Pages

Tuesday, September 13, 2011

သံတမန်ကျင့်ဝတ်


သံတမန်ဆိုတာကို မြန်မာ့စာပေမှာ အောက်ပါအတိုင်း ဖွင့်ဆိုထားကို တွေ့ရပါတယ်။
"မြန်မာမင်းတို့၏ မင်းခန်းမင်းနားတွင်စေပါးသော အမတ် ၁၄-ပါးတို့အနက် တမင်းနှင့်တမင်း၊
တတိုင်းပြည်နှင့် တတိုင်းပြည်၊ တနန်းရင်းဝန်နှင့် တနန်းရင်းဝန် ဆက်ဆံကူးလူးရာဝယ် သုံးသော အမတ်မျိုးကို 'တမန်အမတ်'ဟုခေါ်ဆိုသည်။" 
၎င်းတမန်အမတ်သည်လည်း.....
(၁) တမန်ကြီး၊

(၂) တမန်လတ်၊
(၃) တမန်ငယ်ဟု သုံးစားထားသေးရာ - 
ဂုဏ်တန်ခိုးအတန်းအစားမြင့်သော တိုင်းကြီးပြည်ကြီးမင်းများထံသို့ တမန်အတတ် ဂုဏ်သိရ် ပညာ ကြီးရင့်လိမ္မာလှစွာသော တမန်ကြီးများကိုသာစေလွှတ်သည်။ တိုင်းလတ် ပြည်လတ် မင်းများထံ တမန်လတ်များကိုစေလွှတ်သည်။ တိုင်းငယ် ပြည်ငယ် မင်းငယ်ကလေးများထံ တမန်အတတ် ပညာဂုဏ်စသည် သေးနုသေးသော တမန်ငယ်များကို စေလွှတ်သည်။ 

အထက်ပါ ဖေါ်ပြချက်တို့ကို ကြည့်ပါက ရှေးမင်းများသာ သံတမန်ဆိုင်ရာကို သေချာစီစစ် သတ်မှတ်ထားသည်ကို တွေ့ရပေမှာပါ။
   တစ်ဦးနဲ့တစ်ဦး၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံပြောဆိုကြတဲ့နေရာမှာ စကားအပြောအဆို၊ ပရိယယ်ကြွယ်ဝမှုဟာ အင်မတန်ကို အရေးပါပါတယ်။ မြန်မာ့စကားမှာ "မုန်းစေလို ခံတွင်း လက်နှစ်သစ်၊ ချစ်စေလို ခံတွင်းလက်နှစ်သစ်"ဆိုတာ ရှိပါတယ်။ လူတစ်ဦးတစ်ယောက်ကို မုန်းအောင်ပြောတာလည်း ဒီပါးစပ်(ခံတွင်း)၊ ချစ်အောင်ပြောတာလည်း ဒီပါစပ်...ဆိုပြီး စကားအပြောအဆို အရေးပါမှုကို မီးမောင်းထိုးပြခဲ့တာဖြစ်ပါတယ်။ "နှုတ်ချို လျှိုတစ်ပါး"၊ "နှုတ်ကောင်း ပြည်စိုး"၊ "မောင်တို့..ဆိုလေ ပျားသကာသို့ ဆိုတတ်စေ"ဆိုတဲ့ အဆုံးမများ လည်း ဒီသဘောပါပဲ။




ထို့ပြင် သံတမန်များ ပြည့်စုံရမည့် အင်္ဂါများကို ...............
 "အင်္ဂုတ္တရ။ ပါ။ ၃၇။ ဋ္ဌ။ ၂၁၆။ ၀ိနည်းစူဠ၀ါ။ ၃၆၄-တို့၌လာရှိသည်။တမန်တော်များ၌ အသင့်ရှိထားရမည့် အရည်အချင်းအင်္ဂါရပ် ရှစ်ပါး၊ တိုင်းတစ်ပါးသွားသံတမန်များလည်း လိုက်နာရမည်။"
(၁) သောတာစ  - သူပြောကြားသော သတင်းစကားကို အကင်းပါးစွာဖြင့် သိကြားလွယ်ရခြင်း၊
(၂) သာဝေတာစ- အရှင်ပြောကြားသော သတင်းစကားကို     လုံးစေ့ပတ်စေ့ပြန်ဆို

                       တင်ပြနိုင်ရခြင်း၊
(၃) ဥဂ္ဂဟေတာစ - အားထုတ်၍မှတ်သား လေ့လာရခြင်း၊
(၄) ဓာရေတာစ - ဆိုတိုင်း မှန်ကန်ခိုင်မြဲစွာ ဆောင်နိုင်ရခြင်း၊
(၅) ၀ိညာတာစ - အနက်အဓိပ္ပာယ် အရိပ်အခြည် လူရည်လူကဲကို ပါးနပ်စွာသိတတ်ရခြင်း၊
(၆) ၀ိညာပေတာစ - သူတစ်ပါးအား ကြားသိလွယ်စေအောင် ပြောဆိုတတ်ရခြင်း၊
(၇) သဟိတာ သဟိတ ကုသလ - အကျိုးရှိမဲ့ကို ဝေဖန်နှိုင်းညှိ တတ်သိလိမ္မာရခြင်း၊
(၈) န ကလဟ ကာရက - ငြင်းခုံ ခိုက်ရန် ဆန့်ကျင်မှုများ မပြုလုပ် မပြောဆိုရခြင်း။

     ကွဲလွဲချက်များ အနေဖြင့် ငါးမျိုး၊ ခြောက်မျိုး စသည့်တို့ကို တွေ့ရှိနိုင်ပါသေးတယ်။ ဒီနေရာတော့ အပြည့်စုံဆုံးဖြစ်တဲ့ အင်္ဂါ (၈)ပါးကိုပဲ ဖေါ်ပြလိုက်ပါတယ်။

အဆိုပါ ဖေါ်ပြချက်များဟာ ဖျာပုံဆရာတော် ရေးသားပြုစုသည့် "သုတေသန သရုပ်ပြ အဘိဓာန်"စာအုပ်မှ ထုတ်ယူထားခြင်းဖြစ်ပါတယ်။ အပြည့်အစုံသိလိုပါက အဆိုပါ စာအုပ်မှာ ဆက်လက်လေ့လာနိုင်ပါတယ်။ ( http://www.thupyadict.blogspot.com/)

No comments:

Post a Comment

တောင်းပန်ခြင်း

`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။