ယနေ့ခေတ် အစိုးရ စာသင်ကျောင်းများရဲ့ အထက်တန်းအဆင့် စာသင်ခန်း
(အထူးသဖြင့် တက္ကသိုလ်ဝင်တန်း) များဟာ ပုဂ္ဂလိက ဝန်ဆောင်မှု လုပ်ငန်းလို့
အမည်ပေးထားတဲ့ ဘော်ဒါများရဲ့ စားကျက်လုကွင်းများ ဖြစ်လာနေပါတယ်။
အစိုးရကျောင်းများရဲ့ ဖေဖော်ဝါရီလ ဒုတိယ နှစ်ဝက် စာမေးပွဲတောင်
မပြီးသေးဘူး။ ဘော်ဒါတွေ မဲဆွယ်လုပ်ငန်း စနေပါပြီ။ ဘော်ဒါထွက်
ကျောင်းသားဟောင်းများမှ တစ်ဆင့်၊ ကျောင်းသား မိဘများမှ တစ်ဆင့်၊ ပွဲစား
အမျိုးမျိုးကနေ တစ်ဆင့်၊ မက်လုံး၊ ဆွယ်လုံး၊ ကြွားလုံးတွေ လွှင့်နေကြပါပြီ။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး ဖြေပြီးလို့ ပြန်လာကြတဲ့ ကျောင်းသားတွေရဲ့
လက်ထဲမှာ ဘော်ဒါ ကြော်ငြာ စာရွက်စာတမ်းတွေ ပလူပျံပြီး ပါလာကြပါတယ်။
လမ်းဆုံ၊ လမ်းခွ၊ ခြံစည်းရိုး၊ အုတ်နံရံ၊ လမ်းဘေးဈေးဆိုင် မကျန်
သစ်ပင်များက အစ ဒဏ်ခံကြရတဲ့ ကြော်ငြာတကာ့ ကြော်ငြာကြားမှာ ဘော်ဒါဟောင်း၊
ဘော်ဒါ အသစ်များရဲ့ ကြော်ငြာဆိုင်းဘုတ် အကြီးအသေး ဆိုက်စုံ၊ အသွေးစုံ
အရောင်စုံခြယ်လို့ ဟိတ်ဟန်ကြီးမား ဝင့်ထည်လှစွာ နေရာတကာ နေရာယူလာတာ
တစ်နှစ်ထက် တစ်နှစ် အပြိုင်အဆိုင်ပါပဲ။ တစ်ကမ္ဘာလုံးမှာ မြန်မာနိုင်ငံလောက်
ဘော်ဒါ ကြော်ငြာပေါတဲ့ နိုင်ငံ မရှိလောက်ဘူးလို့ ဘယ်နိုင်ငံမှ
မရောက်ဖူးပေမယ့် တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ နိုင်ငံခြားသားတွေ
လာရောက်ကြတဲ့အခါ နိုင်ငံရဲ့ ပညာရေးဟာ ဘယ်လောက် အဆင့်ရှိတယ် ဆိုတာ လမ်းဘေး
ဘော်ဒါကြော်ငြာတွေ မြင်ရုံနဲ့ သိနိုင်မယ် ထင်ပါတယ်။
နိုင်ငံ တစ်နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုကို
ဖော်ဆောင်ပေးမယ့် ပညာရေးဟာ ဆိုင်းဘုတ်၊ ပိုစတာ၊ ဂျာနယ်၊ လက်ကမ်းစာစောင်
အမျိုးမျိုးနဲ့ ကြော်ငြာအား ကောင်းကောင်းသုံးပြီး ကျောင်းသားတွေကို ဘော်ဒါ
စာသင်ခန်းတွေမှာ ဘယ်လို သင်ရိုး မာတိကာ၊ ဘာသင်နည်း မှတ်စု၊ ဘယ်လို
သင်ကြားနည်း၊ ဘယ်လို သင်နည်းထောက်ကူတွေများ သုံးပြီး သင်နေတာများပါလဲ။
ကောင်းလိုက်တဲ့ အောင်ချက်၊ တိုးလာတဲ့ ဘော်ဒါဦးရေ ဈေးကွက်စီးပွားရေးကနေ
ဈေးကွက်ပညာရေး ပြောင်းသလား အောက်မေ့မိပါတယ်။ မြို့နဲ့ဝေးတဲ့
ရွာကျောင်းတွေမှာ ဘော်ဒါရောဂါ ဝင်ရောက်မှု နည်းပေမယ့် မြို့နဲ့နီးတဲ့
ရွာတွေမှာရော၊ စီးပွားရေး အတော်အတန် ကောင်းတဲ့ ရွာတွေမှာပါ အထက်တန်း
ကျောင်းသား အားလုံးနီးပါး ဘော်ဒါ ရောက်ကုန်ပါတယ်။ အကြောင်းအမျိုးမျိုး
ပြပြီး ဘော်ဒါနဲ့ နီးတဲ့ မြို့ကျောင်းတွေကို ကျောင်းပြောင်းဖို့
ကျောင်းထွက်လက်မှတ် လာယူကြပါတယ်။ အနည်းအကျဉ်းလောက်ပဲ ရှိမှာပါလို့
စဉ်းစားရင်းနဲ့ ပြောင်းမယ့် လူစာရင်း ယူပါတယ်။ ကျောင်းဖွင့်လို့
ကျောင်းသားတွေ မြို့ဘော်ဒါကနေ သုံးဘီး ဆိုင်ကယ်လေးတွေနဲ့ တန်းစီးပြီး
ကျောင်းလာတက်ကြပါတယ်။ သုံးဘီး တက်စီလေးတွေမှာ ဘော်ဒါ ပေါင်းစုံရဲ့ Vinyl
ကြော်ငြာမျိုးစုံ အခန့်သားနဲ့ ကျောင်းဝင်းထဲမှာ အပြိုင်အဆိုင်ပေါ့။
ဘော်ဒါနား မသီနိုင်တဲ့ ဆင်းရဲသား ကျောင်းသား အနည်းစုမှာတော့
အားကျမှုများနဲ့ ငေးကြည့်နေကြတယ်။ ဘော်ဒါရောက်တော့ အလှပြင်တာ၊
ဝတ်စားဆင်ယင်တာ၊ ရှိုးထုတ်တာတွေ ပြိုင်တတ်လာတယ်။ ဆရာ့သြဇာ နာခံမှု နည်းလာတယ်။
ကျောင်းက ဆရာ စာသင်စဉ်မှာ မကိုင်ချင့် ကိုင်ချင် ကိုင်ရတဲ့ Text Book
များဟာ စာမေးပွဲ ဖြေချိန် စာသင်ခန်း ရှင်းရင် ဘာသာရပ်အလိုက် ပုံနေတာနဲ့
သိမ်းယူသွားပြီး ကြော်ငြာပါတယ်။ သက်ဆိုင်ရာ ကျောင်းသား၊ ကျောင်းသူများ
လာယူကြလို့ တော်ရုံနဲ့ လာမယူကြပါဘူး။ “သယ်ရတောင် သက်သာသေး” တဲ့။ Text Book
နဲ့ သင်နည်းဟာ Out နေပြီတဲ့။ Text Book ဟာ သာသာရပ်တိုင်းရဲ့ “စံ”
မဟုတ်ပါလား။ “အမှတ်ပေး စည်းမျဉ်းမှာ သဘောကွဲလွဲပါက Text Book အတိုင်း
ယူရမယ်” လို့ စာစစ်ဥပဒေ ရှိတယ်လို့ နားလည်ထားတာ ပြောင်းပြန်
ဖြစ်ကုန်ပြီလား။ အဆင်သင့် ရှိပြီးသား Notes လေးတွေ ထုတ်ပြီး ထိုင်နေကြတယ်။
လိုက်မှတ်၊ လိုက်ကူး၊ လိုက်ရေး၊ လိုက်နားထောင်ရမယ့် ကျောင်းသား အလုပ်ကို
လက်ကြောတင်း မလုပ်ချင်တဲ့ ရောဂါရလာတဲ့ အပြင် အရာရာကို ကိုယ်ပိုင် အစွမ်းအစ
ထုတ်ပြီး ကြိုးစားလိုစိတ် အားနည်းလာတယ်။ ဆရာတွေ အပေါ်မှာ လေးစား အထင်ကြီးမှု၊
ဆရာ သင်ကြား ပြသမှုကို ခံယူလေ့လာတတ်မှု၊ ဆရာများရဲ့ ဆိုဆုံးမစကားကို ဘော်ဒါ
ဆရာကို သဘောထားသလို ပေါ့ပျက်ပျက် သဘောထားမှုတွေ အများစု ဖြစ်လာပြီ။ ဒါတွေဟာ
ကျောင်းနဲ့ ဆရာတွေရဲ့ စေတနာ၊ မေတ္တာကို အသိအမှတ်ပြုမှု အားနည်းလာခြင်း၊
ယုံကြည်ကိုးစားမှု နည်းလာခြင်းကို ပြပါတယ်။
နောက်တစ်ဆင့် လတိုင်း အခန်းဆုံး စာမေးပွဲများ စစ်မေးချိန်၊ Pretest
များ စစ်မေးချိန်၊ ဘော်ဒါ အများစုမှာ ကျောင်းက စစ်မေးမယ့် ဘာသာရပ်အတွက်
စာကျက်ချိန် မပေးလို့ မကျက်လိုက်ရဘူး ဆိုပြီး စာဖြေချိန် သုံးနာရီမှာ
ငုတ်တုတ်ထိုင်နေကြပါတယ်။ အိပ်နေတာတောင် ရှိပါတယ်။ ပေါက်ကရ ဖြစ်ကတတ်ဆန်း
ဖြေပါတယ်။ အဲဒီ ဘာသာ အကျများတော့ ရာနှုန်း မပြည့်လို့ဆိုပြီး ဘာသာရပ်ဆိုင်ရာ
ဆရာက အမြဲ ထုချေလွှာ တင်နေရပါတယ်။ ဝန်ခံလက်မှတ် ထိုးနေကြရပါတယ်။ ဒါဟာ
ကျောင်းကို မထေမဲ့မြင် သဘောထားတတ်လာတာပါပဲ။
ကျောင်းစာသင်ခန်း အတွင်းမှာ ဘော်ဒါ နေနိုင်သူ အုပ်စု၊ မနေသူ အုပ်စု
ထမင်းစားတာက အစ ကွဲကုန်ပါတယ်။ ကျောင်းလုပ်ငန်းတွေ ခိုင်းရင်လည်း အုပ်စု
ကွဲကုန်ပါတယ်။ ကျောင်းက Special Class တွေ၊ Night Study တွေ သင်ထားတဲ့
အုပ်စုနဲ့ အချိန်မကိုက်လို့ ဘာမှ မတတ်ရတဲ့ ဘော်ဒါ အုပ်စုကွဲပြီး စာသင်ရတာ
အခက်အခဲ ရှိလာပါတယ်။ ဘော်ဒါ အချင်းချင်းတောင် မလိုလားအပ်တဲ့
ပြိုင်ဆိုင်မှုတွေ ပေါ်လာပါတယ်။ စာမေးပွဲ အောင်သွားတာတောင်မှ
ဘော်ဒါကောင်းတွေမှာ နေခဲ့ရလို့၊ ဘော်ဒါ ဆရာတွေ အသင်အပြ ကောင်းခဲ့လို့နဲ့
ကျောင်းသားတွေရော မိဘတွေပါ တသသ ကျေးဇူးတင်လို့ မဆုံးတော့ပါဘူး။ ငွေအသပြာနဲ့
ဝယ်ရတဲ့ ပညာကမှ ပိုတန်ဖိုးထားတတ်လာတာပေါ့။ အစိုးရကျောင်းတွေမှာ
သူငယ်တန်းကနေ နဝမတန်းအထိ သင်ပေးလိုက်တဲ့ အခြေခံကို ယူပြီး ဘော်ဒါများဟာ
တက္ကသိုလ်ဝင်တန်းမှာ အမြိုင့်သား နာမည်ကောင်းယူ စီးပွားရှာနေကြပါတယ်။
အဌမတန်းမှာ သင်ကြားဆဲ မဟော်သဓာ ဇာတ်တော်ကြီးရဲ့ သားတရား စီရင်ခန်းကို
တွေးမိပါတယ်။ ဘီလူးမနှင့် မိခင် အရင်းတို့၏ သားလုပွဲ တရားစီရင်ခန်းမှာလိုပဲ
ကိုယ်မွေးထားတဲ့ သားသမီး အရင်းရဲ့ ပညာရေး တိုးတက်မှု အတွက် ကိုယ့်ကျောင်း
နာမည်ကောင်း ရရေးကို ဆုံးရှုံးခံပြီး ဘော်ဒါများ နာမည်ကောင်း ရရေးအတွက်
ကျောင်းသားများ မွေးထုတ်ပေးနေရပြီ ဖြစ်ပါတယ်။
ဘော်ဒါတွေဟာ သားငယ်၏ အသွေးအသားနဲ့ တူလှတဲ့ အသပြာကို မက်မောလှစွာနဲ့
စာသင်ခန်းများ အတွင်း ကျောင်းသား လုပွဲများ အပြိုင် နွှဲနေကြပါတယ်။
နိုင်ငံတော်ရဲ့ အနာဂတ် မျိုးဆက်သစ်များ မွေးထုတ်ပေးရာ တက္ကသိုလ်ဝင်တန်း
စာသင်ခန်းများ အတွင်း ပုံရိပ် တစ်ခွန်း တစ်စွန်းတစ်စကို
ဖော်ပြလိုက်ခြင်းမျှသာ ဖြစ်ပါတယ်။ မျက်စိစုံမှိတ်ပြီး ဒီစနစ် မကောင်းဘူး
ရမ်းသန်းနေခြင်း မဟုတ်ပါ။ တိုးတက်မှု၊ ဆုတ်ယုတ်မှုကို မည်သည့်ဘက်
အားသာနေကြောင်း မီးမောင်း ထိုးပြခြင်းမျှသာ ဖြစ်ပါတယ်။ ပြောင်းလဲလာတဲ့
ပညာရေး စနစ်ရဲ့ လိုအပ်ချက်အရ ဘော်ဒါပညာရေး ပေါ်ပေါက်လာတာကို လက်ခံပါတယ်။
အတိုင်းအတာကို လွန်ကဲစွာ ထိုးဖောက် နေရာယူလာနေကြောင်းကို ဆိုလိုပါတယ်။
ပုံပြင် တစ်ပုဒ် ကြားဖူးခဲ့ပါတယ်။ အိမ်ရှင် တစ်ယောက်ရဲ့ အိမ်အတွင်းသို့
ကုလားအုပ် တစ်ကောင် မိုးဝင်ခိုရင်း၊ ခေါင်းလေး တစ်လုံး၊ လက်ကလေး တစ်ဖက်၊
ခြေထောက်ကလေး တစ်ချောင်းကနေ တစ်ကိုယ်လုံး နေရာ ဝင်ယူပြီး အိမ်ရှင်ကို အပြင်
မောင်းထုတ်လိုက်တဲ့ အဖြစ်လေးပါ။ ဘော်ဒါ ရေစီးကြောင်းထဲမှာ ဆရာနဲ့တကွ
တပည့်အပေါင်းများစွာ ကျောင်းသားမိဘ ဆင်းရဲချမ်းသာ မကုန် မျောနိုင်သူတို့က
ခေတ်မီသည်ဟု ထင်နေကြ။ မမျောနိုင်သူတို့က ကျောင်းက ဆရာနဲ့ စာသင်နေရတာကိုပင်
ဂုဏ်ငယ်သည်ဟု ထင်လာနေသည့်ခေတ်။
“အထက်တန်းအဆင့် ပညာရေးဟာ နိုင်ငံ တစ်ခုကို တည်ထောင်ဖို့၊ တိုးတက်
ဖွံ့ဖြိုးအောင် လုပ်ဖို့အတွက် တကယ့်ကို အသုံးဝင်တဲ့
ခေါင်းဆောင်လောင်းတွေကို သေချာ ပျိုးထောင်ရတော့မယ့် အရေးကြီးတဲ့ အဆင့်
တစ်ဆင့်ပဲ ဖြစ်ပါတယ်” ဆိုတဲ့ အချက်ကို တက္ကသိုလ်ဝင်တန်း စာသင်ခန်းများရဲ့
ပုံရိပ် မြင်ကွင်းများမှ တစ်ဆင့် ခံစား ဖော်ပြခြင်းမျှသာ ဖြစ်ပါတယ်။ ဘော်ဒါ
မနေနိုင်ပေမယ့် မိမိရဲ့ ကိုယ်ပိုင် အစွမ်းအစကို အားကိုးလျက် ဆရာပီသသော
ဆရာများရဲ့ ရင်ခွင်အောက်မှာ ယုံကြည်စွာ သင်ကြားမှု ခံယူနေတဲ့ တပည့်များ
အတွက် ငယ်စဉ် အခြေခံပညာ အထက်တန်းမှာ သင်ကြားခဲ့ရတဲ့ “မြန်မာကဗျာ
လက်ရွေးစင်” မှ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာ တစ်ပိုင်းတစ်စကို ရွတ်ဆိုရင်း
တိုက်ပွဲဝင်နေဆဲ ...
ပျဉ်းမငုတ်တို၊ သက်ကြားအိုသည်
စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ၊ နေလျှံလည်းတိုက်
မငိုက်ဦးခေါင်း၊ အားသစ်လောင်းလျက်
လေပြည်ထဲတွင် ငယ်ရုပ်ဆင်သည်
အသင် ဆရာကောင်း တကား။
(ယောက်ျားကောင်း စာသားတွင် ဆရာကောင်း စာသားကို ထည့်လျက် ဆရာကြီး မင်းသုဝဏ်သို့ ဂုဏ်ပြုဦးညွတ် ကန်တော့ ပန်ဆင်အပ်ပါသည်။)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment