ဗုဒ္ဓဟောကြားတော်မူသော တရားတော်များထဲမှ လူယုတ်မာတို့၏ သဘောသဘာဝများ အကြောင်း
တချို့သော သူတို့သည် မိမိကိုယ်တိုင်က ကိုယ်ကျင့်သီလမရှိ။ သူတပါးကိုလည်း မဆောက်တည်စေ။ ညစ်ပေယုတ်ညံ့သော စိတ်ရှိ၏။ အမျိုးကိုလည်း မချစ်တတ်၊ စောင့်သိအပ်သော သစ္စာတရားမရှိ။ ကိုယ်ကျိုးကိုသာ ကြည့်တတ်၏။ သူတပါး အကျိုးကို မသည်ပိုးတတ်၊ မိမိ၏ ဂုဏ်သိက္ခာ တိုးပွားရေးကိုသာ အလေးထားတတ်၏။ သူတပါး၏ ဂုဏ်သိမ်ကို ချိုးနှိမ်တတ်၏။ ဣနြေ္ဒမရှိသော ကျီးကဲ့သို့ သူတပါး၏ လာဘ်လာဘကို ကြားဖြတ်၍ ထိုးသုတ်တတ်၏။ မဟုတ်မမှန်ကို အဟုတ်အမှန် ဖြစ်အောင် လုပ်ကြံတတ်၏။ သူပြုဖူးသော ကျေးဇူးကိုလည်း မသိတတ်ချေ။
မိမိစိတ်နှင့် နှိုင်းယှဉ်၍ မြင်မြင်သမျှ လူမိုက်ချည်းသာ ထင်မှတ်နေတတ်၏။ အပြစ်ရှိသော အလုပ်ကို လုပ်ကိုင်ဆောင်ရွက် ခဲ့သော်လည်း ၀န်မခံတတ်ချေ။ ဆင်သေကို ဆိတ်သရေဖြင့် ဖုံးသကဲ့သို့ အရွဲ့တိုက်၍လည်း ကွယ်ဝှက်တတ်၏။ သာသည့်ဖက်သို့လည်း ကပ်တတ်၏။ မမြတ်သော တရားဖြင့် အမှားကို ခင်တွယ်တတ်၏။ ပရိသတ်အလယ်၌ သေးငယ်သောဂုဏ်ကို ပြောမကုန်နိုင်အောင် ဖေါ်ဆောင်ဝါကြွားတတ်၏။
ယုတ်မာသူကိုသာ ဆည်းကပ်တတ်၏။ မကောင်းသော အမြင်ရှိ၏။ မကောင်းသော အကြံကိုသာ ကြံတတ်၏။ မကောင်းသော စကားကို ဆိုတတ်၏။ မကောင်းမှုဖြင့် အသက်မွေးတတ်၏။
ယုံကြည်မှု၊ ကြည်လင်မှု သဒ္ဓါတရားမရှိ။ အရှက်အကြောက်မရှိ။ အကြားအမြင် နည်း၏။ ပျင်းရိတတ်၏။ သတိမေ့၍ ပညာကင်း၏။ အချင်းချင်း ရိုင်းပင်းမှု မရှိချေ။ သိမ်ဖျင်းသောစကား၊ ကြမ်းတမ်းသောစကားတို့ကို ပြောတတ်၏။ သူ့အသက်ကို သတ်တတ်၏။ မပေးသည်ကို ယူတတ်၏။ ကာမကို မှားယွင်းစွာ ပြုတတ်၏။ မိမိရရှိထားသည်တို့ကို သူတပါးတို့အား မပေးလို။ ၀န်တိုတတ်၏။
ဂုဏ်ကျေးဇူးကို ဖျက်ဆီးတတ်၏။ ရမ္မက်ကြီး၏။ ကြမ်းကြုတ်၏။ သနားကရုဏာမရှိ။ အမြဲမြည်တွန်နေတတ်၏။ ပြစ်မှားတတ်၏။ ရန်ငြိုးဖွဲ့တတ်၏။ ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်၏။ ငြူစူတတ်၏။ တွေဝေတတ်၏။ သတိသမ္ပဇဉ် ဥာဏ်နှင့်မယှဉ်တတ်။ တည်ကြည်မှုလည်း မရှိချေ။ အရာရာ၌ ခုန်မင်မက်မောခြင်းဟူသော အဘိဇ္ဈာ အားကြီး၏။ သူတပါးကို နှိပ်စက်လိုမှု ဗျာပါဒကြီး၏။ မိမိအတွက်ကိုသာ ကွက်၍ကြည့်တတ်၏။ တဖက်တည်းသာ မြင်၏။ အပြိုင်အဆိုင် ပြုတတ်၏။ စဉ်းလဲကောက်ကျစ်တတ်၏။ လှည့်ပတ်တတ်သော မာယာများ၏။ ကောင်းသောအကြံပေးခြင်းကို လက်မခံတတ်။ ဆုံးမရန် ခက်ခဲ၏။ အိနြေ္ဒတို့၌ မလုံခြုံသော တံခါးရှိ၏။
မိမိကိုယ်တိုင်လည်း ပူပန်ဆင်းရဲ၏။ သူတပါးတို့ကိုလည်း ပူပန်ဆင်းရဲ စေတတ်၏။ မြတ်သောတရားနှင့် မယှဉ်တတ်။ အလိုဆိုး ရှိသည်ဖြစ်၍ မတရားသဖြင့် ဦးဆောင်လမ်းညွှန်တတ်၏။
အနှစ်မရှိသော ကျူပင်ကဲ့သို့ အချည်းနှီး တတ်ကြွ၏။ ထောင်လွှား၏။ လျပ်ပေါ်လော်လီ၏။ နုတ်ကြမ်း၏။ ပြန့်ကျဲသော စကားရှိ၏။ သတိလွတ်ကင်း၏။ ဆင်ခြင်ဥာဏ်လည်းမရှိ။ မတည်ကြည်၍ တုန်လှုပ်သော စိတ်လည်းရှိ၏။ အဓွန့်မရှည်သော အလုပ်တို့နှင့် ပြည့်စုံ၏။ တဖက်သား၏ ကောင်းကျိုးကို အလိုလို ၀န်တိုတတ်၏။ သူတပါးကို မတရားခြိမ်းခြောက်တတ်၏။ ချုပ်ချယ်တတ်၏။ မိမိကိုယ်ကို နှစ်မြုပ်၏။ သူတပါးကိုလည်း နှစ်မြုပ်စေ၏။ မကောင်းမှုကို ပေါ်ပေါ်လွှင်လွှင် ပြုတတ်၏။ ဖေါ်ထုတ်၏။ ပြိုင်ပွဲပင် ပြုလုပ်ပေးတတ်၏။
အယုတ်တရားတို့နှင့် ပြည့်စုံသော သူတို့သည် ဥာဏ်ပညာ အတွေးအခေါ် အားနည်းကြကုန်သော သူတို့အား လာဘ်လာဘ အခွင့်အရေး စသည်တို့ကို ကောင်းမွန်စွာပေး၍ တပည့်အဖြင့် စည်းရုံးပြီးလျှင် အင်အားပြတတ်ကြ၏။
အရှိန်အ၀ါကို အသုံးချတတ်၏။ ရက်စက်တတ်၏။ အဆိပ်ပြင်း၏။ မစင်သည် အနည်းငယ်ပင် ဖြစ်ပါသော်လည်း မကောင်းသော အနံ့ကား ကြီးကျယ်ပြန့်ပွား တတ်သကဲ့သို့ ယုတ်မာသော စိတ်ရှိသူ၏ ဂုဏ်သတင်းတို့သည်လည်း လွယ်ကူစွာ ကျယ်ပြန့်တတ်ကုန်၏။ ဖားသည် အသံကြောင့် သေသကဲ့သို့ ယုတ်မာသူတို့သည်လည်း ယင်းကျော်ကြားသော ဂုဏ်သတင်းကြောင့်ပင် ပျက်စီးတတ်ကြကုန်၏။ (ပျက်စီးရမည်သာတည်း)
(ပုဂ္ဂလ ပညတ်ပါဠိတော် / စတုက္က ပုဂ္ဂလ ပညတ်
No comments:
Post a Comment