Pages

Thursday, October 20, 2011

မြန်မာ့ရိုးရာ ညင်းတူရိယာ

“သံသာ မြလေး
သီကြွေး ညှင်း စောင်း
မိချောင်း စည်းဆုပ်”
ပုဂံမြို့ဟောင်း ဓမ္မရာဇိက ဘုရားနံရံ မင်စာ လင်္ကာ
အနောက်ဖက်လွန်မင်း လက်ထက်
အင်းဝခေတ် (မြန်မာ သက္ကရာဇ် ၉၆၇-၉၉ဝ)
ဒီကနေ့ မြန်မာ့ရိုးရာ တူရိယာတွေထဲက တိမ်ကော ပျောက်ကွယ်သွားပြီဖြစ်တဲ့ ‘ညင်း’ တူရိယာ ကို ရှေးစာတွေမှာ ညင်း၊ ညှင်း၊ ငြင်း၊ ငြှင်း စာလုံးပေါင်း အမျိုးမျိုးနဲ့ တွေ့ရပါတယ်။
‘ညင်း’ စာလုံးရဲ့ အဓိပ္ပာယ်က သာယာညင်းပျောင်း ငြိမ့်ညောင်းတယ်လို့ ဆိုလိုတာပါပဲ။ အဲဒါကြောင့် ‘ညင်း’ တူရိယာ က သာသာယာယာ ညင်းညင်း ငြိမ့်ငြိမ့် တီးမှုတ်ရတဲ့ တူရိယာတမျိုး ဖြစ်နိုင်ပါတယ်။
“ပိန်ပေါင် ခရာ၊ စည်ဒုပ္ပာသည်
ပတ်သာ မြို့လုံးခြုံမျှ
ကချီခုန် ပတ်တလား စောင်း ညှင်း ခြိမ်းသံ”
သီတင်းကျွတ်လ ရတု
ရခိုင်စာဆို စိန်တင်ရွာစား ဥက္ကာပျံ
(မြန်မာ သက္ကရာဇ် ၉၂ဝ-၉၈ဝ)
“စာပေ ဝတ္ထု၊ ရတု ကဗျာ
သာသည့် သီချင်း
အဲ စောင်း ငြင်းကို
မကင်းမပြတ်၊ ဖတ်ရွတ် လေ့ကျက်
တီးမှုတ်လျက်သာ နေကောင်းစွာ”
ဝန်ကြီး ပဒေသရာဇာ
(မြန်မာသက္ကရာဇ် ၁ဝ၄၅-၁၁၁၆)
ညောင်ရမ်းခေတ်
ကုန်းဘောင်ခေတ် နံရံဆေးရေးပန်းချီ
အာနန္ဒာ အုတ်ကျောင်း၊ ပုဂံမြို့ဟောင်း
မြန်မာသက္ကရာဇ် ၁၁၃၇ ခုနှစ် ပုဂံမော်ကွန်းထိန်း ဥတ္တနရာဇာ ရဲ့ ကောင်းမှု ပုဂံမြို့ဟောင်း အာနန္ဒာ အုတ်ကျောင်းထဲက ကုန်းဘောင်ခေတ်လက်ရာ နံရံဆေးရေးပန်းချီ တကွက်မှာ ညင်းတူရိယာ လို့ ယူဆနိုင်စရာ လေမှုတ်တူရိယာတခု မှုတ်နေပုံကို တွေ့ရပါတယ်။
မြဝတီမင်းကြီး ဦးစ ရေးခဲ့တဲ့ ပရမေသီရိ ဘွဲ့သီချင်းမှာပါတဲ့ တခြားတူရိယာတွေက ငွေခရု၊ ခရာ၊ ပြွေလေမှုတ်တူရိယာအုပ်စုဝင်တွေဆိုတော့ ညှင်း ကလည်းပဲ လေမှုတ်တူရိယာတခုဖြစ်နိုင်ပါတယ်။
“ရိုက်ကြွေးငယ် ပဉ္စင်လေ အေးခြိမ့်မြူး
ခရာ ပြွေ ညှင်း
ငွေမင်းမြတ် သိင်္ခါငယ်ကို”
ပရမေသီရိ ဘွဲ့
မြဝတီမင်းကြီး ဦးစ
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၂၁၅)
ကုန်းဘောင်ခေတ် ဒုတိယပိုင်း
မြဝတီမင်းကြီး ဦးစ နဲ့ ခေတ်ပြိုင်စာဆို မုံရွေးဆရာတော် ရေးသားခဲ့တဲ့ နာရဒပျို့ထဲက ငြိမ့်ညောင်းညင်သာ အငြိမ့်တူရိယာ ခြောက်မျိုးမှာ ညင်းတူရိယာ ပါဝင်ပါတယ်။ အဲဒီ ပျို့ကို ကုန်းဘောင်ခေတ် ဒုတိယပိုင်း ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်း လက်ထက်မှာ ရေးသားခဲ့ပါတယ်။ အဲဒါကြောင့် အင်းဝခေတ် တောင်ငူခေတ် ညောင်ရမ်းခေတ်လောက်မကဘဲ ကုန်းဘောင်ခေတ်လောက်အထိ ညင်းတူရိယာကို သုံးစွဲတီးမှုတ်နေသေးတယ်လို့ မှန်းဆရပါတယ်။
“စောင်း ညင်း မိချောင်း
အောင်းကလေးတခြား ပတ္တလား နှင့်
လက်ဖျားသံနှော တယော ဟူသည်
ခြောက်မည် ငြိမ့်မျိုး”
နာရဒပျို့
မုံရွေးဆရာတော်
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၁၉၆) 
ကုန်းဘောင်ခေတ် အငြိမ့် တူရိယာရှင်များ
 နံရံဆေးရေးပန်းချီ
“နှဲ နှင့် ရွှေတံမြွာ
ဆေးလေး ညီညာ
သင်္ခါလေ ငါးမည်
ညှင်းညှင်း တံရှည် ကျူး”
စိမ်းလဲ့လဲ့ညိုပြာ ဖောင်ဆိုက်ကြိုး
မြဝတီမင်းကြီး ဦးစ
(မြန်မာ သက္ကရာဇ် ၁၁၂၈-၁၂၁၅)
“ညှင်းညှင်း ပဉ္စင် ရွှေတံမြွာ
ကျူးအေး ကျူးအေး”
အလွမ်းဘွဲ့ မွန် ၁၂ ခန်း
ပြင်စည်မင်းသားကြီး
(မြန်မာသက္ကရာဇ် ၁၁၇၅-၁၂၂၄)
မြန်မာ သက္ကရာဇ် ၁၂၃၅-၁၂၆၆ ခုနှစ် အတွင်း မန်လည်ဆရာတော်ကြီး ရေးခဲ့တဲ့ မဃဒေဝ လင်္ကာသစ် အရ လေမှုတ်တူရိယာ တံပိုး ၈ မျိုး ကို ခွဲခြားပြဆိုရာမှာ ဘယ်လိုတူရိယာမျိုးတွေပဲလို့ နာမည်နဲ့တကွ ပြနိုင်စရာ အထောက်အထား ရှာဖွေမတွေ့ရပါ။ မဟာရာဇဝင်ကြီးထဲမှာလည်း မူကွဲတချို့ကိုတွေ့ရပါသေးတယ်။ အဲဒီ တူရိယာတွေကို စာပေကျမ်းဂန်တွေထဲမှာ မှတ်တမ်းတင်ထားခဲ့တာကြောင့် တချိန်တခါတုန်းကတော့ မြန်မာ့ဂီတနယ်ပယ်မှာ သုံးစွဲခဲ့တာ အမှန်ပါပဲ။
“တံပိုး ရှစ်မည်၊ ဟူတုံသည်လည်း
သံစည် ငြိမ့်ညောင်း၊ ဒုလောင်း တဖုံ
နှစ်စုံ ခရာ၊ တံမြွာ တံရှည်
အမည်တကွဲ၊ နှဲ ပြွေ ဖက်လိပ်”
မဃဒေဝ လင်္ကာသစ်
မန်လည်ဆရာတော် အရှင်ဇဝန
(မြန်မာ သက္ကရာဇ် ၁၂ဝ၃-၁၂၈၂)
တံပိုး ၈ မျိုးအထဲမှာ တံမြွာ နဲ့ တံရှည် ဆိုတာကို တွေ့ရပါတယ်။ တံမြွာ ဆိုတာ လက်တံ အမြွာနှစ်ခုပါတဲ့ ပလွေတမျိုးဖြစ်တယ်လို့ မှတ်သားရဖူးပါတယ်။ တံရှည် ဆိုတာကတော့ မြဝတီမင်းကြီး ဦးစ က ‘ညှင်းညှင်း တံရှည် ကျူး’ လို့ ဖွဲ့ဆိုခဲ့တဲ့ လက်တံ ရှည်တွေနဲ့ ညင်းတူရိယာ ကို ခေါ်သလားလို့ မှန်းဆမိပါတယ်။
အဲဒီလိုပဲ နံရံဆေးရေးပန်းချီတွေ နဲ့ စာပေကျမ်းဂန်တွေထဲမှာ အများအပြား တွေ့ရပေမယ့် ဒီကနေ့မှာတော့ မြန်မာ့ရိုးရာ ညင်းတူရိယာ တကယ့်ပစ္စည်းအစစ်ကို မြင်ဖူးရုံတောင်မှ မြင်ဖူးဖို့ မဖြစ်နိုင်တော့ပါ။
ရတနာပုံခေတ်နှောင်း သီပေါဘုရင် ပါတော်မူပြီးချိန်အထိ ညင်းတူရိယာ ကို တွင်တွင်ကျယ်ကျယ်မဟုတ်တောင်မှ မှုတ်တတ်တဲ့သူရှိနေဆဲ၊ မြန်မာ့ဂီတမှာ သုံးစွဲနေဆဲအချိန်ကာလ ဖြစ်လိမ့်မယ်လို့ မှန်းဆနိုင်ပါတယ်။
ခရစ် သက္ကရာဇ် ၁၉၁၇ ခုနှစ် လင်းပင်မင်းသားကြီး အိန္ဒိယပြည်ကိုမသွားခင် သူ စုဆောင်းထားတဲ့ တူရိယာတွေကို ပေးကမ်းခဲ့တုန်းက စောင်း၊ ညှင်း နဲ့ တယော တို့ ပါဝင်ကြောင်းကို လူထုဒေါ်အမာရေးတဲ့ မြန်မာ့မဟာဂီတ စာအုပ်မှာ တွေ့ရပါတယ်။ နောင်အခါမှာ လင်းပင်မင်းသားကြီး ရဲ့ သားမက်တော်စပ်လာခဲ့တဲ့ ဦးခင်မောင်ဒွေး က အဲဒီ ညှင်းတူရိယာကို မြင်ဖူးလိုက်ပေမယ့် မသုံးတတ်တာကြောင့် ယူမထားမိလိုက်ဖူးလို့ ပြောပါသတဲ့။
လင်းပင်မင်းသားကြီး ရဲ့ ညှင်းတူရိယာ က ဘူးသီးခြောက်ကို အပေါက်ဖောက်၊ ဝါးလက်တံ နှစ်ခု တပ်ထားပြီး မှုတ်ရမယ့်နေရာကတော့ နှဲ လိုပဲ အခင် ပါကြောင်းကို သိရပါတယ်။ ဝါးလက်တံ နှစ်ခု မှာ အပေါက် ၃ ပေါက်စီပါပြီး စစ်စီး သားရိုးကိုင် ရွှေချထားလို့ ဘူးသီးခြောက်ကို လုပ်ထားမှန်းတောင် မသိနိုင်ဘူးလို့ ပုံဖော်ပြောကြားကြောင်း မှတ်သားရပါတယ်။ အထက်မှာ တင်ပြထားတဲ့ နံရံဆေးရေးပန်းချီတွေထဲက ပုံတွေနဲ့တော့ ကွဲပြားလိမ့်မယ်လို့ ထင်ရပါတယ်။ ရှေးစာတွေထဲက တံမြွာ တူရိယာပဲလားလို့လည်း မှန်းဆရပါတယ်။
အိန္ဒိယ၊ ပါကစ္စတန်ပြည်က မြွေအလမ္မယ်ဆရာတွေ သုံးလေ့ရှိတဲ့ Pungi နဲ့ တရုတ်ပြည် တောင်ပိုင်းက Hulusi ဘူးသီးခြောက်ပလွေတွေလိုပဲ ဝါးလက်တံ နှစ်ခုကို အလျားလိုက် တည့်တည့် တပ်ထားသလား၊ တောင်ပိုင်း တရုတ်၊ လားဟူ၊ လီဆူး လူမျိုးစုတွေရဲ့ Naw/Hulusheng ခေါ် ဘူးသီးခြောက်ပလွေလို ဘူးသီးခြောက်အပေါ်မှာ ဝါးလက်တံ နှစ်ခုကို ထောင်လိုက် တပ်ထားသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိနိုင်ပါ။
Pungi ဘူးသီးခြောက်ပလွေ
(အိန္ဒိယ၊ ပါကစ္စတန်) 
Hulusi ဘူးသီးခြောက်ပလွေ
(တရုတ် ပြည်တောင်ပိုင်း) 
Naw/Hulusheng ဘူးသီးခြောက်ပလွေ
(တောင်ပိုင်း တရုတ်၊ လားဟူ၊ လီဆူး) 
မြန်မာ့ ဘူးသီးခြောက်တူရိယာ (၁၉ ရာစု)
‘ကမ္ဘာ့ ရိုးရာ တူရိယာများ’ စုဆောင်းမှုတခုမှာ ‘၁၉ ရာစု၊ မြန်မာ့ ဘူးသီးခြောက်တူရိယာ’ လို့ မှတ်တမ်းတင်ထားတဲ့ ဘူးသီးခြောက်တူရိယာကိုတော့ သုတေသန ဆက်လုပ်ဖို့ လိုနေပါသေးတယ်။ ဘယ်အရပ်၊ ဘယ်ဒေသက ရရှိပြီး ဘယ်သူတွေ တီးမှုတ်ကြောင်း မှတ်တမ်းကိုတော့ မတွေ့ရပါ။
တပ်အပ်သေချာ မပြောနိုင်ပေမယ့် မြန်မာ့ညင်းတူရိယာ က အဲဒီ ဘူးသီးခြောက်ပလွေမျိုးတော့ ဟုတ်ကောင်းမှ ဟုတ်ပေလိမ့်မယ်။ ရှေးမြန်မာတွေက မြန်မာရိုးရာ တူရိယာတွေကို အခြေခံပစ္စည်းအရိုင်းအတိုင်း ထားလေ့မရှိကြဘဲ စစ်စီးသုတ်၊ မှန်စီ ရွှေချ အလှဆင်တတ်တဲ့ အလေ့အထရှိပါတယ်။
ထူးခြားတာကတော့ ပုံကို သေသေချာချာကြည့်ရင် အဲဒီ ဘူးသီးခြောက်တူရိယာ မှုတ်ရမယ့်နေရာမှာ နှဲ လိုပဲ အခင် တခု ပါနေကြောင်းကို တွေ့ရပါမယ်။
အာရှတိုက် လူမျိုးစုတွေရဲ့ အခင် အုပ်စုဝင် ဘူးသီးခြောက်တူရိယာ အင်္ဂါရပ်တွေမှာ အနည်းနဲ့ အများ တူညီချက်တွေရှိကြတယ်။ တူရိယာ ရဲ့ လေလှောင်ခန်း (wind chamber/wind chest) အဖြစ်လုပ်ထားတဲ့ ဘူးသီးခြောက်၊ ဝါးလုံး၊ သစ်သားထွင်းအိုး တခုခုအထဲက ဝါးပြွန်လုံး တလုံးစီမှာ လွတ်လွတ်လပ်လပ် တုန်ခါစေနိုင်တဲ့ အခင်မျိုး (free reed) တခုစီ ထည့်ထားလေ့ရှိကြတယ်။ အဲဒီ ဝါးလုံးငယ်ကလေးတွေရဲ့ အပြင်ဘက်မှာလည်း လေပေါက်ငယ် တခုစီပါကြတယ်။ တူရိယာမှုတ်တဲ့အခါ အဲဒီ လေပေါက်ငယ်တွေကို ပိတ်လိုက် ဖွင့်လိုက် လုပ်ရာက အသံစဉ်တွေ ထွက်လာပါတယ်။
လေလှောင်ခန်း၊ ဝါးပြွန်တွေနဲ့ လေပေါက်တွေ
Khene/Khaen (ထိုင်းလင်း)
Mbuat(ဗီယက်နမ်) 
Engkerurai/Keluri/Keledi
(ဘော်နီယိုကျွန်း၊ အင်ဒိုနီးရှား) 
Sumpoton
(Dusun လူမျိုးစု) (မလေးရှား)
Gaeng/Qeej (Hmong လူမျိုးစု)
(တောင်ပိုင်း ထိုင်းလင်း၊ လာအို) 
Sho (ဂျပန်) 
Cheng (တရုတ်) 
Khene/Khaen (ထိုင်းလင်း)
Ken (ကမ္ဘောဒီယား)၊ Kaen (လာအို)
အိမ်နီးချင်း ထိုင်းလင်း၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတွေက ဆင်တူ တူရိယာနဲ့ မြန်မာ့ ညင်းတူရိယာ တို့ ဆက်စပ်မှုရှိကြသလား ဆိုတဲ့ မေးခွန်းအတွက်ကိုလည်း ဆက်လက် သုတေသနလုပ်ဖို့ အများကြီးလိုနေပါသေးတယ်။ မြန်မာ့ ညင်းတူရိယာ တခုတလေများ တွေ့လိုက်ရရင်တော့ ပျောက်နေတဲ့ ကွင်းဆက်ကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။
ခရစ်နှစ် ၁၉ဝ၂ အတွင်းက Kaen ပညာရှင်၊ ဗုံ တီးသူ နဲ့ ကချေသည်များ (လာအို) 
Khaen/Ken/Kaen တူရိယာ ကို မြန်မာ့ရိုးရာ ပန်းချီအမြင်သဘောအရ နည်းနည်း ကွေးညွှတ်ပြီး ရေးဆွဲကြည့်လိုက်မယ်ဆိုရင် ကုန်းဘောင်ခေတ် နံရံဆေးရေးပန်းချီထဲက လေမှုတ်တူရိယာနဲ့ တော်တော်ပဲ နီးနီးကပ်ကပ် ဆင်တူနေကြောင်း တွေ့ရပါလိမ့်မယ်။
ပုဂံမြို့ဟောင်း အာနန္ဒာ အုတ်ကျောင်း၊ မြန်မာသက္ကရာဇ် ၁၁၃၇
နံရံဆေးရေးပန်းချီ ကို ကူးယူထားတဲ့ အဝတ်ပန်းချီ
ကုန်းဘောင်ခေတ် နံရံဆေးရေးပန်းချီမှာပါတဲ့ လေမှုတ်တူရိယာက စကေးကိုက် အချိုးကျကျ မှတ်တမ်းတင်ထားပုံမျိုး မဟုတ်ပေမယ့် Khaen/Ken/Kaen တူရိယာတွေနဲ့ ဆင်တူ မူကွဲ တူရိယာတမျိုးဖြစ်တဲ့ မြန်မာ့ရိုးရာ ညင်း တူရိယာ ဖြစ်နိုင်စရာရှိတယ်လို့ ခန့်မှန်း ယူဆကြည့်မိပါတယ်။
အထူးကျေးဇူးတင်စွာနဲ့ ကိုးကားခြင်း
  • (၁) မဟာဂီတ၊ ပ၊ ဒု၊ တ-တွဲ ပေါင်းချုပ်၊ နိုင်ငံတော်မူ၊ ပဉ္စမ အကြိမ်၊ ဒီဇင်ဘာလ၊ ၁၉၉၇
  • (၂) အခြေခံ ကြိုးသီချင်း တဆယ့်သုံးပုဒ် အဖွင့်၊ ဦးဂုဏ်ဘဏ် နှင့် နန်းညွန့်ဆွေ၊ အောက်တိုဘာလ၊ ၁၉၇၁
  • (၃) ဂီတဝိသောဓနီကျမ်း၊ မောင်မောင်လတ်၊ ဆဋ္ဌမအကြိမ် ပုံနှိပ်၊ မေလ ၁၉၉၄
  • (၄) မြန်မာစာပေသမိုင်း၊ ဦးဖေမောင်တင်၊ မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်
  • (၅) မြန်မာ့မဟာဂီတ၊ လူထုဒေါ်အမာ၊ ဇွန်လ၊ ၁၉၈၉
  • (၆) www.asza.com
  • (၇) www.librarymusicians.com
  • (၈) www.wikipedia.org

မိုးမခဆိုက်မှ - ရန်ဝင်း (တောင်တံခါး) ၏ ပို့စ်ကို မူရင်းအတိုင်း ကူးယူတင်ဆက်သည်။

No comments:

Post a Comment

တောင်းပန်ခြင်း

`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။