Pages

Saturday, September 10, 2011

၂၀၁၁ ခုနှစ် ထိုင်းနိုင်ငံ အမျိုးသားသိပ္ပံနှင့် နည်းပညာပွဲ

အားကျမိလို့ မျှဝေလိုက်တာပါ။

ထိုင်းနိုင်ငံ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနဲ့ အမျိုးသား သိပ္ပံပြတိုက်တို့ ပူးပေါင်းပြီး "National Science and Technology Fair 2011" ဆိုတဲ့ပွဲကို ဩဂုတ်လ ၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ
ထိုင်း နိုင်ငံ BITEC (Bangkok International Trade Exhibition Centre) မှာ မနက် ၉ နာရီကနေ ည ၈ နာရီအထိ နေ့စဉ်ကျင်းပခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ အကြီးကျယ်ဆုံး သိပ္ပံနဲ့နည်းပညာပြပွဲကြီးလို့ ဆိုနိုင်ပါတယ်။ လူငယ်တွေ၊ ဆရာတွေ၊ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ ပညာရေးဌာန အသီးသီးကလာရောက် လေ့လာကြတဲ့ ပွဲကြီးတစ်ပွဲလည်း ဖြစ်ပါတယ်။
ဒီပွဲမှာ ပညာရေးဆိုင်ရာနည်းပညာရပ်တွေကို ပွဲထုတ်သွားတာတွေထဲက စိတ်ဝင်စားစရာ ပြကွက် တွေကို ပြောပြချင်ပါတယ်။

ဒီပွဲမှာ စိတ်ဝင်စားစရာကောင်းတာ တစ်ခုက Virtual Frog Dissection application တစ်ခုပါ။ ဒီဆော့ဖ်ဝဲဟာ ဖားတစ်ကောင်ကို ခွဲစိတ်မှုအစအဆုံး ကျောင်းသားတွေ iPad လို့ခေါ်တဲ့ တက်ဘလက် ကွန်ပျူတာကနေ လေ့လာနိုင်ဖို့ စီစဉ်ပေးထားတယ်။
ဇီဝဗေဒနဲ့ သိပ္ဋံပညာရပ်တွေဟာ တိကျဖို့ လိုပါတယ်။ ဒီဆော့ဖ်ဝဲက ဖားအကြောင်းအပြင် ဖား တစ်ကောင်ကို မေ့ဆေးပေးရာကနေ ခွဲစိတ်မှုအဆုံး အသေးစိတ်ပြထားပါတယ်။ အဆင့်ဆင့်ပြ ထားတာကြောင့် လက်တွေ့လိုက်လုပ်ရမှာလည်း အလွန်လွယ်ကူစေနိုင်တယ်။

ဖားခွဲစိတ်တဲ့ ပြခန်း (Digital World Pavilion) ဘေးမှာ Star Walk ပြခန်းရှိတယ်။ ကြယ်တာရာ ပြခန်းကတော့ ကြယ်တွေရဲ့လမ်းကြောင်း၊ ဂြိုဟ်တွေ လမ်းကြောင်းတွေကို ပြထားတယ်။ တက်ဘလက်ပေါ်မှာ ကိုယ်ရောက်နေတဲ့နေရာ၊ ကိုယ့်အနီးနားမှာ ဘယ်ဂြိုဟ်တွေရှိတယ် ဆိုတာတွေ ကို မြေပုံလို ပြပေးနိုင်တယ်။
Star Walk ဆော့ဖ်ဝဲမှာ လ၊ နေ၊ ကြယ် နေ့ည မြင်ကွင်းအစုံကိုလည်း တွေ့မြင်ရလိမ့်မယ်။ ဥက္ကာပျံတွေအကြောင်း၊ ကာလယန္တရားဆိုတဲ့သဘောတွေကအစ Wiki မှာဖော်ပြထားတဲ့ အချက် အလက်တွေ အတိုင်း လေ့လာနိုင်မယ်။

ပြခန်းကိုလာရောက်တဲ့ ကျောင်းသားတွေနဲ့ အခြားစိတ်ပါဝင်စားသူတွေဟာ ဓာတုဗေဒ၊ ဇီဝဗေဒ၊ အီလက်ထရောနစ်၊ အစိမ်းရောင်စွမ်းအင်ဆိုတဲ့ နယ်ပယ်တိုင်းကို ခေတ်မီနည်းပညာတွေနဲ့ တွဲဖက်လေ့လာကြရမှာ ဖြစ်တယ်။ ကျောင်းသားတွေရဲ့ တီထွင်မှုအစွမ်းအစတွေကို လမ်းဖွင့်ပေးထား တဲ့ပွဲလို့ ဆိုရင်လည်း မမှားဘူးပေါ့။
နိုင်ငံတော်အဆင့်ပွဲဖြစ်နေတာကြောင့် အဖွဲ့အစည်းကုမ္ပဏီပေါင်း ၁၅ ခုနဲ့၊ အခြားနိုင်ငံပေါင်း ၈ နိုင်ငံကလည်း ပူးပေါင်းဝင်ရောက်ပြသကြတာတွေ့ရတယ်။ အဲဒီနိုင်ငံတွေထဲမှာ တရုတ်၊ ဂျပန်၊ တောင် ကိုရီးယား၊ ရုရှား၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီနဲ့ အမေရိကန်ပြည်ထောင်စုတွေ ပါဝင်ပြသကြတယ်။

၂ဝ၁၁ ခုနှစ်ဟာ နိုင်ငံတကာသစ်တောနှစ် (International Year of Forests) လို့ သတ်မှတ် ထားတဲ့နှစ် ဖြစ်ပါတယ်။ ဒီပွဲကိုလာရောက်တဲ့ကလေးတွေဟာ သစ်တောနဲ့ပတ်သက်တဲ့ အတွေ့ အကြုံတွေ၊ အထိအတွေ့တွေကို အများဆုံး ရရှိခံစားစေနိုင်အောင် ဖန်တီးပေးထားပါတယ်။ သစ်တောနဲ့ ဆက်နွှယ်နေတဲ့ ဇီဝမျိုးစိတ်တွေ၊ သဘာဝနဲ့ သစ်တောထိန်းသိမ်းမှုဆိုင်ရာ ပညာပေး ပြကွက်တွေကို အများဆုံး ကြည့်ရှုလေ့လာရမှာ ဖြစ်ပါတယ်။

ရာသီဥတုပြောင်းလဲခြင်းပြခန်းမှာတော့ ဝင်ရိုးစွန်းဒေသတွေမှာရှိတဲ့ ရေခဲတောင်ကြီးတွေကို ပြထားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၁ဝဝ လောက်က တည်းကကမ္ဘာမြေကြီးရဲ့ အနေအထားနဲ့ အဆင့်ဆင့် ပြောင်းလဲလာမှုတွေကို လေ့လာကြရမှာ ဖြစ်တယ်။
Hair Exhibition ပြခန်းမှာတော့ တရုတ်ပြည် ယူနန်နယ်နဲ့ ဂျပန်နိုင်ငံတို့က သိုးမွှေး ချည်ထည်တွေ အကြောင်း စိတ်ဝင်စားဖွယ်ပြသထားတယ်။
Wonders of Chemistry ပြခန်းမှာလည်း ဓာတုဗေဒဘာသာရပ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်၊ ထူးဆန်းအံ့ဩဖွယ်ရာတွေကို လက်တွေ့ဝင်လုပ်ပြီး ခံစားနိုင်တယ်။

Alternative Energy ပြခန်းမှာ စွမ်းအင်အကြောင်း၊ Water of Life ပြခန်းမှာ ရေရဲ့တန်ဖိုး၊ ရေပြဿနာ၊ ရေထုတ်လုပ်ရတဲ့ ကုန်ကျစရိတ်တွေကို အဆင့်ဆင့်ပြသထားတယ်။
ပြခန်းတွေကလည်းကျယ် ရည်ရွယ်ချက်တွေကလည်းကောင်း၊ ဘုရင့်အမျိုးအနွယ်တွေ ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ခဲ့တဲ့ပွဲ ဖြစ်တာကြောင့် စည်ကားခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အိုင်စီတီနဲ့ အလေးထားရမယ် ဆိုတာကို ဘုရင်ကအစ အားပေးခဲ့တာကို သူတို့က ဂုဏ်ယူနေကြတယ်။
ဒီပွဲဟာ ပြပွဲသက်သက် မဟုတ်ပါဘူး။ ပြိုင်ပွဲတွေ၊ စုံညီအစည်းအဝေးတွေ၊ စာတန်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေပါ ထည့်ပေးထားတာကြောင့် တကယ့်ပညာရေး စုံညီပွဲတော်ကြီး တစ်ခုလို့ ပြောရပါလိမ့်မယ်။

No comments:

Post a Comment

တောင်းပန်ခြင်း

`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။