Pages

Sunday, September 4, 2011

အကုသိုလ်ကို အမျှပေးဝေလို့ ရပါသလား..

ကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့ သေသောသူအားရည်စူး၍ အမျှပေးကြပါတယ်။ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီရင် သေသောသူက အမျှရပြီးတော့ ကောင်းကျိုးချမ်းသာကို ခံစားရတယ်လို့ မှတ်သားရပါတယ်။ တပည့်တော် တစ်ခုတွေးမိတာ ရှိပါတယ်။ အကုသိုလ်ကိုကော ကုသိုလ်လို အမျှပေးလို့ ရပါသလားဘုရား။ တပည့်တော်ရဲ့ သံသယကို ရှင်းလင်းပေးပါဘုရား)

ဒီမေးခွန်းကို အရင်က မိလိန္ဒမင်းကြီးက အရှင်နာဂသေနကို မေးခဲ့ဘူးပါတယ်။ အရှင်နာဂသေနကလဲ အဖြေပေးခဲ့ပါတယ်။ မိလိန္ဒာပဥှာပါဠိတော် ပုဗ္ဗပေတာသဒိသပဥှာမှာ ဖတ်ရှု့နိုင်ပါတယ်။

ဦးဇင်းအစက အရှင်နာဂသေနရဲ့ အဖြေအတိုင်းပဲ ဖြေပေးလိုက်ရင် ကောင်းမလားလို့ စဉ်းစားပါသေးတယ်။ သေချာတွေးကြည့်တော့ အရှင်နာဂသေနရဲ့ အဖြေက ကျယ်ဝန်းများပြား ရှည်လျားလွန်းနေတယ်။ အင်မတန်လဲ နက်နဲလွန်းလှတယ်။ ပညာရှင်နှစ်ယောက်ရဲ့ အမေးအဖြေမို့ ဘာသာရေးလိုက်စားခါစ လူတွေအတွက် နားလည်နိုင်ဖို့ ခက်ခဲတယ်။ စာရိုက်ရမှာလဲ မသက်သာပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ဟန်လေးနဲ့ပဲ ဖြေပေးလိုက်ပါတယ်။

ဦးဇင်းအဖြေကို သဘောမကျ မနှစ်သက်ဘူးဆိုရင်တော့ မိလိန္ဒပဥှာပါဠိတော် ပုဗ္ဗေပေတာသဒိသပဥှာမှာပဲ ထပ်ပြီး ဖတ်ကြည့်လိုက်လို့ တိုက်တွန်းပါတယ်။

အိတ်တစ်လုံးထဲကို ရွှေငွေတွေထည့်ပြီး လူတွေကို လိုက်ပေးရင်တော့ ယူကြမှာပဲ။ ဒါပေမယ့် အိတ်တစ်လုံးထဲကို ပုပ်သိုးနံစော်နေတဲ့ မစင်တွေ အပြည့်ထည့်ပြီး လိုက်ပေးရင်တော့ ဘယ်သူကများ ယူမှာတဲ့လဲ။

အမျှဝေတယ်ဆိုတာဟာ သေလွန်သွားတဲ့သူ ကံမကောင်း အကြောင်းမလှလို့ ပရဒတ္တူဇီဝိတပြိတ္တာမျိုးမှာ ဖြစ်ခဲ့ရင် ကောင်းသောဘ၀ကို ရောက်ပြီး ချမ်းချမ်းသာသာ နေနိုင်ပါစေတော့လို့ စိတ်ထားကောင်းကလေးနဲ့ ပြုလုပ်ပေးကြတာဖြစ်တယ်။

ဆင်းရဲနေတဲ့သူကို ချမ်းသာလာပေးရင် ယူချင်ပေမယ့် ဆင်းရဲနေသူကို ပိုပြီးဆင်းရဲသွားအောင် ဆင်းရဲတွေ ထပ်ပြီး လာပေးရင် ဘယ်သူကများ ယူမှာတဲ့လဲ။ ပေးလို့ရတာ မရတာနောက်ထားပါ။ ကိုယ့်ကို ပိုပြီး ဆင်းရဲသွားစေမယ့် ဆင်းရဲကို ဘယ်သူက ယူချင်မှာတဲ့လဲ။

အမျှဝေတယ်ဆိုတာ တစ်ဘက်က ယူမှရတာလေ။ ကုသိုလ်ကို အမျှဝေရင်တောင်မှ တစ်ဘက်က ယူမှရတာပါ။ သေသေချာချာ စဉ်းစားကြည့်ချင်ပါတယ်နော်။

ငါဆိုရင်ကော ငါ့ကို သူတစ်ပါးက ဆင်းရဲတွေလာပေးရင် ငါ့မှာရွေးချယ်ပိုင်ခွင့်လဲ အပြည့်အ၀ရှိနေရင် ငါယူချင်ပါ့မလားဆိုတာကို အလေးအနက်စဉ်းစားကြည့်လိုက်ပါ။

မိလိန္ဒပဥှာမှာတော့ အရှင်နာဂသေနက အကုသိုလ်ကို အမျှဝေလို့ မရပါဘူးလို့ ဖြေပေးထားပါတယ်။ ဆီကို မီးထွန်းလို့ရပေမယ့် ရေကို မီးထွန်းလို့မရသလို ကုသိုလ်ကို အမျှဝေလို့ရပေမယ့် အကုသိုလ်ကို အမျှဝေလို့ မရပါဘူးတဲ့။ အဲဒီလို ဖြေပေးထားပါတယ်။

မိလိန္ဒပဥှာမှာတော့ မိလိန္ဒမင်းကြီးက ကတ်ကတ်သတ်သတ်မေးပြီး အရှင်နာဂသေနကလဲ ရှင်းရှင်းလင်းလင်းကို ဖြေပေးထားပါတယ်။ ဒီထက်ပိုပြီးတော့ ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် သိချင်ရင်တော့ မိလိန္ဒပဥှာမှာပဲ ဖတ်ပါလို့ တိုက်တွန်းပါတယ်။ ဒီမှာတော့ အကြောင်းအကြောင်းကြောင့် ဒီလောက်ပဲ ဖြေပေးနိုင်ပါတယ်။

No comments:

Post a Comment

တောင်းပန်ခြင်း

`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။