျူး’ လို့ ဖွဲ့ဆိုခဲ့တဲ့ လက်တံ ရှည်တွေနဲ့ ညင်းတူရိယာ ကို ခေါ်သလားလို့ မှန်းဆမိပါတယ်။
အဲဒီလိုပဲ နံရံဆေးရေးပန်းချီတွေ နဲ့ စာပေကျမ်းဂန်တွေထဲမှာ အများအပြား တွေ့ရပေမယ့် ဒီကနေ့မှာတော့ မြန်မာ့ရိုးရာ ညင်းတူရိယာ တကယ့်ပစ္စည်းအစစ်ကို မြင်ဖူးရုံတောင်မှ မြင်ဖူးဖို့ မဖြစ်နိုင်တော့ပါ။
ရတနာပုံခေတ်နှောင်း သီပေါဘုရင် ပါတော်မူပြီးချိန်အထိ ညင်းတူရိယာ ကို တွင်တွင်ကျယ်ကျယ်မဟုတ်တောင်မှ မှုတ်တတ်တဲ့သူရှိနေဆဲ၊ မြန်မာ့ဂီတမှာ သုံးစွဲနေဆဲအချိန်ကာလ ဖြစ်လိမ့်မယ်လို့ မှန်းဆနိုင်ပါတယ်။
ခရစ် သက္ကရာဇ် ၁၉၁၇ ခုနှစ် လင်းပင်မင်းသားကြီး အိန္ဒိယပြည်ကိုမသွားခင် သူ စုဆောင်းထားတဲ့ တူရိယာတွေကို ပေးကမ်းခဲ့တုန်းက စောင်း၊ ညှင်း နဲ့ တယော တို့ ပါဝင်ကြောင်းကို လူထုဒေါ်အမာရေးတဲ့ မြန်မာ့မဟာဂီတ စာအုပ်မှာ တွေ့ရပါတယ်။ နောင်အခါမှာ လင်းပင်မင်းသားကြီး ရဲ့ သားမက်တော်စပ်လာခဲ့တဲ့ ဦးခင်မောင်ဒွေး က အဲဒီ ညှင်းတူရိယာကို မြင်ဖူးလိုက်ပေမယ့် မသုံးတတ်တာကြောင့် ယူမထားမိလိုက်ဖူးလို့ ပြောပါသတဲ့။
လင်းပင်မင်းသားကြီး ရဲ့ ညှင်းတူရိယာ က ဘူးသီးခြောက်ကို အပေါက်ဖောက်၊ ဝါးလက်တံ နှစ်ခု တပ်ထားပြီး မှုတ်ရမယ့်နေရာကတော့ နှဲ လိုပဲ အခင် ပါကြောင်းကို သိရပါတယ်။ ဝါးလက်တံ နှစ်ခု မှာ အပေါက် ၃ ပေါက်စီပါပြီး စစ်စီး သားရိုးကိုင် ရွှေချထားလို့ ဘူးသီးခြောက်ကို လုပ်ထားမှန်းတောင် မသိနိုင်ဘူးလို့ ပုံဖော်ပြောကြားကြောင်း မှတ်သားရပါတယ်။ အထက်မှာ တင်ပြထားတဲ့ နံရံဆေးရေးပန်းချီတွေထဲက ပုံတွေနဲ့တော့ ကွဲပြားလိမ့်မယ်လို့ ထင်ရပါတယ်။ ရှေးစာတွေထဲက တံမြွာ တူရိယာပဲလားလို့လည်း မှန်းဆရပါတယ်။
အိန္ဒိယ၊ ပါကစ္စတန်ပြည်က မြွေအလမ္မယ်ဆရာတွေ သုံးလေ့ရှိတဲ့ Pungi နဲ့ တရုတ်ပြည် တောင်ပိုင်းက Hulusi ဘူးသီးခြောက်ပလွေတွေလိုပဲ ဝါးလက်တံ နှစ်ခုကို အလျားလိုက် တည့်တည့် တပ်ထားသလား၊ တောင်ပိုင်း တရုတ်၊ လားဟူ၊ လီဆူး လူမျိုးစုတွေရဲ့ Naw/Hulusheng ခေါ် ဘူးသီးခြောက်ပလွေလို ဘူးသီးခြောက်အပေါ်မှာ ဝါးလက်တံ နှစ်ခုကို ထောင်လိုက် တပ်ထားသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်ပါ။
Pungi ဘူးသီးခြောက်ပလွေ
(အိန္ဒိယ၊ ပါကစ္စတန်) 
Hulusi ဘူးသီးခြောက်ပလွေ
(တရုတ် ပြည်တောင်ပိုင်း) 
Naw/Hulusheng ဘူးသီးခြောက်ပလွေ
(တောင်ပိုင်း တရုတ်၊ လားဟူ၊ လီဆူး) 
မြန်မာ့ ဘူးသီးခြောက်တူရိယာ (၁၉ ရာစု)
‘ကမ္ဘာ့ ရိုးရာ တူရိယာများ’ စုဆောင်းမှုတခုမှာ ‘၁၉ ရာစု၊ မြန်မာ့ ဘူးသီးခြောက်တူရိယာ’ လို့ မှတ်တမ်းတင်ထားတဲ့ ဘူးသီးခြောက်တူရိယာကိုတော့ သုတေသန ဆက်လုပ်ဖို့ လိုနေပါသေးတယ်။ ဘယ်အရပ်၊ ဘယ်ဒေသက ရရှိပြီး ဘယ်သူတွေ တီးမှုတ်ကြောင်း မှတ်တမ်းကိုတော့ မတွေ့ရပါ။
တပ်အပ်သေချာ မပြောနိုင်ပေမယ့် မြန်မာ့ညင်းတူရိယာ က အဲဒီ ဘူးသီးခြောက်ပလွေမျိုးတော့ ဟုတ်ကောင်းမှ ဟုတ်ပေလိမ့်မယ်။ ရှေးမြန်မာတွေက မြန်မာရိုးရာ တူရိယာတွေကို အခြေခံပစ္စည်းအရိုင်းအတိုင်း ထားလေ့မရှိကြဘဲ စစ်စီးသုတ်၊ မှန်စီ ရွှေချ အလှဆင်တတ်တဲ့ အလေ့အထရှိပါတယ်။
ထူးခြားတာကတော့ ပုံကို သေသေချာချာကြည့်ရင် အဲဒီ ဘူးသီးခြောက်တူရိယာ မှုတ်ရမယ့်နေရာမှာ နှဲ လိုပဲ အခင် တခု ပါနေကြောင်းကို တွေ့ရပါမယ်။
အာရှတိုက် လူမျိုးစုတွေရဲ့ အခင် အုပ်စုဝင် ဘူးသီးခြောက်တူရိယာ အင်္ဂါရပ်တွေမှာ အနည်းနဲ့ အများ တူညီချက်တွေရှိကြတယ်။ တူရိယာ ရဲ့ လေလှောင်ခန်း (wind chamber/wind chest) အဖြစ်လုပ်ထားတဲ့ ဘူးသီးခြောက်၊ ဝါးလုံး၊ သစ်သားထွင်းအိုး တခုခုအထဲက ဝါးပြွန်လုံး တလုံးစီမှာ လွတ်လွတ်လပ်လပ် တုန်ခါစေနိုင်တဲ့ အခင်မျိုး (free reed) တခုစီ ထည့်ထားလေ့ရှိကြတယ်။ အဲဒီ ဝါးလုံးငယ်ကလေးတွေရဲ့ အပြင်ဘက်မှာလည်း လေပေါက်ငယ် တခုစီပါကြတယ်။ တူရိယာမှုတ်တဲ့အခါ အဲဒီ လေပေါက်ငယ်တွေကို ပိတ်လိုက် ဖွင့်လိုက် လုပ်ရာက အသံစဉ်တွေ ထွက်လာပါတယ်။
လေလှောင်ခန်း၊ ဝါးပြွန်တွေနဲ့ လေပေါက်တွေ
Khene/Khaen (ထိုင်းလင်း)
Mbuat(ဗီယက်နမ်) 
Engkerurai/Keluri/Keledi
(ဘော်နီယိုကျွန်း၊ အင်ဒိုနီးရှား) 
Sumpoton
(Dusun လူမျိုးစု) (မလေးရှား)
Gaeng/Qeej (Hmong လူမျိုးစု)
(တောင်ပိုင်း ထိုင်းလင်း၊ လာအို) 
Sho (ဂျပန်) 
Cheng (တရုတ်) 
Khene/Khaen (ထိုင်းလင်း)
Ken (ကမ္ဘောဒီယား)၊ Kaen (လာအို)
အိမ်နီးချင်း ထိုင်းလင်း၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတွေက ဆင်တူ တူရိယာနဲ့ မြန်မာ့ ညင်းတူရိယာ တို့ ဆက်စပ်မှုရှိကြသလား ဆိုတဲ့ မေးခွန်းအတွက်ကိုလည်း ဆက်လက် သုတေသနလုပ်ဖို့ အများကြီးလိုနေပါသေးတယ်။ မြန်မာ့ ညင်းတူရိယာ တခုတလေများ တွေ့လိုက်ရရင်တော့ ပျောက်နေတဲ့ ကွင်းဆက်ကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။
ခရစ်နှစ် ၁၉ဝ၂ အတွင်းက Kaen ပညာရှင်၊ ဗုံ တီးသူ နဲ့ ကချေသည်များ (လာအို) 
Khaen/Ken/Kaen တူရိယာ ကို မြန်မာ့ရိုးရာ ပန်းချီအမြင်သဘောအရ နည်းနည်း ကွေးညွှတ်ပြီး ရေးဆွဲကြည့်လိုက်မယ်ဆိုရင် ကုန်းဘောင်ခေတ် နံရံဆေးရေးပန်းချီထဲက လေမှုတ်တူရိယာနဲ့ တော်တော်ပဲ နီးနီးကပ်ကပ် ဆင်တူနေကြောင်း တွေ့ရပါလိမ့်မယ်။
ပုဂံမြို့ဟောင်း အာနန္ဒာ အုတ်ကျောင်း၊ မြန်မာသက္ကရာဇ် ၁၁၃၇
နံရံဆေးရေးပန်းချီ ကို ကူးယူထားတဲ့ အဝတ်ပန်းချီ
ကုန်းဘောင်ခေတ် နံရံဆေးရေးပန်းချီမှာပါတဲ့ လေမှုတ်တူရိယာက စကေးကိုက် အချိုးကျကျ မှတ်တမ်းတင်ထားပုံမျိုး မဟုတ်ပေမယ့် Khaen/Ken/Kaen တူရိယာတွေနဲ့ ဆင်တူ မူကွဲ တူရိယာတမျိုးဖြစ်တဲ့ မြန်မာ့ရိုးရာ ညင်း တူရိယာ ဖြစ်နိုင်စရာရှိတယ်လို့ ခန့်မှန်း ယူဆကြည့်မိပါတယ်။
အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း
  • (၁) မဟာဂီတ၊ ပ၊ ဒု၊ တ-တွဲ ပေါင်းချုပ်၊ နိုင်ငံတော်မူ၊ ပဉ္စမ အကြိမ်၊ ဒီဇင်ဘာလ၊ ၁၉၉၇
  • (၂) အခြေခံ ကြိုးသီချင်း တဆယ့်သုံးပုဒ် အဖွင့်၊ ဦးဂုဏ်ဘဏ် နှင့် နန်းညွန့်ဆွေ၊ အောက်တိုဘာလ၊ ၁၉၇၁
  • (၃) ဂီတဝိသောဓနီကျမ်း၊ မောင်မောင်လတ်၊ ဆဋ္ဌမအကြိမ် ပုံနှိပ်၊ မေလ ၁၉၉၄
  • (၄) မြန်မာစာပေသမိုင်း၊ ဦးဖေမောင်တင်၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်
  • (၅) မြန်မာ့မဟာဂီတ၊ လူထုဒေါ်အမာ၊ ဇွန်လ၊ ၁၉၈၉
  • (၆) www.asza.com
  • (၇) www.librarymusicians.com
  • (၈) www.wikipedia.org
မိုးမခဆိုက်မှ - ရန်ဝင်း (တောင်တံခါး) ၏ ပို့စ်ကို မူရင်းအတိုင်း ကူးယူတင်ဆက်သည်။
Wednesday, October 19, 2011
လေးစားကြည်ညိုခြင်း ၄-မျိုး
မင်္ဂလာသတင်းစဉ် မှ ကူးယူဖော်ပြပါသည်။
ဗုဒ္ဓဘာသာဝင် သူတော်စဉ်အပေါင်း လေ့လာကြပါကုန်..........
လေးစားကြည်ညိုခြင်း ၄-မျိုး
လောက၌ သတ္တ၀ါအများ၏ လေးစားခြင်း ကြည်ညိုခြင်း အားကိုးခြင်းခံရသူကို ဗုဒ္ဓ-ဘုရား-ဟူ၍ အသိအမှတ် ပြုကြ၏။ လေးစားကြည်ညိုရာ၌ ကြည်ညိုခံရခြင်းတွင် အကြောင်းလေးမျိုးကို ခွဲခြား၍ ဟောထား၏။ ယင်းအကြောင်းလေးမျိုးမှာ-
၁။ ရုပ်အဆင်း သပ္ပါယ်ခြင်း
၂။ ဂုဏ်သတင်း ကျော်စောခြင်း
၃။ စားဝတ်နေမှု သုံးဆောင်မှု ခြိုးခြံ ခေါင်းပါးစွာ ကျင့်ခြင်း
၎။ သီလစသော မြင့်မြတ်သော ဂုဏ်အင်္ဂါများ ရှိခြင်း-ဟူ၍ ၄-မျိုးဖြစ်သည်။
ထိုလေးမျိုးတွင် သီလစသောဂုဏ်ကို မကြည့်တတ်ဘဲ ရုပ်အဆင်းလှပတင့်တယ်ခြင်းကို ကြည့်၍ ကြည်ညိုသူသည် လူ ၁၀၀-လျှင် ၆၆-ယောက်လောက်ရှိသည်ဟု ကျမ်းဂန်များက ဖော်ပြ၏။
တရားရှိ-မရှိကို မစဉ်းစား၊ နာမည်ထင်ရှား ကျော်ကြားမှုသတင်းကို အကြောင်းပြု၍ ဆည်းကပ်ကြည်ညိုသူသည် ၁၀၀-လျှင် ၈၀-လောက် ရှိသည်ဟု သိရ၏။
တရားရှိ-မရှိကို မဝေဖန်၊ မစဉ်းစား၊ ပဓာနမထားဘဲ ခေါင်းပါးစွာ ခြိုးခြံ နေထိုင်မှု၊ စားသောက်မှုကို အကြောင်းပြု အလေးအမြတ်ပြုပြီး အထင်ကြီး၍ ကြည်ညိုသူသည် လူ ၁၀၀-လျှင် ၉၀-လောက်ရှိသည်။
သီလ သမာဓိ ဓူတင် စသော ဂုဏ်အစစ်မှန် တကယ်အရှိကို တွေ့ရှိ၊ ကြားသိ၊ မျက်မြင်သိရ၍ ကြည်ညိုတတ်သူကား လူပေါင်းတသိန်းတွင် တယောက်သာရှိသည်ဟု ခွဲခြားပြထားခြင်းရှိပါသည်။
ဤခွဲခြားချက်သည် သာမညပုဂ္ဂိုလ်များအတွက် မှန်ကန်၏။ သို့သော် မြတ်စွာဘုရားသည် ထိုလေးမျိုးလေးစားသော ပုဂ္ဂိုလ်တို့၏ စိတ်နှလုံးကို ယူကျုံးဆွဲငင်နိုင်လောက်သော ဂုဏ်အင်္ဂါကျက်သရေ၊ ကြည်ညိုဖွယ်များ၊ စုပေါင်းပိုင်ရှင်ဖြစ်တော်မူသောကြောင့် လူသုံးပါးတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်သော သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူကြောင်းကို မည်သူတစုံတယောက်မျှ မငြင်းဆိုနိုင်ပါ။
ယခုအခါ လူများသည် ပရိယတ္တိဗဟုသုတ၊ ပဋိပတ္တိ အလေ့အကျင့်များကို ထူးထူးခြားခြား လိုက်စားကျင့်ဆောင်နေကြသည်။ အလွန်စွမ်းဆောင်နိုင်သော ဓမ္မကထိက ပုဂ္ဂိုလ်ကျော်များ၊ ရှင်းလင်းပြတ်သားအောင် နည်းလမ်းညွှန်ပြနိုင်သော သံဃာတော်များ၊ လူပုဂ္ဂိုလ်များ ရှိနေကြသည်။ မြန်မာပြည်အရပ်ရပ်တွင် ကမ္မဋ္ဌာန်းရိပ်သာ ယခု ၅၀၀-ကျော်ရှိသည်။ တရားနာပုဂ္ဂိုလ်များနှင့် တရားကျင့် ယောဂီများကို အထက်ပါကျမ်းဂန် ညွှန်ပြချက်အတိုင်း ခွဲခြားပါက လူတသိန်းတွင် တယောက်သာ ရုပ်အဆင်းကို ပဓာနမထား၊ အသံကောင်း၊ မကောင်းကို မခွဲခြား၊ ခေါင်းပါးစွာ ကျင့်-မကျင့်ကို မဝေဖန်ဘဲ တရားတော်၏ အနှစ်သာရကိုသာ အာရုံစိုက်တတ်ကြသည်မှာ မှတ်ချက်ချရန် ရှိပါသည်။ ထိုသို့မူကား မဖြစ်စေဘဲ (ရာထောင်တပုံ ဓမ္မာရုံ) ဟူသော အဆိုကို အလေးပြုကာ တရားအနှစ်ကိုသာ အဓိကထား အလေးပြုသော ယောဂီများ ဖြစ်ကြပါစေ-ဟု နှိုးဆော်လိုက်ရပါသည်။
Monday, October 10, 2011
အနေကဇာတင် ပါဌ်/အနက်
(၁)    အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
        ဂဟကာရံ၊ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။
(၂)    ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
        သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
    ၁။    ပုနပ္ပုနံ-ဘ၀သံသရာ ဖန်ခါခါလျှင် ခန္ဓာဝဋ်ဇာတ် အမြစ်မပြတ်နိုင်ဘဲ၊ ဇာတိ- ယောနိလေးထွေ လှည့်ပတ်ဖွေလျက် သန္ဓေစွဲမှီ တည်နေဖြစ်ပွားရခြင်းသည်၊ ဒုက္ခာ-သန္ဓေဇာတိ ခန္ဓာရှိလျှင် ဗျာဓိဇရာ မရဏာတို့ မကွာနောက်ဆက် ၀င်နှိပ်စက်သဖြင့် သက်သက်ချမ်းသာ မဟုတ်ပါဘဲ လွန်စွာညှိုးနွမ်း ပင်ပန်းဆင်ရဲလှဘိ၏။ (တသ္မာ-ထို့ကြောင့်) အဟံ-ဘုရားအလျာ သူမြတ်ငါသည်၊ ဂဟကာရံ - ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ်သည့် အယုတ်တမာအကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား လက်သမားကို၊ ဂဝေသန္တော -လက်သည်စင်စစ် ဘယ်သူဖြစ်ဟု စိစစ်ထောက်လှမ်း စူးစမ်းရှာဖွေလျက်၊ (၀ါ) စူးစမ်းရှာဖွေသော ဘုရားအလျာ သူမြတ်ငါသည်၊ အနိဗ္ဗိသံ-အနိဗ္ဗိသန္တော-တဏှာယောက်ျား လက်သမားကို ပိုင်ခြား ထင်ထင် လင်းလင်းမြင်သည့် သဗ္ဗညုတာ ဥာဏ်မဟာကို သမ္ဘာနုထွေး ငါမရသေးသည်ဖြစ်၍ (၀ါ) ငါမရသေးသောကြောင့်၊ အနေကဇာတိ သံသာရံ-ဘ၀များစွာ သံသရာကာလပတ်လုံး၊ သန္ဓာဝိဿံ-ခန္ဓာငါးချက် ဒုက္ခစက်ကို ကြောက်လျက်ပင်လျှင် ငါမခင်ဘဲ သံသရာဝဋ် ချားရဟတ်၌  မရပ်မနား တဖားဖားလျှင် ပြေးသွားကျင်လည်ခဲ့ရလေပြီ။
    ၂။    ဂဟကာရက-ဒုက္ခယှက်လိမ် ခန္ဓာအိမ်ကို ကြိမ်ကြိမ်ကြိုးကုတ် တည်ဆောက်လုပ် သည့် အယုတ်တမာ အကြောင်းရင်း သမုဒယသစ္စာဖြစ်သော တဏှာယောက်ျား ဟယ်... လက်သမား၊ ဣဒါနိ- ဘုရားဖြစ်လာ ယခုအခါ၌၊ တွံ-သင် တဏှာယောက်ျား လက်သမားကို၊ ဒိဋ္ဌော- သဗ္ဗညုတ ဥာဏ်ကိုရသဖြင့် ဒိဋ္ဌထင်ထင် ငါမြင်အပ်သည်၊ အသိ-ဖြစ်ပေ၏၊ တွံ-သင်တဏှာယောက်ျား လက် သမားသည်၊ ဂေဟံ-ဒုက္ခယှက်လိမ် ခန္ဓာကိုယ် အတ္တဘောတည်းဟူသောအိမ်ကို၊ ပုန န ကာဟသိ-နင့်ခြေ နင့်လက် နင့်အသက်ကို လေးမဂ်လျှံရှိန် ဥာဏ်ပုဆိန်ဖြင့် လေးကြိမ်ဖြတ်ခုတ် အမြစ်ပြုတ်သည့် သစ်ငုတ်တိုဟန် နင်ဖြစ်ပြီမှန်သောကြောင့် တဖန်ထပ်လှောက် နင်ဆောက်လုပ်နိုင်တော့မည် မဟုတ်ချေ။ တေ-သင် တဏှာယောက်ျား လက်သမား၏၊ သဗ္ဗာ-တစ်ခုမကြွင်း ခပင်းဥဿုံ အလုံးစုံကုန်သော၊ ဖာသုကာ-အခိုင်အမာ တည်ဆောက် ခန္ဓာအိမ်တည်းဟူသော ဘုံကွန်းပြောက်၏ ထုပ်လျောက်ဒိုင်းမြား ကိလေသာအခြင်ရနယ်တရားတို့ကို၊ ဘဂ္ဂါ-၀ါသနာ အငွေ့အသက်နှင့်တကွ အနုသယသတ္တိ ကျန်မရှိအောင် စိစိကြေညက် ငါချိုးဖျက်အပ်လေပြီ၊ ဂဟကူဋံ-သစ္စာလေးအင် နိဗ္ဗာန်သွင်ကို မြင်ခွင့်မပေး ဝေးထက်ဝေးအောင် အရေးကန့်လန့် တားဟန့်ပိတ်ကာ အ၀ိဇ္ဇာ တည်းဟူသော အိမ်၏အထွတ်ကို၊ ၀ိသင်္ခတံ-မုန့်မုန့်ကြေမွ ငါဖျက်ချအပ်လေပြီ၊ စိတ္တံ-ကိလေသာဟူ မြူအညစ်အကြေး ကင်းဝေးဖြူလွင် ငါဘုရား၏ စိတ်အစဉ်သည်၊ ၀ိသင်္ခါရံ-သင်္ခါရစက်ကွင်း ဒုက္ခခပင်းမှ လွတ်ကင်းရာအမှန် နန်းနိဗ္ဗာန်သို့၊ ဂတံ-အာရုံမျက်မှောက် သန္တိဓာတ် သိဒ္ဓိပေါက်သဖြင့် ဆိုက်ရောက် သက်ဝင်မိလေပြီ၊ အဟံ-သုံးလောကထွတ်ထား ငါဘုရားသည်၊ တဏှာနံ ခယံ-တဏှာတရာ့ရှစ်ပါး၏ ပျက်ပြားကုန်ခန်းရာ အာသ၀က္ခယ စတုတ္ထမဂ်ဖိုလ်သို့၊ အဇ္ဈဂါ-စက္က၀ါရိုက်ခြောင်း တိုက်တစ်သောင်းမှ နတ်ပေါင်းဗြဟ္မာ ကောင်းတင်းငြာလျက် ကြည်သာဝမ်းမြောက် ငါ ဆိုက်ရောက်ခဲ့လေပြီတကား။
၁။    ပဋ္ဌမဗောဓိသုတ္တ
    ဧ၀ံ မေ သုတံ ဧကံ သမယံ ဘဂ၀ါ ဥရုဝေလာယံ ၀ိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဋ္ဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂ၀ါ သတ္တာဟံ ဧကပလ္လင်္ကေန နိသိန္နော ဟောတိ ၀ိမုတ္တိသုခပဋိသံဝေဒီ။ အထ ခေါ ဘဂ၀ါ တဿ သတ္တဟဿ အစ္စယေန တမှာ သမာဓိမှာ ၀ုဋ္ဌဟိတွာ ရတ္တိယာ ပဌမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမံ သာဓုကံ မနသာကာသိ-
    ဣတိ ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ၊ ယဒိဒံ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ၀ိညာဏံ၊  ၀ိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖေဿာ၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊  ဥပါဒါနပစ္စယာ ဘဝေါ၊ ဘ၀ပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ သောက၀-ပရိဒေ၀-ဒုက္ခ-ဒေါမနဿုပါယာသာ သမ္ဘ၀န္တိ၊ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတီတိ။
    အထ ခေါ ဘဂ၀ါ ဧတမတ္ထံ ၀ိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ-
    'ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ၊
    အာတာပိနော ဈာယတော ဗြာဟ္မဏဿ။
    အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊
    ယတော ပဇာနာတိ သဟေတုဓမ္မံ'  တိ။
၂။    ဒုတိယဗောဓိသုတ္တ
    ဧ၀ံ မေ သုတံ ဧကံ သမယံ ဘဂ၀ါ ဥရုဝေလာယံ ၀ိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဋ္ဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂ၀ါ သတ္တာဟံ ဧကပလ္လင်္ကေန နိသိန္နော ဟောတိ ၀ိမုတ္တိသုခပဋိသံဝေဒီ။ အထ ခေါ ဘဂ၀ါ တဿ သတ္တဟဿ အစ္စယေန တမှာ သမာဓိမှာ ၀ုဋ္ဌဟိတွာ ရတ္တိယာ မဇ္ဈိမံ ယာမံ ပဋိစ္စသမုပ္ပါဒံ ပဋိလောမံ သာဓုကံ မနသာကာသိ-
    ဣတိ ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ၊ ယဒိဒံ အ၀ိဇ္ဇာယတွေဝ အသေသ၀ိရာဂနိရောဓာ သင်္ခါရနိရောဓော၊ သင်္ခါရနိရောဓာ ၀ိညာဏနိရောဓော၊  ၀ိညာဏနိရောဓာ နာမရူပနိရောဓော၊ နာမရူပနိရောဓာ သဠာယတနနိရောဓော၊ သဠာယတနနိရောဓာ ဖဿနိရောဓော၊ ဖဿနိရောဓာ ဝေဒနာနိရောဓော၊ ဝေဒနာနိရောဓာ တဏှာနိရောဓော၊ တဏှာနိရောဓာ ဥပါဒါနနိရောဓော၊  ဥပါဒါနနိရောဓာ ဘ၀နိရောဓော၊ ဘ၀နိရောဓာ ဇာတိနိရောဓော၊ ဇာတိနိရောဓာ ဇရာမရဏံ သောက၀-ပရိဒေ၀- ဒုက္ခ-ဒေါမနဿုပါယာသာ နိရုဇ္ဈန္တိ၊ ဧ၀မေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ နိရောဓော ဟောတီတိ။
အထ ခေါ ဘဂ၀ါ ဧတမတ္ထံ ၀ိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ-
    'ယဒါ ဟဝေ ပါတုဘ၀န္တိ ဓမ္မာ၊
    အာတာပိနော ဈာယတော ဗြဟ္မာဏဿ။
    အထဿ ကင်္ခါ ၀ပယန္တိ သဗ္ဗာ၊
    ယတော ခယံ ပစ္စယာနံ အဝေဒီ'  တိ။
၃။     တတိယဗောဓိသုတ္တ
    ဧ၀ံ မေ သုတံ ဧကံ သမယံ ဘဂ၀ါ ဥရုဝေလာယံ ၀ိဟရတိ နဇ္ဇာ နေရဉ္ဇရာယ တီရေ ဗောဓိရုက္ခမူလေ ပဌမာဘိသမ္ဗုဒ္ဓေါ။ တေန ခေါ ပန သမယေန ဘဂ၀ါ သတ္တာဟံ ဧကပလ္လင်္ကေန နိသိန္နော ဟောတိ ၀ိမုတ္တိသုခပဋိသံဝေဒီ။ အထ ခေါ ဘဂ၀ါ တဿ သတ္တာဟဿ အစ္စယေန တမှာ သမာဓိမှာ ၀ိဋ္ဌဟိတွာ ရတ္တိယာ ပစ္ဆိမံ ယာမံ ပဋိစ္စသမုပ္ပါဒံ အနုလောမ-ပဋိလောမံ သာဓုကံ မနသာကာသိ-
    ဣတိ ဣမသိံ္မ သတိ ဣဒံ ယောတိ၊ ဣမဿုပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ၊ ဣမသိံ္မ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ၊ ယဒိဒံ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ၊ (ပ)၊ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။ အ၀ိဇ္ဇာယတွေဝ အသေသ၀ိရာဂနိရောဓာ သင်္ခါရနိရောဓော၊ (ပ)၊ ဒုက္ခက္ခန္ဓဿ နိရောဓော နိရောဓော ဟောတီတိ။
    အထ ခေါ ဘဂ၀ါ ဧတမတ္ထံ ၀ိဒိတွာ တာယံ ဝေလာယံ ဣမံ ဥဒါနံ ဥဒါနေသိ-
    "ယဒါ ဟဝေ ပါတု ဘ၀န္တိ ဓမ္မာ၊
    အာတာပိနော ဈာယတော ဗြာဟ္မဏဿ။
    ၀ိဓူပယံ တိဋ္ဌတိ မာရသေနံ၊
    သူရိယောဝ သြဘာသယ မန္တလိက္ခ" န္တိ။
Saturday, October 8, 2011
မိမိနှင့် စရိုက်(၆)ပါး
Carita is a predominant nature in one’s behavioral pattern.Character-စရိုက်ဆိုသည်မှာ ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲဖြစ်တတ်သည်ကို စရိုက်ဟုခေါ်ပါသည်။
စရိုက်( ၆) ပါး
၁။ရာဂစရိုက် -၀တ္ထုကာမ၊ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိတတ်သောအကျင့်၊
၂။ဒေါသစရိုက်-အာဃာတ၊ဣဿာ၊မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်၊
၃။မောဟစရိုက်-ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်၊
၎။သဒ္ဓါစရိုက်- ယုံကြည်လွယ်လေ့ရှိသောအကျင့်၊
၅။ဝိတက်စရိုက်-စိတ်ကူးယဉ်တတ်သောအကျင့်၊
၆။ပညာစရိုက် အရာအရာ၌ အကြောင်းအကျိုးအကောင်းအဆိုးတို့ကိုဆင်ခြင်တတ်သောအကျင့် ဟူ၍ စရိုက်အပြား ၆-ပါးရှိပါသည်။
စရိုက် (၆) ပါးနှင့် သင့်လျော်သောကမ္မဋ္ဌာန်း
၁။The greedy nature person ရာဂစရိုက်ရှိသောသူသည် အသုဘ ၁၀-ပါး၊ ကာယဂတာသတိ ဤ ၁၁-ပါးသောကမ္မဋ္ဌာန်းတို့နှင့် သင့်လျောင်ပေသည်။ (စရိတာသု ပန ဒသ အသုဘာ,ကာယဂတာသတိသင်္ခါတာ ကောဋ္ဌာသဘာဝနာစ ရာဂစရိတဿ သပ္ပါယာ။)
၂။The angry nature person ဒေါသစရိုက်ရှိသောသူသည် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဟူသော အပ္ပမညာ ၄-ပါး၊ နီလ၊ပီတ၊လောဟိတ၊သြဒါတ ဟုဆိုအပ်သောဝဏ်ဏကသိုင်း ၄-ပါး၊ဤ ၈-ပါးသော ကမ္မဋ္ဌာန်းတို့နှင့်သင့်လျော်သည်။ (စတေဿာ အပ္ပမညာယော,နီလာဒီနိစ စတ္တာရိကသိဏာနိ ဒေါသစရိတဿ။)
၃၊၄။The deluded nature person and pondering nature person  မောဟနှင့် ၀ိတက်စရိုက်ရှိသောသူသည် ထွက်လေ၀င်လေကို နှာသီးဖျား၌ရှုမှတ်သော အာနာပါနဿတိကမ္မဋ္ဌာန်းနှင့် သင့်လျော်သည်။( အာနာပါနံ မောဟစရိတဿ,၀ိတက္ကစရိတဿ စ။)
၅။The faithful nature person သဒ္ဓါစရိုက်ရှိသောသူသည် ဗုဒ္ဓါနုဿတိ၊ဓမ္မာနုဿတိ၊သံဃာနုဿတိ၊သီလာနုဿတိ၊စာဂါနုဿတိ၊ဒေ၀တာနုဿတိ ဤ ၆-ပါးသောကမ္မဋ္ဌာန်းတို့နှင့်သင့်လျော်သည်။( ဗုဒ္ဓါနုဿတိ အာဒယော ဆ သဒ္ဓါစရိတဿ။)
၆။ The intelligent nature person ပညာစရိုက်ရှိသောသူသည် မရဏာနဿတိ၊ဥပသမာနုဿတိ၊(နိဗ္ဗာန်ကို အာရုံပြုခြင်း) စတုဓာတု၀၀တ္ထာန် (ဓာတ်ကြီးလေးပါးရူမှတ်ခြင်း)၊ အာဟာရပဋိကူလသညာ ဤ ၄-ပါးသော ကမ္မဋ္ဌာန်းတိှု့နှင့်သင့်လျော်သည်။ (မရဏ,ဥပသမ,သညာ,၀၀တ္ထာနာနိ ဗုဒ္ဓိစရိတဿ။)
ထိုသို့ဆိုခဲ့ပြီးသော ၃၀-သော ကမ္မဋ္ဌာန်းတို့မှ ကြွင်းကုန်သောပထ၀ီ၊အာပေါ၊တေဇော၊၀ါယော၊အာကာသ၊အာလောက ဟုဆိုအပ်သော ကသိုဏ်း ၆-ပါး၊အာရုပ္ပ ၄-ပါး၊ဤ ၁၀-ပါးသောကမ္မဋ္ဌာန်းတို့သည် အလုံးစုံသောစရိုက် ၆-ပါးလုံးနှင့်သင့်လျော်သည်။ (သေသာနာနိ ပန သဗ္ဗာနိပိ ကမ္မဋ္ဌာနာနိ သဗ္ဗေသမ္ပိ သပ္ပါယာနိ။)
ကသိုဏ်းတို့တွင် အလုံးစုံငယ်သော ကသိုဏ်းဝန်းသည် ၀ိတက်စရိုက်ရှိသူအားသင့်လျော်သည်။ကြီးသောကသိုဏ်းဝန်းသည် မောဟစရိုက်ရှိသူအားသင့်လျော်သည်။ (တတ္ထာပိ ကသိဏေသု ပုထုလံ မောဟစရိတဿ,ခုဒ္ဒကံ ၀ိတက္ကစရိတေဿဝါတိ။)
ရာဂကိုပယ်ခြင်းငှာ အသုဘကမ္မဋ္ဌာန်းကိုပွားအပ်သည်။ ဒေါသကိုပယ်ခြင်းငှာမေတ္တာကိုပွားအပ်သည်။ဝိတက်ကိုပယ်ခြင်းငှာ အာနာပါနဿတိကိုပွားအပ်သည်။မာနကို ပယ်ခြင်းငှာ အနိစ္စသညာကိုပွားအပ်သည်။
အထက်ပါ ဖော်ပြခဲ့သောစရိုက်သည် မိမိတို့၌ တစ်ပါးဖြစ်စေ၊ နှစ်ပါးဖြစ်စေ ရှိတတ်ကြပါတယ်။ တစ်ဦးတစ်ယောက်မှာ အဘယ်စရိုက်သလဲလို့ အကဲခတ်ကြည့်မယ်ဆိုရင်ဖြင့် အနေအထိုင်၊အပြောဆို စသည်ဖြင့်အကဲခတ်လို့ရနိုင်ပေသည်။ ရာဂနှင့်သဒ္ဓါစရိုက်ရှိသောသူသည် ပကတိ သွားမြဲသွားသည်ရှိသော် ယဉ်ယဉ်ကျေးကျေး တင့်တင့်တယ်တယ်ရှိသည်၊ ဖြည်းဖြည်းသာခြေကို ချသည်၊ညီညီကြွသည်၊လုပ်မူကိုင်မူတို့၌ ယဉ်ကျေးသေသပ်သည်၊အချို့အဆိမ့်စားသောက်ဖွယ်တို့နှင့်အမွှေးအကြိုင်တို့ကိုကြိုက်နှစ်သက်တတ်သည်။ ထိုနှစ်ခု၏ထူးခြားချက်ကာ- ရာဂစရိုက်ရှိသောသူသည် ကာမဂုဏ်အာရုံများကို စွဲမက်တတ်သည်၊ပရိယာယ်မာယာ အလိမ်အကောက်များသည်၊မာနကြီးသည်၊ လိုချင်လောဘများသည်။ သဒ္ဓါစရိုက်ရှိသောသူသည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိသည်၊ ဘုရားကိုပူဇော်ခြင်း၊တရားတော်ကို နာယူခြင်း၊ သံဃာတော်များကို ၀ပ်တွားဆည်းကပ်ခြင်းအလေးအမြတ်ပြုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ ဒေါသနှင့် ပညာစရိုက်ရှိသောသူသည် အသွားအလာ၊အနေအထိုင်၊အပြောအဆို ကြမ်းကြမ်းတမ်းတမ်း ကတိုက်ကရိုက်ရှိသည်၊လုပ်မူ၊ကိုင်မူတို့၌ယဉ်ကျေးသေသပ်ခြင်းမရှိလှ၊အချဉ်၊အငန်၊အစပ်၊အခါး၊စူးရှသော အစာအာဟာရကို ကြိုက်နှစ်သက်တတ်သည်၊မကောင်းသော အဆင်း၊အသံစသည်နှင့် တွေ့ကြုံသောအခါ သည်းခံချုပ်တည်းခြင်းမရှိဘဲ ဆဲဆိုငေါက်ငမ်း ကြမ်းတမ်းစိတ်တိုလွယ်သည်။ သူတို့နှစ်ဦး၏ထူးခြားချက်ကာ-ဒေါသစရိုက်ရှိသောသူသည် ရန်ငြိုးဖွဲ့ မူ၊ငြူစူမူ၊သူတပါးဂုဏ်ကို ဖျက်ဆီးလိုမူ၊ဂုဏ်တုဂုဏ်ပြိုင်ပြုလိုမူ၊အဆုံးအမခက်ခဲမူတို့ဖြစ်လေ့ရှိသည်။ ပညာစရိုက်ရှိသောသူသည် စားသောက်ဖွယ်တို့၌ နှိုင်းနှိုင်းချိန်ချိန် စားသောက်လေ့ရှိသည်။ သံသရာနောင်ရေးကို သတိပညာဖြင့် ကောင်းစွာမြော်မြင်လေ့ရှိရကား ဂတိကောင်း၍ ထက်ထက်မြက်မြက်ရှိအောင် ပါရမီကုသိုလ်များကို လုံ့လသန်သန်ဖြင့် မှန်မှန်ကြိုးစားလေ့ရှိသည်။ မောဟနှင့်ဝိတက်စရိုက်ရှိသောသူသည် ယမ်းဖယ်ယမ်းဖယ်သွားလေ့ရှိသည်၊ ကြောက်ရွံ့ လျက်ခြေကို ချသည်၊ကြွသည်၊မေ့မေ့လျော့လျော့ရှိသည်၊လုပ်ငန်းကိစ္စရှုပ်ရှုပ်ထွေးထွေး ပွေပွေလိမ်လိမ်ရှိသည်၊ စားသောက်မူ၌လည်း အဘယ်အစာကိုကြိုက်နှစ်သက်တတ်သည်ဟူ၍မရှိ၊မိမိအစွမ်းဖြင့် မည်မည်ရရ ပြောလောက်ဆိုလောက်အောင် ပြီးမြောက်သည်ဟူ၍မရှိတတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို နှိုင်းချိန်ခွဲခြား၍ မသိတတ်၊ အရပ်အရပ်ကိစ္စမှာ သူတကာ၏နောက်လိုက်သာဖြစ်ရသည်၊ သူများချီးမွမ်းသည်ကို နောက်က လိုက်၍ချီးမွမ်းတတ်သည်၊ သူများကဲ့ရဲ့သည်ကိုလည်း နောက်ကလိုက်၍ကဲ့ရဲ့တတ်သည်၊ သတိပညာကင်းလျက်ထိုင်းမှိုင်းခြင်း၊ပျံ့လွင့်ခြင်းတို့နှင်သာ အချိန်ကိုကုန်လွန်စေသည်။ ထိုစရိုက် နှစ်ပါးသည် ထူးမခြားနားဖြစ်၍ုထိုထိုအမှုကိစ္စ၌ စကားတွေပေါလျက် ကိစ္စမချောဘဲမျော၍သာနေတတ်သည်။လူပေါ်ကျော့၊လူလေ၊လူလွင့်တို့နှင့် ပျော်မွေ့ကာ အကြံများလျက်အလကားလူပိုတွေသာဖြစ်တတ်သည်။
ရာဂစရိုက်ရှိသောသူသည် နှလုံးသွေးနီသည်။ ဒေါသစရိုက်ရှိသောသူသည် နှလုံးသွေးညိုသည်။ မောဟစရိုက်ရှိသောသူသည် အမဲသားဆေးသော ရေလောက်သာနှလုံးသွေးရောင်ဖျော့သည်။ သဒ္ဓါစရိုက်ရှိသောသူသည် နှလုံးသွေးဝါသည်။ပညာစရိုက်ရှိသောသူသည် ပတ္တမြားကြောင်မျက်ရွဲကဲ့သို့နှလုံးသွေးပြိုးပြိုးပြက်ရှိသည် ဖြူသည်။ဝိတက်စရိုက်ရှိသောသူသည် ပဲပြုတ်ရေ အဆင်းကဲ့သို့ နှလုံးသွေးရောင်ရှိသည်။ ထိုစရိုက်တို့ဖြစ်ရခြင်းမှာ ရှေးကံအကြောင်းမကင်းပေ၊ ရှေးဘ၀က ကုသိုလ်ကောင်းမူပြုလုပ်သောအခါ လောဘခြံရံ၍ ပြုလုပ်ခဲ့လျှင်လောဘစရိုက်ရှိတတ်သည်၊ ဒေါသခြံရံ၍ ပြုလုပ်ခဲ့လျှင် ဒေါသစရိုက်တတ်သည် စသည့်ဖြင့်မှတ်ပါလေ။
ကဲ စာဖတ်သူရေ တင်ပြခဲ့တဲ့အချင်းအရာတွေက မိမိနှင့်အကုန်မတိုက်ဆိုင်ရင်တောင် မိမိကိုယ်ကိုတော့ ဘာစရိုက်တွေအားကြီးနေတယ်ဆိုတာ သိကြပါလိမ့်မယ်။ မိမိကိုယ်ကို သိပြီးတာနဲ့အမျှ မိမိက ရာဂစရိုက်အားကြီးနေတယ်ဆိုလျင် ရာဂအားမကြီးအောင် မြတ်ဗုဒ္ဓချပေးခဲ့တဲ့နည်းလမ်းအတိုင်းလေး ကျင့်သုံးသွားဖို့ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က လူ့ဘ၀ကို ပိုင်ဆိုင်ထားတာဆိုတော့ ပြုပြင်လို့ရတဲ့ အချိန်အခါကောင်းမှာ ပြုပြင်ပြောင်းလဲပြီးနေသွားဖို့ရယ်၊ ပြုပြင်ပြောင်းလဲပြီးနေသွားတာနဲ့အမျှ သံသရာထဲမှာကျင်လည်ရဦးမယ်ဆိုရင် ကောင်းသောစရိုက်တွေကို ပိုင်ဆိုင်နိုင်မှာသေချာပါတယ်။ နောက်တစ်ခုက မိမိမှာ ဘာစရိုက်ရှိတယ်ဆိုတာကိုသိရင် ဘာကမ္မဋ္ဌာန်းကိုအားထုတ်ရမယ်ဆိုတာကိုလဲ သိသွားပြီးလေ၊ သို့ဖြစ်၍ ကမ္မဋ္ဌာန်းအားထုတ်လိုသူတို့သည် ပြဆိုခဲ့သော ကမ္မဋ္ဌာန်း ၄၀-တို့တွင်မိမိတို့၏စရိုက်နှင့် သင့်၊မသင့် နှိုင်းချိန်၍ သင့်လျော်မည်ထင်သောကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများအားထုတ်နိုင်ကြပါစေလို့ဆန္ဒပြုရင်.... (ယခုတင်ပြခဲ့သောဆောင်းပါးလေးကို ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်ကိုအခြေခံပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ )
ကျမ်းကိုး။    ။အဘိဓမ္မတ္ထသင်္ဂဟ
                ။ဗုဒ္ဓဘာသာကောင်းတစ်ယောက်
မြတ်စွာဘုရား ဂုဏ်တော်(၉)ပါး ပါဠိ+မြန်မာပြန်နှင့် ဂုဏ်တော်ပွားရကျိုး
ဣတိပိ သောဘဂဝါ
(၁)။အရဟံ
(၂)။သမ္မာသမ္ဗုဒ္ဓေါ
(၃)။ဝိဇ္ဇာစရဏသမ္ပန္တွော
(၄)။သုဂတော
(၅)။လောကဝိဒူ
(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ
(၇)။သတ္ထာ ဒေဝမနုဿာနံ
(၈)။ဗုဒ္ဓေါ
(၉)။ဘဂဝါ
(၁)။အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား။
(၂)။သမ္မာသမ္ဗုဒ္ဓေါ = သိစရာမှန်သမျှ တစ်စမကျန် သယမ္ဘူဥာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော မြတ်စွာဘုရား။
(၃)ဝိဇ္ဇာစရဏသမ္ပန္တွော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။(ဝါ)ဝိဇ္ဇာသုံးပါး၊ဝိဇ္ဇာရှစ်ပါး၊စရဏတရား (၁၅)ပါးတို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာသုံးပါး
(၁)။ပုဗ္ဗေနိဝါသာနုဿတိဥာဏ်=ရှေးရှေးဘဝတို့၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်၍ သတိရနိုင်သောဥာဏ်။
(၂)။ဒိဗ္ဗစက္ခုဥာဏ် = နတ်မျက်စိကဲ့သို့ အဝေး၌ရှိသောအရာ၊သေးငယ်သော အရာတို့ကိုမြင်နိုင်သောဥာဏ်။
(၃)။အာသဝက္ခယဥာဏ်=ကိလေသာ အာသေဝေါတို့ကို ကုန်ခန်းစေသော ဥာဏ်။
ဝိဇ္ဇာရှစ်ပါး
(၁)။ပုဗ္ဗေနိဝါသာနုဿတိဥာဏ်။
(၂)။ဒိဗ္ဗစက္ခုဥာဏ်။
(၃)။အာသဝက္ခယဥာဏ်။
(၄)။ဝိပဿနာဥာဏ်=ရုပ်နာမ်တို့၏ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့ကို သိသောဥာဏ်။
(၅)။စေတောပရိယဥာဏ်=သူတစ်ပါးစိတ်ကိုသိသောဥာဏ်။
(၆)။မနောမယိဒ္ဓိဥာဏ်=မိမိခန္ဓာကိုယ်အတွင်း၌ တစ်ခြားခန္ဓာကိုယ်တစ်ခုကို စိတ်ဖြင့်ဖန်ဆင်းနိုင်းသော ဥာဏ်။
(၇)။ဒိဗ္ဗသောတဥာဏ် =အဝေးမှ အသံ၊ သေးငယ်သော အသံတို့ကို ကြားနိုင်သောဥာဏ်။
(၈)။ဣဒ္ဓိဝိဓဥာဏ်=တန်ခိုး အမျိုးမျိုး ဖန်ဆင်းနိုင်သော ဥာဏ်။
စရဏတရားတစ်ဆယ့်ငါးပါး
(၁)။သီလ=ကိုယ် နှုတ် နှစ်ပါးကို စောင့်စည်း ထိန်းသိမ်းခြင်း ငါးပါးသီလ၊ရှစ်ပါးသီလ၊ပါတိမောက္ခသီလစသည်များ။
(၂)။ဣန္ဒြိယသံဝရ=မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် ဟူသော ဣနြေ္ဒခြောက်ပါးနှင့်စပ်၍ ကိလေသာမဖြစ်ရအောင် ဖြစ်ပေါ်သမျှကို သတိဖြင့် ရှုသိနေခြင်း။
(၃)။ဘောဇနေ မတ္တညုတာ=ချင့်ချိန်၍ စားသောက်ခြင်း။
(၄)။ဇာဂရိယာနုယောဂ=နိုးနိုးကြားကြားရှိမှု၊သတိတည်းဟူသော နိုးကြားမှု အမြဲရှိနေခြင်း။
(၅)။သဒ္ဓါ =ရတနာ သုံးပါးနှင့် ကံ ကံ၏ အကျိုးကို ယုံကြည်မှု။
(၆)။သတိ=ကုသိုလ်ကောင်းမှုတို့ကို သတိရခြင်း။
(၇)။ဟိရီ=မကောင်းမှုပြုရမည်ကို ရှက်ခြင်း။
(၈)။သြတ္တပ္ပ=မကောင်းမှုပြုရမည်ကို ကြောက်လန့်ခြင်း။
(၉)။ဝီရိယ=ကုသိုလ်ရေးတို့၌ အားထုတ်ခြင်း။
(၁၀)။သုတ=အပြစ်ကင်းသော အကြားအမြင်ဗဟုသုတ။
(၁၁)။ပညာ=အသိ၊ အလိမ္မာ၊အတတ်ပညာ။
(၁၂)။ပထမဈာန်။
(၁၃)။ဒုတိယဈာန်။
(၁၄)။တတိယဈာန်။
(၁၅)။စတုတ္ထဈာန်။
(၄)။သုဂတော=ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။(ဝါ)ကျိုးရှိဟုတ်မှန် သူခံသာသော စကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား။
(၅)။လောကဝိဒူ=သတ္တလောက၊သြကာသလောက၊သခါင်္ရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
(၆)။အနုတ္တရော ပုရိသဒမ္မသာရထိ=မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် သွေးဆောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား။
(၇)။သတ္တာဒေဝမနုဿာနံ= လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ အစစ်ဖြစ်တော်မူသော မြတ်စွာဘုရား။
(၈)။ဗုဒ္ဓေါ=သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား။(ဝါ)သစ္စာလေးအင်ကိုယ်တိုင်မြင်၍ တပည့်တွေကိုလဲ သိစေတော်မူသော မြတ်စွာဘုရား။
(၉)။ဘဂဝါ=ဣဿရိယ စသည် ဘုန်းခြောက်လီနှင့်စုံညီပြည့်ဝတော်မူသော မြတ်စွာဘုရား။
(က)။ကိုယ်တော်မြတ်၏ စိတ်တော်ကို စိုးပိုင် နိုင်နင်းတော်မူခြင်းတည်းဟူသော ဣဿရိယဘုန်းတော်။
(ခ)။မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာတရားတည်းဟူသော ဓမ္မဘုန်းတော်။
(ဂ)။ဟုတ်တိုင်းမှန်စွာ သုံးဖြာသော လောကတွင် ပျံ့နှံ့ကျော်စေရခြင်းတည်းဟူသော ယသဘုန်းတော်။
(ဃ)။အင်္ဂါကြီးငယ် တင့်တယ် ပြည့်ဖြိုး အချိုးတကျ သပ္ပာယ်တော်မူလှခြင်းတည်းဟူသော သိရီ ဘုန်းတော်။
(င)။အလိုတော်ရှိတိုင်း မဆိုင်းခဏ ပြီးစီးတော်မူရခြင်း တည်းဟူသော ကာမဘုန်းတော်။
(စ)။အရဟတ္တ မဂ်ဥာဏ်၊သဗ္ဗညုတဥာဏ်တိုင်အောင် ရစေနိုင်သည့် ကြံ့ခိုင် ကြီးမားသော ဝီရိယတော်တည်းဟူသော ပယတ္တ ဘုန်းတော်။ ဤ ဘုန်းတော်ခြောက်စုံနှင့် ကုံလုံပြည့်ဝတော်မူသော မြတ်စွာဘုရား။
ဤသို့လျှင် အရဟံစသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို တပည့်တော်သည် ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။
ဘုရားဂုဏ်တော်ပွားရခြင်းအကျိုး(လင်္ကာ)
စေတီပမာ ၊စိတ်မှာတည်ကြည်။
ရောက်မည်နတ်ရွာ၊တွေ့ကာသိလွယ်။
မြတ်နွယ်အမျိုး၊ရိုကျိုးခံရ။
ပြည့်ဝအင်္ဂါ၊ဆင်းလှစွာဖြင့်။
သာယာခံတွင်း၊ကြိုင်သင်းမွှေးကြူ။
ကြီးမူပညာ၊နတ်ရွာထက်ရွှင်။
လျှင်မြန်ဆန်းကြယ်၊ကောင်းကြွယ်စကား။
ဆိုနိုင်ငြားသည်၊ဘုရားဂုဏ်တော်ပွားကျိုးတည်း။(ရှေးပညာရှိ ဆရာတော်များ)
ကိုးကား။ ။ချမ်းမြေ့ဆရာတော်(လူငယ်သင် အခြေပျိုးဗုဒ္ဓဘာသာစာအုပ်)
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
Friday, October 7, 2011
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့
          သီတင်းကျွတ်လသည် မြန်မာလ ၁၂ လတွင် သတ္တမ မြောက် လဖြစ်ပြီး ရဟန်းသံဃာတော်တို့ မိုးရာသီခိုအောင်းရာ ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။  ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ နက္ခတ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea  Lotus) ဖြစ်ပါသည်။
          သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သံတူလ´ ဟု ရေးထိုးကြသည်။  ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးပင်များ သန်စွမ်းစွ ထောင်မတ်သော လဟုလည်းကောင်း  ဖွင့်ဆိုကြပါသည်။ မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် သီတင်းကျွတ်လတွင် မီးထွန်းပွဲ ခေါ် ဆီမီးမြင်းမိုရ်ပွဲကို ကျင်းပကြပါသည်။
          ဆီမီးမြင်းမိုရ်ပွဲကို ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကျင်းပခဲ့သည်ဟု ဆိုလျှင် ဆိုနိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်အနီး၌ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် သတ္တမမြောက်ဝါတွင်း သီတင်းသုံးရန်အတွက် တာဝတိံသာ နတ်ပြည်သို့ နှစ်လှမ်း သုံးဖ၀ါးဖြင့် ကြွတော်မူပါသည်။ နှစ်လှမ်းသုံးဖ၀ါးဖြစ်ပုံမှာ လူ့ပြည်တွင် ဖ၀ါးတစ်ဖက်ကို နင်းလျက် ယုဂန္ဓိုရ်တောင်ထိပ်သို့ နောက်ဖ၀ါးတစ်ဖက်ကို လှမ်းချလိုက်ပါသည်။ ယုဂန္ဓိုရ်တောင်ထိပ်တွင် ထိုဖ၀ါးကို ချနင်းလျက် နောက်ခြေတော်တစ်ဖက်ဖြင့် တာဝတိံသာ နတ်ပြည်သို့ လှမ်းကြွချနင်းလိုက်ပါသည်။ ဤသို့လျှင် ဖ၀ါးချတော်မူရာ သုံးနေရာနှင့် ခြေတော်နှစ်လှမ်း လှမ်းသည်ကို နှစ်လှမ်းသုံးဖ၀ါး ကြွတော်မူသည်ဟု ဆိုပါသည်။
          တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက် ၀ယ် နေမင်းကဲ့သို့ တင့်တယ်စွာ စံနေတော်မူလျက် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှုးထား၍ စကြ၀ဠာတိုက် တစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မ တရားတော်မြတ်ကို ဟောကြားတော်မူပါသည်။ ဤသည်ကို ရည်၍ -
``မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ´´
ဟု ရှေးဆရာမြတ်တို့ ပြောဆို ရေးသားကြပါသည်။ ၀ါတွင်းသုံးလတိုင် ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် သိကြားမင်းဖန်ဆင်း ပူဇော်သော ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းသုံးသွယ်တွင် သိကြားလက်ယာ ဗြဟ္မာလက်ဝဲ ထားလျက် အလယ် ပတ္တမြားစောင်းတန်းဖြင့် သင်္ကဿနဂိုရ်ပြည်သို့  ပြန်လည်ဆင်းသက်တော်မူသည်ဟု ဗုဒ္ဓဘာသာအဋ္ဌကထာစာပေများတွင် ဆိုကြပါသည်။
          ထိုနေ့ညတွင် ဘုရားရှင်နှင့် သုံးလတိုင် ခွဲနေကြရသော ဒကာဒကာမတို့မှာ ဘုရားရှင် တာဝတိံသာ နတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာခြင်းကို မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများဖြင့် ပူဇော်ကြိုဆိုကြပါ သည်။ ဤဖြစ်စဉ်ကို အကြောင်းပြုလျက် သီတင်းကျွတ် မီးထွန်းပွဲတော် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။
          အဘိဓမ္မတရား ဟောကြားတော်မူခြင်းနှင့် စပ်၍  မှတ်သားရပြန်သည်မှာ -
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - အတွင်း
၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်းကို (၁၂) ရက်
၃။ ဓာတုကထာကျမ်းကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်းကို (၈) ရက်
၆။ ယမိုက်ကျမ်းကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက် ဟောတော်မူခဲ့ကြောင်း သိရှိရပါသည်။
          ထိုအဘိဓမ္မာတရား ဒေသနာတော်ကို အတိဝိတ္ထာရ၊ အတိသင်္ခေပ၊ နာတိဝိတ္ထာရ နာတိသင်္ခေပဟူ၍ နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။
(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
          ဤနည်းဖြင့် တာဝတိံသာနတ်ပြည်တွင် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူပါသည်။ မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တစ်ထိုင်တည်းဟောမှသာ တရားနာသူတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့၏ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်းတို့ကြောင့် ဤအဘိဓမ္မာအကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။
(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
          ဤနည်းဖြင့် ပညာအရာတွင် ဘုရားရှင်မှလွဲ၍ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူး ရတော်မူသည့် အရှင်သာရိပုတ္တရာကို ဟောတော်မူပါသည်။ မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရပါသည်။ ဤကိစ္စများ ဆောင်ရွက်ရန်အတွက် နိမ္မိတ ရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး တာဝတိံသာတွင် အဘိဓမ္မတရားကို ဆက်လက်ဟောကြားစေလျက် ဘုရားရှင်ကမူ လူ့ပြည်သို့ ကြွတော်မူကာ မြောက်ကျွန်းတွင် ဆွမ်းခံဘုဉ်းပေး၍ ဟိမ၀န္တာစန္ဒကူးတော ၌ နေ့အခါ နေတော်မူပါသည်။ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား ထိုနေရာတွင် လာရောက် တွေ့ဆုံ ဖူးမြော်လျက် ၀တ်ကြီးဝတ်ငယ် ပြုသည့်အခါ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။
(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
          မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသော အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်လျှောက်ထား အစစ်ဆေးခံရာ မြတ်စွာဘုရားက လက်ခံအတည်ပြုတော်မူခဲ့ပါသည်။
          ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ဘုရားဖြစ်ပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။
          အခြားသော သုတ္တန် ၀ိနည်း တရားတော်များထက် သာလွန် ထူးမြတ်သည့် တရားဖြစ်သောကြောင့် အဘိဓမ္မတရားဟု ခေါ်သည်။ သာမန်ဥာဏ်ရှိသူများအတွက် အဘိဓမ္မာတရားသည် သမုဒ္ဒရာရေကို ခြင်ကောင်၏ နှုတ်သီးဖြင့် ထောက်သကဲ့သို့ မမီနိုင်အောင် နက်နဲလှသည်။ ဘုရားဖြစ်ခါစက ရတနာဃရ ရွှေအိမ်တော်ဝယ် အခြားသော တရားတော်များကို ဆင်ခြင်သည့်အခါ ထူးခြားမှုတစုံတရာ မဖြစ်ခဲ့ပေ။ အကောင်ကြီးသည့် ငါးကြီးများ ရေတိမ်တွင် ကူးခတ်ရသည့်အခါ မလွတ်မလပ်ဖြင့် ကျဉ်းကြပ်နေရာမှ သမုဒ္ဒရာ ရေနက်ရာသို့ ရောက်သည့်အခါ စိတ်တိုင်းကျ လွတ်လပ်စွာ ကူးလူးပျော်မြူးရသကဲ့သို့ အဘိဓမ္မာတရားကို ဆင်ခြင်သည့်အခါ နက်ရှိုင်းလှသည့် သဗ္ဗညုတ ဥာဏ်တော်ဖြင့် နက်နဲလှသည့် တရားကို စိတ်တိုင်းကျ ဆင်ခြင်လိုက်ရသည့်အတွက် စိတ်တော်မှာ ကြည်လင် ရွှင်လန်းတော်မူခဲ့ရသည်။ စိတ်တော်ကြည်သဖြင့် ကိုယ်ရေအဆင်းလဲ ကြည်လင်လာသည်။ ကိုယ်ရေအဆင်း ကြည်လင်လာရာမှ ကိုယ်တော်၏ နေရာစုံမှ ရောင်ခြည်တော်များ ကွန့်မြူးလာတော်မူခဲ့ရပါသည်။
          ဤကဲ့သို့ ထူးမြတ်သည့် တရားတော်ကြီးကို တာဝတိံသာနတ်ပြည်တွင် ဟောတော်မူပြီးသည့်အဆုံး၌ လူ့ပြည်သို့ ပြန်လည်ကြွဆင်းတော်မူသည့်နေ့ကို အကြောင်းပြု၍ အဘိဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဘုရားရှင်နှင့် အထူးမြတ်ဆုံး တရားကို ပူဇော်သည့်အနေဖြင့် ဆီမီးမြင်းမိုရ်ပွဲများ ကျင်းပပူဇော်ခဲ့ကြခြင်း ဖြစ်ပါသည်။
Tuesday, September 27, 2011
အရက်ဘယ်ကစသလဲ
အရက်သည် သောက်ပြီးသော် လူကိုယ်ခန္ဓာအတွင်းရှိ သွေးများပိုမို လည်ပတ်ကာ မူးယစ်စေ၏။ ဘိန်းမှာခရစ်နှစ် ၁၈၀၀ မတိုင်မီကပေါ်ပေါက်လာခဲ့သော်လည်း၊ အရက်မှာ ခုနှစ်ရေတွက်၍ မရလောက်အောင် အလွန်ရှေးကျသည့် ကာလကတည်းက ပေါ်ပေါက်လာခဲ့သည်ဟု သမိုင်းသုတေသီတို့ကဆိုပါသည်..။အရက်၏ မူးယစ်ခြင်းသည်မာန်ယစ်ခြင်း၊ မာန်မူခြင်း၊ မာန်တက်ခြင်းဖြစ်သည်။
ပိဋကတ်ထဲမှ အရက်ဇာတ်လမ်း
မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သေသောက်သဘင်အခါ ကျသည်နှင့် ဝိသာခါအမှူးရှိသော နောက်လိုက်မိန်းမ ငါးရာတို့သည် ဥယျာဉ်သို့ သွားကာ တစ်နေ့လုံး အရက်သေစာ သောက်စားမူးယစ်ပြီးသော် ညနေချမ်း၌ ဘုရားရှင်ထံသွားကြသည်။ ဘုရားရှေ့တော်သို့ရောက်လျှင် အရှက်ကင်းမဲ့စွာ သီချင်းဆိုကြ၊ ရယ်ကြ၊ ကခုန်မြူးထူးကြ၏။ အချို့ အဝတ်ဗလာဖြင့် တုံးလုံးပက်လက်အိပ်ကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ညိုသောရောင်ခြည်ကို လွှတ်လျက်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ခဲ့၍ မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလေ၏။ ညိုသောရောင်ခြည်တော်ကြောင့် မှောင်အတိကျသွားသဖြင့် မိန်းမတို့ ကြောက်လန့်ခြင်းပြင်းစွာဖြင့် ငိုကြွေးကြကုန်၏။ မြတ်စွာဘုရားရှင်သည် လင်းသောရောင်ခြည်တော်ကိုလွှတ်လျက် နေတော်မူရာ ပလ္လင်တော်၌ သီတင်းသုံးတော်မူကာ “သင်တို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှောင်ဖြင့် ဖုံးလွှမ်းနေပါလျက် အလင်းကို အဘယ်ကြောင့် မရှာကြသနည်း” ဟု တရားဟောတော်မူ၏။ မိန်းမငါးရာတို့လည်း အကျွတ်တရားရကြလေ၏။ ထိုအခါ ဝိသာခါ ဒါယကာမသည် ဤမျှအရှက်အကြောက်ကိုဖျက်ဆီးတတ်သောသေရည် သေရက်သည် အဘယ်အခါက စဖြစ်ပါသနည်း ဟုလျှောက်သဖြင့် မြတ်စွာဘုရားသည် ပထမဆုံးအရက်ပေါ်လာခြင်းအကြောင်းကို ဟောတော်မူ၏။ 
ပိဋကတ်ကျမ်းဂန်လာ အရက်၏အစ
ရှေးသရောအခါ ဗာရာဏသီပြည်၌ သဗ္ဗမိတ္တမင်းကြီး မင်းပြုစဉ်က ကာသိတိုင်းသား(သူရာ)အမည်ရှိသောမုဆိုး တစ်ယောက်သည် ဟိမဝန္တာတော၌ အမဲပစ်ရန် အသွား တောင်ခြေ၌ အကိုင်းသုံးခွရှိသော သစ်ပင်ကြီးတစ်ပင်၏ အကိုင်းခွဆုံနား၌ ငှက်တို့သည်အရက်ကို သောက်ပြီးမြူးတူးပျော်ပါးကာ ဟစ်အော်ကြွေးကြော်ကြ၏။ ထို့နောက် အောက်သို့ပြုတ်ကျလျက် အသေကဲ့သို့ဖြစ်လေ၏။ အတန်ငယ်ကြာလျှင် တဖန်ပြန်တက်ပြီး ထိုအရည်ကိုသောက်ကြ ကုန်၏။ ဤသို့အတန်တန် မြူးတူးကြသည်ကိုမြင်သဖြင့် မုဆိုးကတက်၍ ကြည့်ရာသစ်ခွတွင်မိုးတွင်းရေကျ၍ အနီးအပါးမှ ဇီးဖြူ ရှစ်ရှား၊ ဖန်းခါးသီးတို့ကိုလည်းကောင်း၊ သလေးစပါးတို့ကိုလည်းကောင်း၊ ငှက်တို့ယူဆောင်ကာ ထိုသစ်ခွ၌စား၍ စားကြွင်းများ သစ်ခွတွင်းသို့ကျသဖြင့် နွေအခါ၌ ဆူးပေါက်၍ အရက်ဖြစ်နေသည်ကိုမြင်သဖြင့် သောက်ကြည့်လေ၏။
ထို့နောက် မူးယစ်လာကာ သစ်ပင်အောက်၌ မူးသဖြင့် အိပ်ပျော်နေကြသော ငှက်တို့ကိုသတ်၍ မီးကင်ကာစား၏။ သေရည်ကိုလည်း အဖန်ဖန်သောက်၏။ ဤသို့အားဖြင့် မူးယစ်ကာ အိပ်၏။ ထို့နောက်အနီးရှိ ဂရုဏရသေ့ထံ သေရည်နှင့်အမဲကင်တို့ကိုယူသွားကာ နှစ်ဦးသား သောက်စားမူးယစ်ကြလေ၏။ ယင်းနောက် ထိုအရည်ကို ဝါးကျည်တောက်တို့ဖြင့်ထမ်း၍ ပစ္စန္တရာဇ်မင်းအား ဆက်သရာ တစ်မြို့လုံးအရက် သောက်သဖြင့်ပျက်လေ၏။
တော၌အရက်ကုန်သဖြင့် အိုးကြီးအိုးငယ်တို့ဖြင့် ချက်ကြလေ၏။ ထိုအခါမှစ၍ အရက်ချက်ခြင်း၊ အရက်သောက်ခြင်း ပေါ်ပေါက်လာလေသည်။ ထိုသေရည်ကိုလည်း သူရာဟူ၍လည်းကောင်း၊ ဂရုဏဟူ၍လည်းကောင်း ခေါ်လေ၏။ မင်းလည်း သေအိုးအနီး၌ ကြွက်များ မသောက်စေရန်ကြောင်တို့ကို ချည်ထားကာ ကြီးစွာသော မဏ္ဍပ်ကိုပြု၍ သေသောက်သဘင် ကျင်းပအံ့ဟု တစ်မြို့လုံး စည်မောင်းလည်စေ၏။ ကြောင်တို့လည်း သေအိုးမှ အမြှုပ်တို့ဝေကျသည်ကို သောက်သဖြင့် အသေကဲ့သို့အိပ်လေ၏။ ကြွက်တို့လာ၍ကြောင်တို့၏ နားရွက်အမြီးတို့ကို စားကြလေ၏။ အမတ်တို့မြင်လျှင် သေရည်မဟုတ်၊ အဆိပ်ဟုလျှောက် သဖြင့် သူရာမုဆိုးနှင့် ဂရုဏရသေ့တို့အား သတ်လေ၏။ ထို့နောက် ကြောင်တို့အမူးပြယ်မှ အရက်ဖြစ်ကြောင်းသိ သဖြင့် သောက်ရန်ပြင်ကြလေ၏။ သိကြားမင်းလည်း လောကကြီး ပျက်စီးတော့မည်ကို မြင်သဖြင့် လာရောက်ဆုံးမကာ အရက်အိုးတို့ကို ရိုက်ခွဲစေ၏။ “လောကကြီးအား ပျက်စီးစေသော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြလော့”ဟု ဆုံးမကာနတ်ပြည်သို့ ပြန်လေ၏။ သေအရက်ကို မင်းနှင့်တကွ တစ်ပြည်လုံးရှောင်ကြဉ်သဖြင့် ချမ်းသာရာကိုရကြလေ၏။
 အရက်မျိုး ၅-ပါး
လူမပြုသော်လည်း အလိုအလျောက်ဖြစ်နေတတ်သော မေရယခေါ်အရက်မျိုးငါးပါး။
  1. ပုပ္ဖါသ၀- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
  2. ဖလာသ၀-သစ်သီးရည်မှဖြစ်သောအရက်၊
  3. မဓွာသ၀-မုဒရက်ရည်မှ ဖြစ်သောအရက်၊
  4. ဂုဠာသ၀-ကြံရည်မှဖြစ်သောအရက်၊
  5. သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ၀တ္ထုပေါင်းတို့စုပေါင်း၍ ဖြစ်သောအရက်။
အရက်သောက်ခြင်းအပြစ် ၆-ပါး
“ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊
ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊
မလုံ အင်္ဂါ၊ ပညာ နည်းရှား
ဤ ၆-ပါးကား၊ သောက်စားသေစာအပြစ်တည်း။”
အရက်ကြောင့် ဖြစ်စေတတ်သော ရောဂါများ
(၁)အစာအိမ်နာနှင့် caffeine ဓါတ်
အရက်သေစာကို အလွန်အကျွံသောက်သုံးခြင်းကလည်း အစာအိမ်နာဖြစ်ပွားမှုကို ဦးတည်စေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေပါသည်။ Caffeine ဓါတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှုပမာဏကိုများပြားစေတာကြောင့် caffeine ဓါတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြသနာဖြစ်ပွားနိုင်တာမို့ အလွန်အကျွံသောက်သုံးမှုမှ ရှောင်ကျဉ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။
(၂)အသည်းရောဂါ
အရက်အလွန်အကျွံ မသောက်နှင့်
အရက်အလွန်အကျွံ သောက်ခြင်းက သင့်အသည်းကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါသည်။ အသည်းအဆီဖုံးခြင်း (fatty liver) ၊ အသည်းရောင်နာနှင့် အသည်းကြွပ်ခြင်း၊ အသည်းခြောက်ခြင်း (cirrhosis) ဖြစ်စေနိုင်ပါသည်။ အများစုတွင် အရက်သောက်ခြင်း လျော့လိုက်သည်နှင့် အသည်းအဆီဖုံးခြင်း အခြေအနေလျော့ပါးသက်သာလာပါလိမ့်မည်။ ရံဖန်ရံခါတွင် အသည်းအဆီဖုံးခြင်းက အသည်းရောင်ခြင်းနှင့် အသည်းခြောက်ခြင်းအဆင့်သို့ တိုး၍ဆိုးသွားလိမ့်မည်။ ယင်းအခြေအနေမှ တစ်ဆင့် အသည်းလုပ်ဆောင်မှု ရပ်ဆိုင်းခြင်း (liver failnre) အထိ ဖြစ်လာနိုင်ပါသည်။
အရက်၏ ဆိုကျိုးများကိုသိရှိပြီး ရှောင်ရှားနိုင်ကြပါစေ.....။
ကိုးကား -    တိံသနိပါတ်-ကုမ္ပဇာတ်
တောင်းပန်ခြင်း
`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။