သိင်္ဂါလသည် ရာဇဂြိုဟ်မြို့နေ ဗုဒ္ဓဘာသာမိသားစုတစ်စုမှ ပေါက်ဖွါးလာသော သားတစ်ပါးဖြစ်သည်။ သူ၏ မိဘတို့သည် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို အလွန်ကိုင်းရှိုင်း ရိုသေကြသူများဖြစ်သည်။ သို့သော် သိင်္ဂါလ-ကား မိဘတို့နှင့်မတူ တစ်မူထူးခြားသော အတွေးအခေါ်ရှိခဲ့လေသည်။ သူ့ကိုယ်သူကိုလည်း မိဘတို့ထက်သာသည်၊ ခေတ်ပညာတတ်တစ်ဦးဖြစ်သည်၊ မိဘတို့ကား ခေတ်မမှီတော့၊ ခေတ်နောက်မှာကျန်ရစ်ပြီ၊ သူတို့ခေတ်၌ မိဘတို့ခေတ်ကအယူအဆများ အသုံးမ၀င်တော့ဟု သူယူဆသည်။
သူ၏မိဘတို့သည် သားလှရတနာ သားသည်းခြာကို မြတ်ဗုဒ္ဓထံမှောက်သို့ရောက်အောင်၊ သံဃာတော် များထံရောက်အောင်၊ ရောက်ခဲ့လျှင် အေးမြသော တရားအရသာကို ခံစားရအောင် နည်းအမျိုးမျိုးဖြင့် ဖြားယောင်း သွေးဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သဲရေကျဖြစ်ခဲ့ရသည်ချည်းသာ။
သိင်္ဂါလသည်ကား သူ၏မိဘနှစ်ပါးတို့ကို ဤသို့ပင် ပြန်လည်ချေပ ပြောဆိုလေ့ရှိခဲ့သည် -
"အမေအဖေတို့ကလည်း စဉ်းစားကြည့်ပါဦး၊ ကျွန်တော် ဘုရားကျောင်းသွားယင် အနည်းဆုံး မိနစ်သုံးဆယ်လောက် အချိန်ကုန်မယ်။ အဲ့ဒီ မိနစ်သုံးဆယ် အချိန်ဆိုတာ ကျွန်တော့်အတွက်တော့ စီးပွါးရေးဖြစ်နိုင်တယ်၊ စီးပွါးရေးလဲဖြစ်တယ်၊ အတော်ကို ခရီးရောက်မယ့် အချိန်ပဲလေ။ အဲ့ဒီ မိနစ်သုံးဆယ် အချိန်အတွင်း ကြီးပွါးနိုင်တဲ့ စီးပွါးကြီးကိုဗျာ ဘယ့်နှယ် ဘာမဟုတ် ညာမဟုတ် ဘုရားကျောင်းသွားပြီး တောင်လိုလို မြောက်လိုလို၊ တောင်မရောက် မြောက်မရောက်နဲ့ မဖြုန်းတီးချင်ပါဘူး၊ အလဟဿမလုပ်သင့်ဘူးလို့ပဲ ကျွန်တော်ထင်တယ်၊ ကျွန်တော့်အတွက်တော့ အချိန်တိုင်းဟာ ငွေပဲဖြစ်ရမယ်၊ အချိန်တိုင်းဟာ ရွှေပဲဖြစ်ရမယ်"
"အမေနဲ့အဖေတို့ပဲ စဉ်းစားကြည့်လေ ကျွန်တော်က ဘုရားကျောင်းသွားပြီး ဘုရားနဲ့သံဃာတော်တွေကို ဘာလုပ်ပေးရမှာလဲ၊ ဘာမှလဲ လုပ်ပေးစရာမလိုပါဘူး၊ သူတို့ဆီသွားပြီး ကန်တော့မယ် ရှိခိုးမယ်ဆိုယင် အကျိုးအနေနဲ့ကတော့ ခါးညောင်းမယ်၊ ဒူးညောင်းမယ်၊ နားပူမယ်၊ ဒါပဲလေ။ ပြီးတော့ ကျွန်တော်တို့ကချည်း အောက်မှာထိုင်ရတယ်၊ မြေပေါ်မှာထိုင်ရတယ်၊ သူတို့ကတော့ ကောင်းတဲ့နေရာမှာ သန့်တဲ့နေရာမှာပဲထိုင်တယ်လေ။ ကြည့်လေ ဘယ်မှာ တရားလို့လဲ။ ကျွန်တော့်မှာတော့ အင်္ကျီတွေ ပေကုန်တယ်။ သူတို့မှာတော့ ဖုံမှုန့်လေးတောင် မသမ်းဘူး။ သူတို့ရဲ့ပြောဟောချက်တွေကို လက်အုပ်ချီထားပြီး နားထောင်ပေးရတယ်၊ သူတို့က နားမလည် လည်အောင် ခဏခဏရှင်းပြတယ်၊ နားလည်သွားပြီဆိုပြန်တော့လဲ သူတို့ကို အိမ်မှာဖိတ်ကျွေးရတယ်၊ သူတို့ရဲ့ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး လိုအပ်ချက်တွေကိုလည်း ထောက်ပံ့ပေးရသေးတယ်။ နောက်ဆုံးတော့ သားတို့လို လူပုဂ္ဂိုလ်တွေ မမွဲပဲခံနိုင်ရိုးလား။ ဒါ့ကြောင့် သားတို့နိုင်ငံ မကြီးပွါးတာပေါ့" ဟု ပြန်ပြောတတ်လေသည်။
သိင်္ဂါလ၏မိဘနှစ်ပါးတို့သည် သားသည်းခြာကို ပြောမရသည့်အဆုံး ဥပေက္ခာတရားဖြင့် လက်လျှော့ထားခဲ့ရသည်။ ကရုဏာမျက်လုံးတို့ဖြင့် စောင့်ကြည့်ခဲ့ကြသည်။ သားသမီးတို့သည် မိဘတို့ ကွယ်လွန်ခါနီး အချိန်ကျမှ မိဘတို့ပြောသောစကားကို မြေ၀ယ်မကျ နားထောင်တတ်ကြသည်ဟု သူ၏မိဘတို့က သဘောပေါက်ထားခဲ့ကြသည်။ ထို့ကြောင့် သေရာညောင်စောင်းဝယ် လဲလျောင်းနေရသော ကွယ်လွန်ခါနီးအချိန်တွင် သားသိင်္ဂါလကိုခေါ်၍ ကရုဏာသက်လျက် မှာတမ်းခြွေခဲ့လေသည် -
"သားသား ဖေဖေ အခုပြောမယ့်စကားဟာ ဖေဖေရဲ့ နောက်ဆုံးစကားဖြစ်တယ်၊ အဲ့ဒီ နောက်ဆုံးစကားကို သားလေး သေသေချာချာစဉ်းစား ဆုံးဖြတ်ပြီးမှ လက်ခံပါ"
"ပြောပါ ဖေဖေ၊ ဖေဖေပြောသမျှ သားနားထောင်ပါ့မယ်၊ သား လိုက်နာကျင့်သုံးပါ့မယ် ဖေဖေ"
"သားလေးရယ် ဖေဖေဖြစ်စေချင်တာကတော့ သားလေးစောစောထ၊ ရေမိုးချိုးပြီး အရပ်ခြောက်မျက်နှာကို ရှိခိုးရမယ်" ဟုပြောပြီး ၀ိညာဏ်ချုပ်သွားခဲ့သည်။
သားသိင်္ဂါလသည် ကရုဏာရှင် ဖခင်၏ နောက်ဆုံးမှာတမ်းစကားကို အသက်ထက်ဆုံး လိုက်နာဖို့ ဆုံးဖြတ်ခဲ့သည်။ သို့ဖြင့် တစ်နေ့သောအခါ သိင်္ဂါလသည် နံနက်စောစော အိပ်ယာမှထခဲ့သည်၊ ရေမိုးချိုးခဲ့သည်၊ ရာဇဂြိုဟ်မြို့ပြင်သို့ ထွက်ခဲ့သည်။ အဖေမှာထားခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာတို့ကို ရှိခိုးနေခဲ့လေသည်။
ထိုနေ့ကား သိင်္ဂါလနေ့ဟုပင် ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် မြတ်ဗုဒ္ဓ၏ဉာဏ်တော် ကွန်ယက်အတွင်း၌ သိင်္ဂါလလုလင်သည် ထင်ထင်ရှားရှား ပေါ်လွင်ခဲ့သည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် နံနက်စောစော ရာဇဂြိုဟ်မြို့သို့ ခပ်စောစော ဆွမ်းခံကြွရန် ၀င်တော်မူခဲ့သည်။ ရာဇဂြိုဟ်မြို့ပြင်တွင် သိင်္ဂါလကို မြင်တော်မူလျှင် မြတ်ဗုဒ္ဓသည် သူရှိခိုးနေသော အရပ်ခြောက်မျက်နှာတို့၏ လျို့ဝှက်သင်္ကေတတို့ကို ဖေါ်ထုတ်ပေးတော်မူခဲ့လေသည်။ ထိုလျို့ဝှက်သင်္ကေတတို့သည် လူ့ဘောင်လောက လူနေမှုစနစ်ကြီး၏ အခြေခံ သဘောတရားကြီးပင် ဖြစ်လေသည်။ ထို့ကြောင့်ပင် အဋ္ဌကထာဆရာ အရှင်မဟာ ဗုဒ္ဓဃောသသည် သူ၏အဋ္ဌကထာ၌ အောက်ပါအတိုင် မှတ်ချက်ပေးခဲ့လေသည် -
"သိင်္ဂါလသုတ်တော်သည် လူနေမှုစနစ်ကြီး၏ ပြီးပြည့်စုံသော အခြေခံသဘောတရားဖြစ်သည်။ ထို့ကြောင့် ဤသိင်္ဂါလသုတ်တော်ကို လူ့ဝိနည်းဟုပင် ခေါ်ဆိုနိုင်ပေသည်။ မည်သူမဆို ဤလူနေမှုစနစ်အတိုင်း လိုက်နာကျင့်သုံးပါလျှင် ထိုသူ၏မိသားစုမှစ၍ သူနေထိုင်ရာပတ်ဝန်းကျင်၊ သူ၏ရပ်ကွက်၊ သူ၏မြို့ရွာ၊ သူ၏နိုင်ငံ မြေလက်ခတ်မလွဲ ကြီးပွါးတိုးတက် ချမ်းသာကြ မည်ဖြစ်သည်"
ထို့အပြင် ပိဋကတ်ဘာသာပြန်ဆိုရေးအဖွဲ့ (P.T.S.) မှ Mrs. Rhys Davids ကလည်း ဤသိင်္ဂါလသုတ်တော်ကို အောက်ပါအတိုင်း မှတ်ချက်ရေးထိုးခဲ့လေသည် -
"The Buddha's doctrine of love and goodwill between man and man is here set forth in a domestic and social ethics with more comprehensive detail than elsewhere. And truly we may say even now of this Vinaya or code of discipline, so fundamental are the human interests involved, so sane and wide is the wisdom that envisages them, that the utterances are as fresh and practically as binding today and here as they were then at Rajagaha. 'Happy would have been the village or clan on the banks of the Ganges where the people were full of the kindly spirit of fellow-feeling, the noble spirit of justice which breathes through these naive and simple sayings.' Not less happy would be the village, or the family on the banks of the Thames today, of which this could be said."
ဤမျှကောင်းမွန်သော လူနေမှုစနစ်ကြီး၏ အခြေခံသဘောတရားကြီးကို (တစ်နည်းအားဖြင့် လူကျင့်ဝတ် လူ့ဝိနည်း) ကို အောက်ပါအတိုင် သင်္ဂဇာဆရာတော်ဘုရားကြီးက မှတ်သားဖွယ် လင်္ကာများရေးလျက် သီကုံးတော်မူခဲ့လေသည်-
အရှေ့ မိဘ၊ တောင်မှ ဆရာ
နောက်မှာ သားမယား၊ မြောက်ကား မိတ်ဆွေ
အောက်ခြေ ကျေးကျွန်၊ ထက်မွန်ရပ်ဖျား ရဟန်းများ
ခြောက်ပါးရပ်မျက်နှာ-
ဟူ၍ အရပ်ခြောက်မျက်နှာတို့၏ လျို့ဝှက်သင်္ကေတတို့ကို စပ်ဆိုခဲ့လေသည်။ ထို့အပြင် အရပ်မျက်နှာ တစ်ခုစီ၏ အသေးစိပ်များကိုလည်း လင်္ကာစပ်လျက် အောက်ပါအတိုင်း သီကုံးတော်မူခဲ့လေသည်။
The parents should be looked upon as the East, teachers as the South, wife and children as the West, friends and associates as the North, servants and employees as the Nadir, ascetics and brahmins as the Zenith.
သားသမီးကျင့်ဝတ် ငါးပါး (A Child’s Duties)
(၁) မိဘတို့က မိမိအား ငယ်စဉ်က ကျွေးမွေးစောင့်ရှောက်ရသကဲ့သို့ မိမိက မိဘတို့အား ပြန်လည် ကျွေးမွေးစောင့်ရှောက်ခြင်း။Having supported me I shall support them,
(၂) မိဘတို့ ပြုလုပ်ဆောင်ရွက်ဖွယ်ကိစ္စကို မိမိကပင်ဆောင်ရွက် စီမံခြင်း။
I shall do their duties,
(၃) အမျိုးအနွယ်မတိမ်ကောမပျက်စီးအောင် စောင့်စည်း ထိန်းသိမ်းခြင်း။
I shall keep the family tradition,
(၄) မိဘတို့အမွေအနှစ်ကို ခံယူထိုက်အောင် ကောင်းစွာကျင့်ဆောင်ခြင်း။
I shall make myself worthy of my inheritance,
(၅) မိဘတို့ ကွယ်လွန်ပြီးသောအခါ မိဘတို့အတွက် ရည်မှန်း လှူဒါန်းပေးကမ်းပြီးလျှင် အမျှဝေငှခြင်း။
Furthermore I shall offer alms in honour of my departed relatives.
ကျွေးမွေးမပျက် ဆောင်ရွက်စီမံ
မွေခံထိုက်စေ လှူမျှဝေ၍
စောင့်လေမျိုးနွယ် ၀တ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။
မိဘကျင့်ဝတ် ငါးပါး (Parents’ Duties)
(၁) မကောင်းမှုမှ တားမြစ်ခြင်း။They restrain them from evil.
(၂) ကောင်းမှုပြုအောင် တိုက်တွန်းခြင်း၊ သားသမီးကို ငယ်စဉ်ကပင် ဘုရားသွားကျောင်းတက် ခေါ်ဆောင်ခြင်း၊ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်စေရန် ညွှန်ကြားပေးခြင်း၊ ဘုရားရှိခိုးစာ၊ ဆုံးမစာသံပေါက်များ ကဗျာများ ကျက်မှတ်ရွတ်ဖတ်စေခြင်း၊ ငါးရာ့ငါးဆယ် ဇာတ်ကြီးဆယ်ဘွဲ့ စသော အတုယူဖွယ်ပုံဝတ္ထုများ ပြောကြားခြင်းဖြင့် လိမ္မာယဉ်ကျေးအောင် ငယ်စဉ်ကပင် ပြုပြင်တိုက်တွန်းခြင်း။
They encourage them to do good.
(၃) အတတ်ပညာသင်ကြားပေးခြင်း။
They train them for a profession.
(၄) လျောက်ပတ်သောအချိန်၌ အမွေဥစ္စာအပ်နှင်းခြင်း။
At the proper time they hand over their inheritance to them.
(၅) လျောက်ပတ်သောအချိန်အရွယ်၌ ထိမ်းမြားပေးခြင်း။
They arrange a suitable marriage.
မကောင်းမြစ်တာ ကောင်းရာညွှန်လတ်
အတတ်သင်စေ ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင်
ဖခင်မယ်တို့တာ
တပည့်ကျင့်ဝတ် ငါးပါး (A Pupil’s Duties)
(၁) နေရာမှထ၍ ရိုသေစွာ ခရီးဦးကြိုဆိုခြင်း။By rising from the seat in salutation,
(၂) ဆရာထံပါးချဉ်းကပ်ခြင်း၊ ဆရာ့အား ကြောက်၍ ရှောင်ဖယ်မနေပဲ ဆရာ့ထံမှ ဆုံးမသြ၀ါဒ ရယူရန် အတတ်ပညာရယူရန် ချဉ်းကပ်ရမည်။
By attending on him,
(၃) လေးစားစွာ နာယူခြင်း၊ ဆရာ၏ ဆုံးမသြ၀ါဒလမ်းညွှန်ချက်များကို ရိုသေလေးစားစွာ နားစိုက်ထောင်ခြင်း နာယူမှတ်သားခြင်း။
By eagerness to learn,
(၄) ဆရာ့ကို တရိုတသေ ပြုစုလုပ်ကျွေးခြင်း။
By personal service,
(၅) အတတ်ပညာကို ဂရုတစိုက် တန်ဖိုးထား ရိုသေစွာ သင်ကြားလေ့ကျက်ခြင်း။
By respectful attention while receiving instructions.
ညီညာထကြွ ဆုံးမနာယူ
လာမူကြိုဆီး ထံနီးလုပ်ကျွေး
သင်တွေးအံရွတ် တပည့်ဝတ်
မချွတ်ငါးခုသာ
ဆရာ့ကျင့်ဝတ် ငါးပါး (A Teacher’s Duties)
(၁) အတတ်ပညာကိုသင်ကြားပေးခြင်း၊ နှုတ်မှုပညာ လက်မှုပညာ စက်မှုပညာ သင်ကြားပေးခြင်း။They train them in the best discipline,
(၂) ဆုံးမပဲ့ပြင်ခြင်း၊ အပြောအဆိုအနေအထိုင် ယဉ်ကျေးသိမ်မွေ့အောင် မကောင်းမှုဒုစရိုက် မပြုအောင် သွန်သင်ဆုံးမခြင်း။
They see that they grasp their lessons well,
(၃) ဆရာစားမချန်ခြင်း၊ အတတ်ပညာကို ဆရာစားမချန်ပဲ အကုန်အစင် သင်ကြားပေးခြင်း။
They instruct them in the arts and sciences,
(၄) ဘေးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ မိမိတပည့်အပေါ် ကျရောက်မည့် ဘေးအန္တရာယ်ကို အကာ အကွယ်ပေးခြင်း။
They provide for their safety in every quarter.
(၅) ကောင်းမွန်သော အဆွေခင်ပွန်းတို့ထံ၌ ဆက်သွယ်အပ်နှံ၍ တိုးတက်စေခြင်း။
They introduce them to their friends and associates.
အတတ်လည်းသင် ပဲ့ပြင်ဆုံးမ
သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။
လင့်ကျင့်ဝတ် ငါးပါး (A Husband’s Duties)
(၁) မြတ်နိုးကြင်နာမှုရှိခြင်း။By being courteous to her
(၂) နှိမ့်ချ၍မဆက်ဆံခြင်း၊ မထီမဲ့မြင်မပြုခြင်း။
By not despising her,
(၃) မယားငယ်အနှောင်းမထားခြင်း။
By being faithful to her,
(၄) စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း။
By handing over authority to her,
(၅) အ၀တ်တန်ဆာပေးခြင်း။
By providing her with adornments.
မထေမဲ့ကင်း အပ်နှင်းဥစ္စာ
မိစ္ဆာမမှား ၀တ်စားဆင်ယင်
မြတ်နိုးကြင် ငါးအင် လင်ကျင့်ရာ။
မယားကျင့်ဝတ် ငါးပါး (A Wife’s Duties)
(၁) အိမ်တွင်းမှု ချက်ပြုတ် ချုပ်လုပ်စသော အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း။She performs her duties well,
(၂) နှစ်ဘက်သော ဆွေမျိုးတို့ကို ချီးမြှောက်ခြင်း။
She is hospitable to relations and attendants
(၃) မိမိလင်မှတပါး အခြားယောက်ျား၌ လွန်ကြူးသောအကျင့်မှကင်းခြင်း။
She is faithful,
(၄) ရှာဖွေစုဆောင်းရရှိသည့်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။
She protects what he brings,
(၅) အလုံးစုံသောကိစ္စတို့၌ လိမ္မာ၍ ပျင်းရိမှုကင်းခြင်း။
She is skilled and industrious in discharging her duties.
အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ
မိစ္ဆာကြဉ်ရှောင် လျော်အောင်ဖြန့်ချိ
ပျင်းရိမမူ ၀တ်ငါးဆူ အိမ်သူကျင့်အပ်ရာ။
မိတ်ဆွေကျင့်ဝတ် ငါးပါး (A Friend’s Duties)
(၁) ပေးကမ်းချီးမြှင့်ခြင်း။By liberality (charity),
(၂) တန်းတူရည်တူ ဆက်ဆံခြင်း။
By being impartial,
(၃) အကျိုးစီးပွါး ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း။
By being helpful,
(၄) ယဉ်ကျေးချိုသာ ချစ်ဖွယ်သောစကားကို ဆိုခြင်း။
By courteous speech,
(၅) မချွတ်မယွင်း မှန်ကန်တည့်မတ်ခြင်း။
By sincerity.
ပေးကမ်းချီးမြှင့် ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက် နှုတ်မြွက်ချိုသာ
သစ္စာမှန်စေ ၀တ်ငါးထွေ
ကျင့်လေမိတ်သဟာ။
တုံ့လှည့်မိတ်ဆွေကျင့်ဝတ် ငါးပါး (Friends’ Duties in turn)
(၁) မေ့လျော့သောအခါ စောင့်ရှောက်တတ်ခြင်း။They protect him when he is heedless,
(၂) မိတ်ဆွေ၏ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်ခြင်း။
They protect his property when he is heedless,
(၃) ကြောက်လန့်ဖွယ်ရှိသောအခါ အားထားမှီခိုရာဖြစ်ခြင်း။
They become a refuge when he is in danger,
(၄) ဘေးအန္တရာယ်နှင့်တွေ့ကြုံသောအခါ စွန့်ပစ်မသွားဘဲ အေးအတူပူအမျှ အတူတကွ ရပ်တည်ခြင်း။
They do not forsake him in his troubles,
(၅) မိတ်ဆွေ၏ သားမြေးမြစ်အစဉ်အဆက် မိတ်ဆွေမပျက်စေခြင်း။
They show consideration for his family.
မေ့လျော့စောင့်လာ ဥစ္စာစောင့်ရှောက်
လန့်ကြောက်မှီရာ ဘေးလာမပြစ်
သားမြစ်စဉ်ဆက် မပျက်ပူဇေ
ဝတ်ငါးထွေ မိတ်ဆွေပြန်ကျင့်ရာ။
(၁) သူတို့၏ကျွမ်းကျင်မှုအားလျှော်စွာ အလုပ်ကို ခိုင်းတတ်ရခြင်း၊
By assigning them work according to their ability,
(၂) လုံလောက်သော လစာရိက္ခာကို ပေးကမ်းထောက်ပံ့ရခြင်း၊
By supplying them with food and with wages,
(၃) ဖျားနာသောအခါ ဆေးဝါးတို့ဖြင့် ကုသပေးရခြင်း၊
By tending them in sickness,
(၄) အမြတ်အစွန်းရလာလျှင် အလုပ်သမားများအား စနစ်တကျဝေးငှပေးရခြင်း၊
By sharing with them any delicacies,
(၅) အချိန်ကာလအားလျှော်စွာ ခွင့်ရက်များပေးရခြင်း။
By granting them leave at times.
ဝစွာကျွေးမွေး၊ ပြုရေးစီရင်
နာလျှင်ကုစေ၊ ငှဝေရသာ
အခါကိုလွှတ်၊ အလုပ်ရှင်ဝတ်၊ မချွတ် ငါးခုသာ။
အလုပ်သမား (၀န်ထမ်း) ကျင့်ဝတ် ငါးပါး (A Staff’s Duties)
(၁) အလုပ်ရှင်မထမီ စောစီးစွာထရခြင်း၊
They rise before him,
(၂) အလုပ်ရှင်နောက်မှ အိပ်ရခြင်း၊
They go to sleep after him,
(၃) ပေးသောပစ္စည်းကိုသာ ယူရခြင်း၊
They take only what is given,
(၄) မိမိအလုပ်ကို တာဝန်ကျေရခြင်း၊
They perform their duties well,
(၅) မိမိအလုပ်ရှင်၏ဂုဏ်အသရေကို မငြိုးနွမ်းစေရခြင်း။
They uphold his good name and fame.
အိပ်သော်နောက်ကျ၊ ထသော်ကားရှေး
ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်
ကျေးဇူးမြွက်၊ ငါးချက် လုပ်သားဝတ်။
ဒါယကာကျင့်ဝတ် ငါးပါး (A Devotee’s Duties)
(၁) မေတ္တာစိတ်ထား၍ ဆောင်ရွက်ပေးခြင်း၊By lovable deeds,
(၂) မေတ္တာစိတ်ထား၍ ပြောဆိုလျှောက်ထားခြင်း၊
By lovable words,
(၃) မေတ္တာစိတ်ထား၍ တွေးခေါ်ကြံစည်ခြင်း၊
By lovable thoughts,
(၄) ပစ္စည်းလေးပါးဖြင့် ဖိတ်မာန်ခြင်း၊
By keeping open house to them,
(၅) မိမိတတ်စွမ်းသလောက် ထောက်ပံ့လှူဒါန်းခြင်း။
By supplying their material needs.
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်
ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား
တတ်အားလှူစေ၊ ၀တ်ငါးထွေ
ပြုလေဒါယကာ။
ရဟန်းကျင့်ဝတ် ခြောက်ပါး (Monks' Duties)
(၁) မကောင်းသော အကုသိုလ်အလုပ်များ မလုပ်ဖြစ်အောင် တားမြစ်ပေးခြင်း၊They restrain him from evil,
(၂) ကောင်းသော ကုသိုလ်အလုပ်များ ပြုလုပ်ဖြစ်အောင် တိုက်တွန်းပေးခြင်း၊
They persuade him to do good,
(၃) နှလုံးသားဝယ် မေတ္တာစိတ်များဖြင့် လွှမ်းထုံထားခြင်း၊
They love him with a kind heart,
(၄) မကြားဘူး မနာဘူးသေးသော တရားများကို ဟောပြောပေးရခြင်း၊
They make him hear what he has not heard,
(၅) ကြားဘူးပြီး နာဘူးပြီးသော တရားများကို ထပ်မံ၍ ရှင်းလင်းပြသပေးရခြင်း၊
They clarify what he has already heard,
(၆) နတ်ပြည် နိဗ္ဗာန်တိုင်သို့ရောက်အောင် လမ်းဆောင်ညွှန်ပြပေးရခြင်း။
They point out the path to a heavenly state.
မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်
အသစ်ဟောကျူး၊ နာဖူးထပ်မံ
နတ်ထံတင်ရာ၊ မေတ္တာလည်းပြု
ရဟန်းမှု ခြောက်ခုလွန်သေချာ။
ဤသို့သောအားဖြင့် ရဟန်းပညာရှိ လူပညာရှိ သူတော်စင်အပေါင်းတို့က အဖက်ဖက်မှ ချီးမွမ်းတော်မူကြသော ဤသိင်္ဂါလသုတ်တော်ကြီးကို နာယူမှတ်သား လေ့လာသင့်ကြပေသည်။ ယခုတင်ပြအပ်ပြီးသော အချက်အလက်များသည် သိင်္ဂါလသုတ်တော်ကြီးထဲမှ တစ်စိတ်တစ်ဒေသမျှသာ ဖြစ်ပါသဖြင့် ယခုစာရှုသူအပေါင်းတို့အား ဤသိင်္ဂါလသုတ်တော်ကြီးကို အပြီးသို့တိုင် ကုန်စင်အောင် လေ့လာကြရန် အထူးတိုက်တွန်းအပ်ပါသည်။ သို့မှသာ မိမိဘ၀အတွက်၊ မိမိ၏မိသားစု၊ မိမိ၏ဆွေမျိုးမိတ်ဆွေ၊ မိမိနေထိုင်ရာရပ်ကွက်၊ မိမိ၏မြို့ရွာဒေသ၊ မိမိ၏တိုင်းပြည် ကြီးပွါးရေးအတွက် စနစ်ကျသော လူနေမှု၊ လူ့ဘောင်အဖွဲ့အစည်းကြီးကို တည်ဆောက်နိုင်ကြမည်ဖြစ်သည်။ ထိုသို့ တည်ဆောက်သောအားဖြင့် မိမိသူတစ်ပါး နှစ်ဦးသားတို့မှစ၍ တစ်နိုင်ငံလုံး တစ်ကမ္ဘာလုံး စိတ်ချမ်းသာ၍ ကြီးပွါးတိုးတက်ကြမည်မှာ ဧကန်အမှန်ပင်ဖြစ်ပါတော့သည်။
(သီတဂူ ဆိုက်မှကူယူဖော်ပြပါသည်)
No comments:
Post a Comment