This is default featured slide 1 title

ဆရာတော်ကြီး ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်မှပေးအပ်သော ဒေါက်တာဘွဲ့ကို ထိုင်းနိုင်ငံ သံဃာ့ရာဇာဆရာတော်ထံမှ လက်ခံစဉ်။

Pages

Tuesday, September 27, 2011

အရက်ဘယ်ကစသလဲ

အရက်သည် သောက်ပြီးသော် လူကိုယ်ခန္ဓာအတွင်းရှိ သွေးများပိုမို လည်ပတ်ကာ မူးယစ်စေ၏။ ဘိန်းမှာခရစ်နှစ် ၁၈၀၀ မတိုင်မီကပေါ်ပေါက်လာခဲ့သော်လည်း၊ အရက်မှာ ခုနှစ်ရေတွက်၍ မရလောက်အောင် အလွန်ရှေးကျသည့် ကာလကတည်းက ပေါ်ပေါက်လာခဲ့သည်ဟု သမိုင်းသုတေသီတို့ကဆိုပါသည်..။အရက်၏ မူးယစ်ခြင်းသည်မာန်ယစ်ခြင်း၊ မာန်မူခြင်း၊ မာန်တက်ခြင်းဖြစ်သည်။

ပိဋကတ်ထဲမှ အရက်ဇာတ်လမ်း

မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် သေသောက်သဘင်အခါ ကျသည်နှင့် ဝိသာခါအမှူးရှိသော နောက်လိုက်မိန်းမ ငါးရာတို့သည် ဥယျာဉ်သို့ သွားကာ တစ်နေ့လုံး အရက်သေစာ သောက်စားမူးယစ်ပြီးသော် ညနေချမ်း၌ ဘုရားရှင်ထံသွားကြသည်။ ဘုရားရှေ့တော်သို့ရောက်လျှင် အရှက်ကင်းမဲ့စွာ သီချင်းဆိုကြ၊ ရယ်ကြ၊ ကခုန်မြူးထူးကြ၏။ အချို့ အဝတ်ဗလာဖြင့် တုံးလုံးပက်လက်အိပ်ကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ညိုသောရောင်ခြည်ကို လွှတ်လျက်နေတော်မူရာ ပလ္လင်တော်မှ ကွယ်ခဲ့၍ မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလေ၏။ ညိုသောရောင်ခြည်တော်ကြောင့် မှောင်အတိကျသွားသဖြင့် မိန်းမတို့ ကြောက်လန့်ခြင်းပြင်းစွာဖြင့် ငိုကြွေးကြကုန်၏။ မြတ်စွာဘုရားရှင်သည် လင်းသောရောင်ခြည်တော်ကိုလွှတ်လျက် နေတော်မူရာ ပလ္လင်တော်၌ သီတင်းသုံးတော်မူကာ “သင်တို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှောင်ဖြင့် ဖုံးလွှမ်းနေပါလျက် အလင်းကို အဘယ်ကြောင့် မရှာကြသနည်း” ဟု တရားဟောတော်မူ၏။ မိန်းမငါးရာတို့လည်း အကျွတ်တရားရကြလေ၏။ ထိုအခါ ဝိသာခါ ဒါယကာမသည် ဤမျှအရှက်အကြောက်ကိုဖျက်ဆီးတတ်သောသေရည် သေရက်သည် အဘယ်အခါက စဖြစ်ပါသနည်း ဟုလျှောက်သဖြင့် မြတ်စွာဘုရားသည် ပထမဆုံးအရက်ပေါ်လာခြင်းအကြောင်းကို ဟောတော်မူ၏။ 
ပိဋကတ်ကျမ်းဂန်လာ အရက်၏အစ

ရှေးသရောအခါ ဗာရာဏသီပြည်၌ သဗ္ဗမိတ္တမင်းကြီး မင်းပြုစဉ်က ကာသိတိုင်းသား(သူရာ)အမည်ရှိသောမုဆိုး တစ်ယောက်သည် ဟိမဝန္တာတော၌ အမဲပစ်ရန် အသွား တောင်ခြေ၌ အကိုင်းသုံးခွရှိသော သစ်ပင်ကြီးတစ်ပင်၏ အကိုင်းခွဆုံနား၌ ငှက်တို့သည်အရက်ကို သောက်ပြီးမြူးတူးပျော်ပါးကာ ဟစ်အော်ကြွေးကြော်ကြ၏။ ထို့နောက် အောက်သို့ပြုတ်ကျလျက် အသေကဲ့သို့ဖြစ်လေ၏။ အတန်ငယ်ကြာလျှင် တဖန်ပြန်တက်ပြီး ထိုအရည်ကိုသောက်ကြ ကုန်၏။ ဤသို့အတန်တန် မြူးတူးကြသည်ကိုမြင်သဖြင့် မုဆိုးကတက်၍ ကြည့်ရာသစ်ခွတွင်မိုးတွင်းရေကျ၍ အနီးအပါးမှ ဇီးဖြူ ရှစ်ရှား၊ ဖန်းခါးသီးတို့ကိုလည်းကောင်း၊ သလေးစပါးတို့ကိုလည်းကောင်း၊ ငှက်တို့ယူဆောင်ကာ ထိုသစ်ခွ၌စား၍ စားကြွင်းများ သစ်ခွတွင်းသို့ကျသဖြင့် နွေအခါ၌ ဆူးပေါက်၍ အရက်ဖြစ်နေသည်ကိုမြင်သဖြင့် သောက်ကြည့်လေ၏။
ထို့နောက် မူးယစ်လာကာ သစ်ပင်အောက်၌ မူးသဖြင့် အိပ်ပျော်နေကြသော ငှက်တို့ကိုသတ်၍ မီးကင်ကာစား၏။ သေရည်ကိုလည်း အဖန်ဖန်သောက်၏။ ဤသို့အားဖြင့် မူးယစ်ကာ အိပ်၏။ ထို့နောက်အနီးရှိ ဂရုဏရသေ့ထံ သေရည်နှင့်အမဲကင်တို့ကိုယူသွားကာ နှစ်ဦးသား သောက်စားမူးယစ်ကြလေ၏။ ယင်းနောက် ထိုအရည်ကို ဝါးကျည်တောက်တို့ဖြင့်ထမ်း၍ ပစ္စန္တရာဇ်မင်းအား ဆက်သရာ တစ်မြို့လုံးအရက် သောက်သဖြင့်ပျက်လေ၏။
တော၌အရက်ကုန်သဖြင့် အိုးကြီးအိုးငယ်တို့ဖြင့် ချက်ကြလေ၏။ ထိုအခါမှစ၍ အရက်ချက်ခြင်း၊ အရက်သောက်ခြင်း ပေါ်ပေါက်လာလေသည်။ ထိုသေရည်ကိုလည်း သူရာဟူ၍လည်းကောင်း၊ ဂရုဏဟူ၍လည်းကောင်း ခေါ်လေ၏။ မင်းလည်း သေအိုးအနီး၌ ကြွက်များ မသောက်စေရန်ကြောင်တို့ကို ချည်ထားကာ ကြီးစွာသော မဏ္ဍပ်ကိုပြု၍ သေသောက်သဘင် ကျင်းပအံ့ဟု တစ်မြို့လုံး စည်မောင်းလည်စေ၏။ ကြောင်တို့လည်း သေအိုးမှ အမြှုပ်တို့ဝေကျသည်ကို သောက်သဖြင့် အသေကဲ့သို့အိပ်လေ၏။ ကြွက်တို့လာ၍ကြောင်တို့၏ နားရွက်အမြီးတို့ကို စားကြလေ၏။ အမတ်တို့မြင်လျှင် သေရည်မဟုတ်၊ အဆိပ်ဟုလျှောက် သဖြင့် သူရာမုဆိုးနှင့် ဂရုဏရသေ့တို့အား သတ်လေ၏။ ထို့နောက် ကြောင်တို့အမူးပြယ်မှ အရက်ဖြစ်ကြောင်းသိ သဖြင့် သောက်ရန်ပြင်ကြလေ၏။ သိကြားမင်းလည်း လောကကြီး ပျက်စီးတော့မည်ကို မြင်သဖြင့် လာရောက်ဆုံးမကာ အရက်အိုးတို့ကို ရိုက်ခွဲစေ၏။ “လောကကြီးအား ပျက်စီးစေသော သေအရက်ကို သောက်စားခြင်းမှ ရှောင်ကြလော့”ဟု ဆုံးမကာနတ်ပြည်သို့ ပြန်လေ၏။ သေအရက်ကို မင်းနှင့်တကွ တစ်ပြည်လုံးရှောင်ကြဉ်သဖြင့် ချမ်းသာရာကိုရကြလေ၏။

 အရက်မျိုး ၅-ပါး

လူမပြုသော်လည်း အလိုအလျောက်ဖြစ်နေတတ်သော မေရယခေါ်အရက်မျိုးငါးပါး။
  1. ပုပ္ဖါသ၀- သစ်ပွင့်ရည်မှဖြစ်သောအရက်၊
  2. ဖလာသ၀-သစ်သီးရည်မှဖြစ်သောအရက်၊
  3. မဓွာသ၀-မုဒရက်ရည်မှ ဖြစ်သောအရက်၊
  4. ဂုဠာသ၀-ကြံရည်မှဖြစ်သောအရက်၊
  5. သမ္ဘာရသံယုတ္တ- အရက်ဖြစ်ကြောင်း ၀တ္ထုပေါင်းတို့စုပေါင်း၍ ဖြစ်သောအရက်။
အရက်သောက်ခြင်းအပြစ် ၆-ပါး

“ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊
ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊
မလုံ အင်္ဂါ၊ ပညာ နည်းရှား
ဤ ၆-ပါးကား၊ သောက်စားသေစာအပြစ်တည်း။”

အရက်ကြောင့် ဖြစ်စေတတ်သော ရောဂါများ

(၁)အစာအိမ်နာနှင့် caffeine ဓါတ်
အရက်သေစာကို အလွန်အကျွံသောက်သုံးခြင်းကလည်း အစာအိမ်နာဖြစ်ပွားမှုကို ဦးတည်စေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေပါသည်။ Caffeine ဓါတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှုပမာဏကိုများပြားစေတာကြောင့် caffeine ဓါတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြသနာဖြစ်ပွားနိုင်တာမို့ အလွန်အကျွံသောက်သုံးမှုမှ ရှောင်ကျဉ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။
(၂)အသည်းရောဂါ
အရက်အလွန်အကျွံ မသောက်နှင့်
အရက်အလွန်အကျွံ သောက်ခြင်းက သင့်အသည်းကို ကြီးကြီးမားမား ထိခိုက်စေနိုင်ပါသည်။ အသည်းအဆီဖုံးခြင်း (fatty liver) ၊ အသည်းရောင်နာနှင့် အသည်းကြွပ်ခြင်း၊ အသည်းခြောက်ခြင်း (cirrhosis) ဖြစ်စေနိုင်ပါသည်။ အများစုတွင် အရက်သောက်ခြင်း လျော့လိုက်သည်နှင့် အသည်းအဆီဖုံးခြင်း အခြေအနေလျော့ပါးသက်သာလာပါလိမ့်မည်။ ရံဖန်ရံခါတွင် အသည်းအဆီဖုံးခြင်းက အသည်းရောင်ခြင်းနှင့် အသည်းခြောက်ခြင်းအဆင့်သို့ တိုး၍ဆိုးသွားလိမ့်မည်။ ယင်းအခြေအနေမှ တစ်ဆင့် အသည်းလုပ်ဆောင်မှု ရပ်ဆိုင်းခြင်း (liver failnre) အထိ ဖြစ်လာနိုင်ပါသည်။
အရက်၏ ဆိုကျိုးများကိုသိရှိပြီး ရှောင်ရှားနိုင်ကြပါစေ.....။

ကိုးကား -    တိံသနိပါတ်-ကုမ္ပဇာတ်

Saturday, September 24, 2011

ကောင်မလေးတစ်ယောက်ရဲ့ရင်ထဲကကဗျာ


မေမေ
ဒီနေကျောင်းမှာ
သမီးကိုယ့်နာမည်ကို
ပေါင်းတတ်သွားပီ
ဆရာမက
မေမေ့နာမည်ရေးပါတဲ့
စာရွက်ဗလာကို
ငေးကြည့်ရင်း
မျက်ရည်ကျလာတယ်
မေမေ့နာမည်မှ
သမီးမသိဘဲ
မေမေရယ်

ဖေဖေ
လမ်းထိပ်က
သူငယ်ချင်းကို
သူ့အဖေက
စက်ဘီးစီးသင်ပေးနေတယ်
သမီးလေ
အရမ်းစီးချင်လို့
သူငယ်ချင်းကို
ပူဆာမိပါတယ်
သူကနင့်အဖေကို
ဝယ်ခိုင်းပါလားတဲ့
သမီးလည်း
ဘယ်ရမလည်း
ပြန်ပြောခဲ့တာပေါ့
သမီးဖေဖေက
အဝေးကီးမှာ
အလုပ်သွားလုပ်တာလို့
ပြန်လာရင်
ကားကီးပါလာမှာ
နင့်ကိုပေးမစီးဘူးလို
ဖေဖေ
လာခေါ်မယ်မှတ်လားဟင်
မြန်မြန်လာပါနော်
ဖေဖေနော်
မေမေ
ဒီနေကျောင်းမှာ
သမီးကို လူရည်ချွန်ရွေးတယ်
ဒါပေမဲ့
အုပ်ထိန်းသူပါမှ
ခရီးထွက်ရမယ်တဲ့
သူငယ်ချင်းတွေနဲထွက်သွားတဲ့
ကျောင်းကားကီးကိုကြည့်ပီး
သမီးပြုံးလိုက်တယ်
သမီးမငိုပါဘူး
မေမေရယ်
မေမေမပါဘဲလည်း
သမီးမသွားချင်ပါဘူး
သမီးကို
မေမေပြန်လာခေါ်တဲ့အခါကြမှ
တူတူခရီးသွားကြမယ်နော်

ဖေဖေ
ဒီနေဆရာမက
တိုင်းပြည်အတွက်
အသက်ပေးသွားတဲ့
အာဇာနည်တွေအကြောင်း
ပြောပြတယ်
စစ်သားဝတ်စုံနဲ့
ခန်ခန်ညားညားဖေဖေ့ကို
သမီးမြင်ယောင်ကြည့်တယ်
ဖေဖေကဘယ်လိုလူမျိုးလည်းဟင်
အို
ဘာပဲဖြစ်ဖြစ် သမီးဖေဖေ့ကို
ချစ်မှာပါပဲ

မေမေ
သမီးဒီနေ့
နေမကောင်းဘူး
အားရော့ပီး
နားထဲကလေတွေထွက်နေတယ်
ဆရာမကတော့သိပ်စိတ်မပူပါနဲ့တဲ့
အရင်ကရောဂါပြန်ထတာတဲ့
ခုခံအားကျဆင်းမှုရောဂါဆိုလား
ဘာလား
ပြန်မကောင်းခင်အထိ
သမီးကျောင်းမတက်ရဘူးတဲ့
သမီးစာမေးပွဲတွေကျမှာကြောက်တယ်မေမေရယ်
သမီးပညာတတ်ကီးဖြစ်မှ
မေမေနဲဖေဖေတို့ကို
လိုက်ရှာနိုင်မှာလေ

ဖေဖေရေ
အခုလေ
သမီးနားမှာ
လူတွေအများကီးပဲ
ဆရာဝန်မလေးတွေနဲ့သမီးဆရာမနဲ့
ကျောင်းကသူငယ်ချင်းအချို့လည်းပါတယ်
သူတိုကသမီးကိုလာကြည့်ပီး
သမီးကို
ပန်းချီပုံလှလှလေး လာပေးတယ်လေ
သမီးရယ်
မေမေရယ် ဖေဖေရယ်
အတူတူ
လက်တွဲထားတဲ့ပုံလေး
သမီးဝမ်းသာလွန်းလို့
မျက်ရည်တောင်ကျတယ်
ဖေဖေ
မြင်ရင်အရမ်းသဘောကျမှာသိလား

မေမေ
သမီးသူငယ်ချင်းက
တိုးတိုးလေးကပ်ပြောတယ်
သမီးက
သေတော့မှာတဲ့
သမီးကဘာလို့သေရမှာလဲ
ငယ်ငယ်လေးရှိသေးတာ
မေမေ
သူပြောတာမယုံနဲနော်
သမီးနေကောင်းသွားရင်
မြန်မာပြည်အနှံ့
မေမေ့ကိုလိုက်ရှာမယ်နော်

ဖေဖေ
ဒီနေ့ထူးဆန်းတယ်
သမီးအနားမှာ
အားလုံးက
ဝမ်းနည်းတဲ့
မျက်လုံးတွေနဲ
သမီးကိုကြည့်နေကြတယ်
ဆရာမက
သမီးလက်ထဲကို
သမီးမွေးစာရင်းလာထည့်ပေးသွားတယ်
မအားတဲ့ကြားက
သမီးဇာတိကိုသွားစုံစမ်းပေးခဲ့တယ်တဲ့
ကျေးဇူးတင်လိုက်တာ
ဆရာမရယ်

ဟင်
ခေါင်းထဲမှာ မိုက်ခနဲ
နားထဲမှာလည်း
အသံတွေ ဝူးတူးဝါးတားနဲ
အားအရမ်းပျော့လာသလိုပဲ
မဖြစ်ဘူး
ဖေဖေ့နာမည်ရအောင်ဖတ်မှ
သမီးမအောင့်နိုင်တော့ဘူး
……..
…………
……………
သမီးအရမ်းမောတယ်
အသက်ရှူရတာအရမ်းခက်တယ်
မေမေ
ဖေဖေ
သမီးနေကောင်းသွားရင်
လာရှာမယ်နော် နော်
စောင့်စောင့်
နေနော်
……………….
………….
…….

*Snowflake*

(ရေးမယ်ရေးမယ်နဲ့
အခုမှရေးဖြစ်တဲ့ကဗျာလေးပါ မိဘနှစ်ဦးက စွန့်ပစ်ခံခဲ့ရတဲ့
AIDS ရောဂါသည် ကလေးမလေး တစ်ယောက်နေရာမှာ ခံစားရေးဖွဲ့ထားတာပါ
ကဗျာဆိုတာထက် ဒိုင်ယာရီတစ်ခုလိုမျို ရေးဖွဲ့ထားတာပါ။ တစ်ခါတစ်လေ မိဘတွေက
သားသမီးတွေကို မွေးဖွားသင့်မဖွားသင့် ဆုံးဖြတ်နိုင်ပေမယ့်
သားသမီးတွေကတော့ မိဘကိုရွေးချယ်ခွင့် မရှိခဲ့တာကို သတိပြုမိပါကြောင်း)



Saturday, September 17, 2011

စရိယ(သုံးပါး)

ဘုရားအလောင်းတော်သည် ဘ၀များစွာ ပါရမီတို့ကို ဖြည့်ကျင့်ရာ၌ ကျင့်စဉ်ကြီးသုံးချက်ကို ဦးထိပ်ထား၍ ကျင့်ဆောင်ခဲ့သည်။ ထိုကျင့်ဆောင်ချက်ကြီးသုံးမျိုးကို “စရိယ ၃-ပါး” ဟူ၍ ခေါ်ကြသည်။ ထို စရိယာ ၃-မျိုးမှာ -

(၁) လောကတ္ထစရိယာ - လောကလူသား ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအများ ကောင်းစားချမ်းသာရေး အတွက် ကျင့်စဉ်၊

(၂) ဉာတတ္ထစရိယာ - မိမိ၏ နိုင်ငံနှင့် လူမျိုး ကောင်းစားချမ်းသာရေးအတွက် ကျင့်စဉ်၊

(၃) ဗုဒ္ဓတ္ထစရိယာ - သတ္တ၀ါများကို သံသရာဝဋ်ဆင်းရဲမှ ကယ်တင်နိုင်သော သဗ္ဗညုဘုရားဖြစ်ရေး အတွက် ကျင့်စဉ်တို့ ဖြစ်ကြသည်။
ဘုရားအလောင်းတော်သည် ဘ၀တိုင်း ဘ၀တိုင်း ပါရမီဖြည့်ကျင့်တိုင်း ဤကျင့်စဉ်ကြီးသုံးရပ်ကို ဦးထိပ်ထားခဲ့လေသည်။


လောကတ္ထစရိယာ
လောကတ္ထစရိယာ အရ လူ့လောကအပါအ၀င် သတ္တလောကကြီး တရပ်လုံး တိုးတက်ကောင်းစားရေး အတွက် အမြဲကျင့်ဆောင်ခဲ့သည်။ ရှေးအခါက အင်္ဂတိမင်းကြီးသည် မိစ္ဆာအယူရှိသူ ဗြဟ္မဏတို့၏ ၀ါဒကို မှားယွင်းစွာ လိုက်နာပြီး သူ့အသက်သတ်မူ၊ သူ့ဥစ္စာခိုးမူ၊ သူတပါး သားမယားကို စော်ကားကျူးလွန်မူ။ မုသားပြောမူ၊ အရက်သေစာ သောက်စားမူတို့ကို ပြုလုပ်နေသည်။ တစ်တိုင်းပြည်လုံး ငါးပါးသီလ မစောင့်ထိန်းကြဘဲ အကျင့်တရား ပျက်ပြားနေကြသည်။ သမီတော် ရုစာမင်းသမီးက ဟောပြသော်လည်း မလိုက်နာကြပေ။ သမီးတော်၏ အဓိဋ္ဌာန်ပြုမူကြောင့် ဘုရားလောင်းတော် နာရဒရသေ့ ကောင်းကင်မှ ကြွရောက်တန်ခိုးပြ၍ တရားဟောတော်မူမှ အင်္ဂတိမင်းကြီးနှင့်တကွ တစ်တိုင်းပြည်လုံး ငါးပါးသီလ စောင့်ထိန်းကြသည်။ ဤသို့လျှင် လူအများ ကောင်းစားရေးအတွက် ဆောင်ရွက်တော်မူခဲ့လေသည်။


ဉာတတ္ထစရိယာ
ဉာတတ္ထစရိယာ အရ ဘုရားလောင်းသည် မိမိအမျိုးသားတို့ ကောင်းစားရေးအတွက် ဆောင်ရွက်ခဲ့ပုံကို ဘုရားအလောင်း ကျီးမင်းဘ၀တွင်လည်း တွေ့မြင်နိုင်သည်။ ပုရောဟိတ်ပုဏ္ဏားတစ်ဦးသည် ညီလာခံဝင်လာစဉ် ကျီးတစ်ကောင်က မစင်စွန့်ချခဲ့သဖြင့် ကျီးတို့ကို ရွံမုန်းစိတ်နာပြီး ကျီးမျိုးပြုတ်စေရန် ကြံခဲ့ဖူးသည်။ ဘုရင်ဆင်များ၏ မီးလောင်ဒဏ်ရာ အနာကို “ကျီးကန်းအဆီဖြင့် သုတ်လိမ်းမှ ပျောက်ကင်းပါမည်” ဟု လက်စားချေလိုသော စိတ်ဖြင့် မဟုတ်မမှန် သံတော်ဦးတင်ခဲ့သည်။ ဘုရင်လည်း ကျီးကန်းဟူသမျှ ဖမ်းဆီးသတ်ဖြတ်ခိုင်းသည်။

ဘုရားအလောင်းကျီးမင်းသည် မိမိအသက်ကို စွန့်၍ ဘုရင်ထံ အရောက်ဝင်ကာ ကျီးတို့မှာ အဆီမရှိကြောင်း တင်ပြလျှောက်ထားခဲ့သည်။ ထိုသို့ အသက်စွန့်၍ မိမိအမျိုးကျီးကန်းများအတွက် ဘ၀အဆက်ဆက် ကြိုးပမ်းကျင့်ဆောင်ခဲ့သည်။ ဘုရားဖြစ်တော်မူသောအခါကား ပြောဖွယ်ရာမရှိ၊ ရောဟိနီမြစ်ရေခွဲဝေမူနှင့် ပတ်သက်၍ ဆွေတော်မျိုးတော်တို့ စစ်မက်ခင်းကာ လက်နက်ဖြင့် ဖြေရှင်းကြမည်ရှိသောအခါ ကောင်းကင်မှ ကြွသွားတော်မူပြီး ငြိမ်းချမ်းရေးတရား ဟောကြားတော်မူရာ သာကီဝင် ဆွေတော်မျိုးတော်များအားလုံး အသက်ဘေးမှ လွတ်ကာ ချမ်းသာရာ ရခဲ့ကြသည်။


ဗုဒ္ဓတ္ထစရိယာ
ဗုဒ္ဓတ္ထစရိယာ အရ ဘုရားဖြစ်ရေးကျင့်ဆောင်မူမှာ အထူးပြောရန်မလို၊ ဘုရားအလောင်းတော်သည် ဤရည်မှန်းချက်ကြောင့်ပင် ဘ၀များစွာ ပါရမီဖြည့်ခဲ့သည်။ စွန့်ခြင်းကြီးငါးပါး ဖြည့်ကျင့်ခဲ့သည်။ ထိုကျင့်ကြံမူ မှန်သမျှ၏ ပဓာနရည်ရွယ်ချက်မှာ ဘုရားဖြစ်ရေးပင် ဖြစ်သည်။ ထိုရည်ရွယ်ချက်ပြီးမြောက်၍ ဘုရားအဖြစ်သို့ ရောက်တော်မူသောအခါ လူ နတ် ဗြဟ္မာ သတ္တ၀ါအများ၏ အကျိုးစီိးပွားချမ်းသာရေးကိုသာ ၄၅-၀ါ ကာလပတ်လုံး မရပ်မနား ကြိုးစားဆောင်ရွက်တော်မူခဲ့ လေသည်။

ဤသည်မှာ ဘုရားအလောင်းတော်၏ ကျင့်စဉ် စရိယာကြီးသုံးပါးပင် ဖြစ်ပေသည်။

Friday, September 16, 2011

ဘ၀အကြောင်းသိကောင်းစရာ

လူသားတွေဟာ တစ်ဖြည်းဖြည်း အိုခြင်းတရားဆီသို့ ဦးတည်သွား နေကြပါတယ်။ အိုတဲ့ဒုက္ခ၊ နာတဲ့ဒုက္ခ၊ သေတဲ့ဒုက္ခ၊ ဤ ဒုက္ခ သုံးပါး ကို ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။အိုတဲ့အခါ မျက်စိတွေမှုန် နားတွေလေး၊ အထိုင်အထခက်၊ အရေပြားတွေလည်းတွန့်၊အသား အရိုး အကြော၊ စတဲ့ ရုပ် ပိုင်းဆိုင်ရာ ၀တ္တုတွေ အကုန်ဆွေးမြေ့ ကုန်ကြပါတယ်။ ကံတရားဟာ နှစ်တစ်ရာခံအောင် ထောက်ပံ့မူ မပေးနိုင်ပါဘူး။ ဒါကြောင့် မိမိတို့ရဲ့ ရုပ်ခန္ဓာကိုယ်ကို မည်မျှ ကြံ့ခိုင်အောင် ၊ မိမိတို့ရဲ့ မည်သို့သော ကံမျိုးက အထောက် အပံ့ ပေးထားသလဲ ဆိုတာကို နေ့တိုင်း စိစစ်ဖို့လိုပါတယ်။
မိမိက အတိတ်ကံ အားနည်းတယ်လို. ထင်လျှင် ပစ္စုပ္ပန် ကံကောင်းအောင် များများလုပ် ရမှာ ဖြစ်ပါတယ်။ ကံတွေက မည်မျှပင် ကောင်းနေ စေကာမူ တစ်ခါတစ်လေ စိတ်ဓာတ်တွေ သိပ်ကျဆင်း နေလျှင်လည်း အိုမင်းလွယ်ပါတယ်။ ကံတွေ၊ စိတ်တွေ၊ သိပ်ကောင်း နေပေမယ့်လည်း အတွင်းက ဥတု ၊အပြင်က ဥတု၊ မညီညွတ် ရင်လည်း အိုမင်းလွယ်ပါတယ်။ ဥတု လည်းကောင်းတယ် ၊ကံလည်း ကောင်းတယ်၊ စိတ်ဓာတ် လည်းပဲ ရွှင်ရွှင်ပြပြတက်တက်ကြွကြွ အမြဲတမ်း ရှိပေမယ့် အဟာရဓတ် ညံ့ဖျင်းရင်လည်းပဲ အိုလွယ်ပါတယ်။ နာလွယ်ပါတယ် ။ သေလွယ်ပါတယ်။ဒါကြောင့် ကံ၊ စိတ်၊ ဥတု၊ အဟာရ ဓာတ်လေးပါး မညီညွတ်ပါက အိုလွယ်၊ နာလွယ်၊ သေလွယ် ပါတယ်။ ခန္ဓာရဲ့ အထောက် အပံ့ ဖြစ်တဲ့ ကံ၊ စိတ်၊ ဥတု၊ အဟာရ ထိုလေးပါး ညီညွတ်မျှတ နေမှသာ အသက်ရှည်ဘို့ အကြောင်းပင် ဖြစ်ပါတယ်။

ထိုအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခါက နတ်သားတစ်ပါးက မြတ်စွာဘုရားရှင်အား မည်သည့် အရာသည် လူတို့အတွက် လူ့ဘ၀မှာ အိုသည့် တိုင် အောင် ၊ နာသည့် တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းတယ် ဆိုတာ ဘယ်အရာများ ဖြစ် သနည်း ဟုမေးမြန်းရာ မြတ်စွာဘုရားရှင်က အောက်ပါ အတိုင်း ဖြေကြားတော်မူခဲ့ပါတယ်။

၁။ အို သည့် တိုင်အောင် ကောင်းသည် ဆိုတာ “ သီလ “ ပါပဲ။

သီလ ဆိုသည်မှာ စည်းကမ်းပါ။ ကိုယ်အမူအရာနဲ့ နုတ်အမူအရာတွေကို စောင့်ထိန်းတဲ့ စည်းကမ်း ဖြစ်ပါတယ်။ သီလ ကောင်းတဲ့ လူဟာ အပြစ် ကင်းပါတယ်။ အပြစ်ကင်းလျှင် သုခ ချမ်းသာ ဆိုတဲ့ အကျိုးတွေ ရရှိနိုင်တာကြောင့်၊ မိမိ ကိုယ်မိမိ(confident) ယုံကြည်ခြင်း ကိုလည်း ဖြစ်စေပါတယ်။ မိမိဘ၀ကို ယုံကြည် စိတ်ချမူရှိနေတဲ့ ပုဂ္ဂိုလ်ဟာ သေလည်း သေရဲပါတယ်။ နေလည်း နေရဲပါတယ်။ သီလ ကောင်းရင် ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ခြင်း ၊ ကိုယ့်ကိုယ်ကိုယ် စွပ်စွဲခြင်း ၊ မိမိကိုသူတစ်ပါး စွပ်စွဲခြင်း၊ ဘေးမှလည်း ကင်းဝေးစေသောကြောင့် စိတ်က အမြဲတမ်း ကြည်လင် နေစေပါတယ်။ စိတ်ကြည်လင်တဲ့ အတွက်ကြောင့် ရုပ်ပါ ကြည်လင်လာစေ ပါတယ်။ ရုပ်ကို စိတ်က အစဉ်သဖြင့် ပြောင်းလဲ စေပါတယ်။ လူတို့ရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ သွေးများနဲ့လည်ပတ် နေပါတယ်။ စိတ်ရဲ့ ပြောင်းလဲမှုကြောင့် နှလုံးသွေးကလည်း ပြောင်းလဲလာပြီး မျက်နှာအနေ အထားလည်း ပြောင်းလဲလာတတ် ပါတယ်။ နှလုံးသွေးဟာ ဥာဏ်ဝင်တဲ့အခါ ပတ္တမြားရောင် တောက်ပါတယ်။ သဒ္ဓါ ၀င်တဲ့အခါ ရွှေရောင် တောက်ပါတယ်။ ရာဂ ၀င်လျှင် နီတတ် ပါတယ်။ မောဟ၀င်တော့ နီကျဲကျဲပါ။ ၀ိတက်ဝင်တော့ ဖြူကျဲကျဲအရောင်ဖြစ်ပါတယ်။ ဒေါသ၀င်ရင် မည်းပါတယ်။ ဒါကြောင့် စိတ်တိုတဲ့ အချိန်ဆိုရင် မျက်နှာပေါ်တွင် မဲပုပ်နေတတ်ပါတယ်။ အဲဒါဟာ ရုပ်ကို စိတ်က အစဉ် သဖြင့် ပြောင်းလဲစေတဲ့ သဘော ကြောင့်ပါ။ ဒါကြောင့် မိမိတို့ရဲ့ ကိုယ် ၊ နှုတ်နှစ်ပါး (ကာယကံ၊၀စီကံ) နှစ်ပါး ကို သီလ ဆိုတဲ့ စည်းကမ်းနဲ့ စောင့်ထိန်း ရပါမယ်။ သီလ စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်ဟာ အပြစ်ကင်းပြီး၊ မိမိကိုယ်ကိုယ် စွပ်စွဲခြင်း၊ သူတစ်ပါး စွပ်စွဲခြင်းတို့မှလည်း ကင်းဝေးပါတယ်။ စိတ်နှလုံး ကြည်လင် စေပါတယ်။ စိတ်နှလုံး ကြည်လင်သောကြောင့် နေတော့လည်း ကြည်လင်၊ သေတော့လည်း ကြည်လင်ပါတယ်။ ဒါကြောင့် အိုသည့် တိုင်အောင် ကောင်းသည် ဆိုတာ သီလပါပဲ။ အိုခြင်း တရားကို သီလနဲ့ တန်ဆာဆင်ပါ။

၂ ။ အို သည့် တိုင်အောင် ၊ နာသည့်တိုင်အောင်၊ သေသည့် တိုင်အောင် ကောင်းသည် ဆိုတာ “ သဒ္ဓါ ” ပါပဲ။

သဒ္ဓါ ဆိုတာက စိတ်ကိုကြည်လင် စေပါတယ်။ ဘာကြောင့် စိတ်မှာ သဒ္ဓါ ဖြစ်စေသလဲ ဆိုရင် ကံ၊ ကံ၏ အကျိုးနဲ့ ဘုရား၊ တရား၊ သံဃာ၊ သာသနာတော်ရဲ့ ကျေးဇူးကို ယုံကြည်ပြီး စိတ်ထဲမှာ ကြည်လင် လာလို့ပါ။ သဒ္ဓါဟာ၊ စိတ်ကို ကောင်းစွာ ကြည်စေတတ်တဲ့ သတ္တိ အထူး ရှိပါတယ်၊ သဒ္ဓါ စိတ်ကြောင့်၊ သဒ္ဓါကောင်းဖြစ်ရင်၊ သဒ္ဓါကောင်းစွာရရင်

၁။ ကိလေသာ အကြမ်းစားတွေကို အနည်ထိုင် သွားစေပါတယ်။

၂။ စိတ်ပေါ်မှာ လွမ်းအုပ်နေတဲ့ အညစ်အကြေးတွေ ကွာသွားစေပါတယ်။

၃။ ပူလောင်နေတဲ့ စိတ်နှလုံးသားတွေဟာ အေးချမ်း သွားစေပါတယ် လို့ ဆိုထားပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ထပ်တလဲလဲ ပွားများခြင်းဟာ သဒ္ဓါ တရားကို ဖြစ်ပွားစေတဲ့ အကောင်းဆုံး ဗုဒ္ဓနုဿတိ ဘာဝနာ ဖြစ်ပါတယ်။ သဒ္ဓါဆိုတဲ့ ယုံကြည်ချက် မရှိရင် လောကမှာ အကျင့် သီလ ကောင်းသော်လည်း၊ ဘ၀ သံသရာမှာ အခက်အခဲ တွေ အများကြီး တွေ.နိုင်ပါတယ်။ မျက်မှောက် ဘ၀မှာ ခဏ၊ ခဏ စိတ်ညစ် ရတတ်ပါတယ်။ ယုံကြည်ချက် မရှိလျှင် ဘ၀သံ သရာ ကို မကူးခတ်နိုင်ပါဘူး။ ဒါကြောင့်အို သည့်တိုင်အောင်၊ နာသည့်တိုင်အောင် ၊ သေသည့် တိုင်အောင် ကောင်း တာ သဒ္ဓါလို့ မိန့်ကြားတော် မူခဲ့ပါတယ်။

၃ ။ အို သည့် တိုင်အောင်၊နာသည့်တိုင်အောင် ကောင်းသည် ဆိုတာ “ ပညာ “ ပါပဲ။

ပညာဆိုတာ အသေးစိတ် သိနားလည်ခြင်း (Detail Understanding) ပါ။ ကျောင်းတွေ၊ တက္ကသိုလ်တွေက သင်ပေးလိုက်တဲ့ ပညာရပ်အပြင်၊ လောကကြီးကို အမှန်တကယ် မိမိကိုယ်တိုင် လျှေက်လှမ်း တဲ့အခါ ဘ၀မှာ ကြုံတွေ.လာတဲ့ ပြသနာတွေ၊ အခက်အခဲတွေကို ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို သိတာကိုလည်း ပညာလို. ခေါ်ပါတယ်။ ထိုပညာကို လောကထဲမှာသာ သင်ယူလို့ရနိုင် ပါတယ်။ ဒါကြောင့် ကမ္ဘာလောက ကြီးဟာ လူသားတို့ရဲ့ ဆရာသမား ဖြစ်ပါတယ်။ ဘယ်လောက်ပဲ နုပျိုသော်ငြားသော်လည်း ပညာမတတ်လျှင် အချီးအနှီးပါပဲ။ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ ပညာတော့ သိပ်တတ်ပြီး၊ သဒ္ဓါခေါင်းပါးလျှင်လည်း ကောက်ကျစ်တဲ့ ပညာတတ် အဖြစ်သို့ ရောက် သွားတတ် ပါတယ်။ သဒ္ဓါ ယုံကြည်ချက်တွေ ဘယ်လောက်ပဲ ပြင်းထန်နေပေမယ့် ပညာ(အသိဥာဏ်) ကင်းမဲ့တဲ့ ယုံကြည်ချက်ဆိုရင် အကန်းရုံ ဖြစ်သွား တတ်ပါတယ်။
သီလကင်းမဲ့ပြီး ပညာ သိပ်တတ်ခြင်း ဟာလည်း ယုတ်မာတဲ့ ပညာတတ် ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့် အိုသည့်တိုင်အောင် ကောင်းသည်မှာ၊ သီလ၊ သဒ္ဓါ ၊ ပညာ၊ ပါပဲလို့ မိန်.တော်မူခဲ့ပါတယ်။

၎။ အို သည့် တိုင်အောင်၊နာသည့်တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းသည် ဆိုတာ “ ပုညဆိုတဲ့ ကုသိုလ်ကောင်းမှု“ ပါပဲ။

မိမိ ဘ၀ တစ်လျှောက်လုံး ကောင်းစေရန်အတွက် ကုသိုလ် ကောင်းမှုတွေကို များများကြီး စုဆောင်း ထားသင့်ပါတယ်။ ရာထူး ဥစ္စာ၊ စီးပွား၊ တက်ချင်တိုင်း တက်ပါစေ။ ထိုအရာများဟာ နှစ်တစ်ရာ အတွင်းမှာ ကိုယ်ပိုင်ဆိုင် ထားမယ်လို့ ယုံကြည်လို့ မရနိုင်ပါဘူး။ ဘ၀ဆိုတာ ရှေ့သို့သာ ဦးတည် သွားနေပါတယ်။

ဒါကို ဥပမာလေး တစ်ခုနဲ့ပြောပြရလျှင်တော့ - ရန်ကုန် ကနေ မန္တလေး သို. သွားမယ် ဆိုကြပါစို.။

ဘူတာကြီးသွားပြီး ရထားလက်မှတ်ဝယ် တဲ့အခါ လက်မှတ် လေးမှာ ခုံနံ ပါတ် လေးရေးပေး လိုက်ပါတယ်။ အဲဒီလက်မှတ် လေးကိုင်ပြီး ဒီတွဲနံပါတ်ဟာ ငါ့အတွဲ ၊ဒီခုံက ငါ့ခုံ၊ ဆိုပြီးတော့ တက်ထိုင်လိုက် ပါတယ်။ ရထားက ရန်ကုန်က နေထွက် သွားပြီး ပဲခူးရောက် ပါတယ်၊ ရန်ကုန်၊ မန္တလေး မိုင်ပေါင်း ၄၅၀ ကွာဝေးတယ်ပဲထား၊ ပဲခူးရောက်တော့ မိုင် ၅၀ ကုန်သွားပါပြီ။ သူပိုင်ဆိုင်ခွင့် မိုင် ၄၀၀ပဲ ကျန်ပါ တော့တယ်။ ရထားကလည်း ရှေ့သို့ပဲသွားပါတယ်၊ နောက်ပြန်မဆုတ်ပါဘူး၊ ပျဉ်းမနား ရောက်တော့ မိုင်နှစ် ရာကျော်သွားပြီ။ ကိုယ်ပိုင်ဆိုင်ခွင့် တွေက တဖြည်းဖြည်းလျော့ သွားပါတယ်၊ ရှေ့ကိုပဲ သွားရင်း၊ သွားရင်း နဲ့ ငါပိုင်ဆိုင်တဲ့ ဥစ္စာတွေ၊ တဖြည်းဖြည်းခြင်း ငါပိုင် ဆိုတာတွေ တဖြည်းဖြည်း ကုန်ဆုံးနေတာကို အားလုံး သတိမပြုမိ လိုက်ကြပါဘူး၊ မန္တလေးဘူတာကို ရထားဝင်လို့ ရထားလည်းရပ်ရော ထိုရထား လက်မှတ်ဟာ ဘာမှ အသုံးမ၀င်တော့ သလို ၊ ငါ့တွဲ၊ ငါ့ထိုင်ခုံ ဆိုပြီး ယူသွားလို့ မရပါဘူး။ ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါ။ ဘူတာ ဆိုက်တဲ့အခါ ရထားပေါ်ကယူ သွား လို့ရမှာက တွဲနဲ့ထိုင်ခုံ မဟုတ်ပါဘူး၊ ကိုယ့်အိပ်ကပ်ထဲမှာ ပါတဲ့ ပိုက်ဆံဖြစ်တဲ့ ရိက္ခာထုပ်ကသာ ကိုယ့်သွား လေရာ သယ် သွား လို့ရမယ့် ရိက္ခာပါပဲ။ (ကိုယ့်ရဲ့ ရိက္ခာထုပ်ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ် ကောင်းမှုတွေကို ဆိုလိုတာပါ) လူသားအားလုံးဟာ လူ.ဘ၀ခရီးမှာ ပိုင်ဆိုင်မှု၊ စီးပွားဥစ္စာ၊ ရာထူး၊ တွေဆိုတာကတော့ ဘူတာ မဆိုက်ခင်လေး ပိုင်ဆိုင်ကြ ရတာပါ။ ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါပဲ။ ပုညဆိုတဲ့ ကုသိုလ်ကောင်းမှုနှင့် ကိုယ်ပြုတဲ့ ဒါန၊ သီလ၊ သမထ၊ ၀ိပသနာ ဆိုတဲ့ကောင်းမှုတွေဟာ ရန်သူမျိုးငါးပါး တို့ လုယက် ဖျက်စီးလို့ မရတဲ့အတွက် ကိုယ်ပိုင်ဥစ္စာ လည်းဖြစ်ပါတယ်။

ဒါကြောင့် အိုသည့် တိုင်အောင်၊ နာသည့်တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းတယ် ဆိုတာ “ သီလ၊ သဒ္ဓါ၊ ပညာနဲ့ ကုသိုလ်ကောင်းမူ” ပါပဲ။ထိုလေးမျိုးဟာ ဘ၀ကို လှပစေဘို့ရာ ဘ၀ရဲ့အလှ တန်ဆာများ ဖြစ်ပါတယ်။ ရုပ်ခန္ဓာကြီးကတော့ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ငါးဆယ်ကျော်တာနဲ့ ဘ၀တစ်ဝက်ကျိုးတာနဲ့ ဆွေးမြေ့ပျက်စီးမှုတွေ ထင်ရှားစွာပြလာမှာ ကိုတွေ့ ရမှာပါ။ ဆွေးမြေ့ပျက်စီး သွားတဲ့ရုပ်ခန္ဓာကို ဒီလေးခုနဲ့ တန်ဆာဆင် အလှဆင်ပြီး အိုသည့်တိုင်အောင် ကောင်းတာ သီလ၊ နာသည့် သေသည့်တိုင်အောင် ကောင်းတာ သဒ္ဓါ၊ အိုနာသေ ဘယ်လောက်နှိပ်စက် ပါ စေ ပညာနဲ့ကုသိုလ်ကောင်းမှုတို.့သျှာင် ဘ၀ရဲ့ကောင်းကြောင်း တရားတွေ ဖြစ်တယ် လို့ မြတ်စွာဘုရားက နတ်သားအား ဖြေကြား တော် မူခဲ့ပါတယ်။ထို သီလရယ် သဒ္ဓါရယ်၊ ပညာရယ်၊ ကုသိုလ်ကောင်းမှု.ရယ် ဆိုတာကို သာဓုလေးပါးလို့ မှတ်သားထားကြပါတယ်။ ဘ၀ရဲ့ အကောင်းတရားလေးပါးဖြစ်တဲ့ ထိုသာဓု တရားလေးပါးနဲ့ မိမိတို့ရဲ့ ဘ၀ကို အိုသည့် နာသည့် သေသည့် တိုင်အောင် အကောင်းဆုံး အလှပြင်တန်ဆာ ဆင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။အားလုံးပဲ ဘ၀ကို လှပစွာ ဖြတ်သန်း နိုင်ကြပါစေ ။

ဓုတင်တစ်ဆယ့်သုံးပါး(ဓုတင်အကြောင်းသိကောင်းစရာ)

  တစ်ချို့တော်တော်များများက ဓူတင်ဟုခေါ်ဝေါ်တတ်ကြတယ်။ဓူတင် မဟုတ်ပါဘူး ဓုတင်ပါ။ဓုတင်္ဂဆိုတဲ့ပါဠိပုဒ်ကနေ ဆင်းသက်လာတာပါ။ဓုတင်္ဂ = ဓုတင်
ဓုတင်ဆိုသည်မှာ ကိလေသာတို့ကို တဒင်္ဂပဟာန်အားဖြင့် ခါထုတ်ဖျတ်စီးတတ်သော အကျင့်ကို ဓုတင်လို့ခေါ်တာပါ။ထိုကဲ့သို့ ကိလေသာ တို့ကို တဒင်္ဂ ပဟာန်အားဖြင့် စွန့်ပယ်နေခြင်းကို ဓုတင်ဆောင်သည်ဟုခေါ်ပါတယ်။
ဓုတင်က တစ်ဆယ့်သုံးပါးထိရှိပါတယ်။အဲဒါတွေက

(၁)။ပံ့သကူ ဓုတင်          =ပံ့သကူသင်္ကန်းကို ဝတ်ရုံသုံးဆောင်သောအကျင့်။
(၂)။တိစီဝရိတ် ဓုတင်      =သင်္ကန်းသုံးထည်ကိုသာ ဝတ်ရုံသုံးဆောင်သောအကျင့်။
(၃)။ပိဏ္ဍပါတ် ဓုတင်       =ဆွမ်းခံ၍ စားသော အကျင့်။
(၄)။သပဒါနာစာရိကဓုတင်=အိမ်စဉ် မကျော်ပဲ ဆွမ်းခံသော အကျင့်။
(၅)။ဧကသနိက် ဓုတင်     =တစ်နေရာတည်း၌ ဣရိယာပုတ် မပြောင်းပဲ စားသော အကျင့်။
(၆)။ပတ္တပိုဏ် ဓုတင်        =စားခွက် တစ်ခုတည်း၌သာ စားဖွယ်အားလုံးထည့်၍ စားသေးအကျင့်။
(၇)။ခလုတ်ပစ္ဆာဘတ်ဓုတင်=တော်ပြီဟု တားမြစ်ပြီးနောက် စားကောင်းသော ဝိနည်းကံပြုထားသော  

စားဖွယ်ကိုပင်မစားတော့သောအကျင့်။                                                                                                                                                                                         
(၈)။အာရညကင် ဓုတင်တ  =တောရကျောင်း၌ နေသော အကျင့်။
(၉)။ရုက္ခမူ ဓုတင်              =သစ်ပင်အောက်၌ နေသော အကျင့်။
(၁၀)။ဗ္ဘောာကာသိက  ဓုတင်=အမိုးမရှိသော လဟာပြင်၌နေသော အကျင့်။
(၁၁)။သုဿာန် ဓုတင်        = သုဿန်၌နေသော အကျင့်။
(၁၂)။ယထာသန္တတိ ဓုတင်   = မိမိအတွက် ချထားသော ကျောင်းအိပ်ရာ နေရာ၌သာ
                                        နေသောအကျင့်။
(၁၃)။နိသဇ္ဇိ ဓုတင်               = မလျောင်းပဲ သွား၊ရပ်၊ထိုင်၊ဣရိယာပုတ်ဖြင့်သာ နေသော
                                           အကျင့်အားဖြင့် (၁၃)ပါးရှိပါတယ်။

(၁)။ပံ့သကူ ဓုတင်
ပံ့သကူ ဓုတင် ဆောက်တည်သော ရဟန်းက တစ်စုံတစ်ယောက်က လှူဒါန်းတဲ့ သင်္ကန်းကို မဝတ်ရုံရပါဘူး၊ဆိုလိုတာက သူတစ်ပါး စွန့်ပစ်ထားတဲ့ အဝတ်များကို ကောက်ယူ လျှော်ဖွပ်
ချုပ်ဆိုးပြီး ဝတ်ရုံရပါတယ်။ဒါကို ပံ့သကူဓုတင် လို့ခေါ်တာပါ။အကယ်၍ တစ်စုံတစ်ယောက်လှူတဲ့
သင်္ကန်းကို ဝတ်ရုံလိုက်မယ်ဆိုရင် ပံ့သကူ ဓုတင်ပျက်ပါတယ်။ပျက်လျှင် ပြန်ပြီးဆောက်တည်လို့ရပါတယ်။

(၂)။တိစီဝရိတ် ဓုတင်
တိစီဝရိတ် ဓုတင်ဆောက်တည်တဲ့ရဟန်းက ခါးဝတ်(သင်းပိုင်)၊ကိုယ်ရုံ(ဧကသီ)၊
ဒုကုဋ်(နှစ်ထပ်သင်္ကန်း) ဟူသော သုံးထည်သော သင်္ကန်းကို ဝတ်ရုံသုံးဆောင်
ရတာပါ။သုံးထည်အထက် ပို၍ သုံးဆောင်မိလျှင် တိစီဝရိတ်ဓုတင် ပျက်စီးပါတယ်။

(၃)။ပိဏ္ဍပါတ်ဓုတင်
ပိဏ္ဍပါတ်ဓုတင်ဆောင်တဲ့ ရဟန်းက ဆွမ်းခံ၍ ရတဲ့ဆွမ်းကိုသာဘုဉ်းပေးရပါတယ်။ပင့်ဖိတ်လို့ကပ်တဲ့
ဆွမ်းကို မဘုဉ်းပေးရပါဘူး။ဆွမ်းခံလို့ရတဲ့ဆွမ်းမှတစ်ပါး ပင့်ဖိတ်ကပ်လှူတဲ့ဆွမ်းကိုဘုဉ်းပေးလိုက်မယ်
ဆိုရင် ပိဏ္ဍပါတ် ဓုတင်ပျက်ပါတယ်။

(၄)။သပဒါန စာရိက ဓုတင်
ထို ဓုတင်ကို ဆောက်တည်သော ရဟန်းရဟန်းက အိမ်စဉ် မကျော်ပဲ အိမ်စဉ်လိုက်တိုင်းဆွမ်းရပ်ရပါ
တယ်။သို့သော် ဘေးရန် ရှိသော အိမ် လမ်း၊ ရွာ စသည်တို့ကိုလည်းကောင်း၊ဆွမ်းမလောင်းသော
အိမ် လမ်း ရွာ စသည်တို့ကိုလည်းကောင်း ကျော်သွားနိုင်ပါတယ်။ဒါပေမယ့် မက်မောသော တဏှာလောဘအဖြစ်နဲ့တော့ အိမ်စဉ်ကိုကျော်လို့မရပါ။ကျော်မည်ဆိုပါက ထိုဓုတင်ပျက်ပါတယ်။

(၅)။ဧကာသနိက် ဓုတင်
ထိုဓုတင်ကို ဆောင်တဲ့ရဟန်းက တစ်နေ့လျှင် တစ်နေရာတည်း၌ တစ်ထိုင်တည်းသော ဣရိယာပုတ် ဖြင့်သာ ဆွမ်းဘုဉ်းပေးရခြင်းကိုဆိုလိုတာပါ။နှစ်နေရာ ၊သုံးနေရာ စသည်ဖြင့် နေရာများ၌ဆွမ်းဘုဉ်းမပေးရပါဘူး။ထိုသို့ပြုမည်ဆိုပါက ထို ဓုတင်ပျက်ပါတယ်။

(၆)။ပတ္တပိုဏ် ဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ ရဟန်းက ခဲဖွယ် ဘောဇဉ်ကို တစ်ခွက်တည်း၊တစ်သပိတ်တည်း၌ပင်လျှင် ထည့်၍စားရပါတယ်။နှစ်ခွက်၊သုံးခွက် ထည့်ပြီးမစားရပါဘူး။တစ်ခွက်တည်းမှာပင် စားဖွယ်အား
လုံးကို ရောမွှေ၍ဖြစ်စေ။တစ်မျိုးပြီးမှ တစ်မျိုးဖြစ်စေစားရပါတယ်။အောက်ထစ်ဆုံးအားဖြင့် သစ်
ရွတ်စိမ်းကိုမူ လက်မှာကိုင်ပြီးတော့ စားနိုင်ပါတယ်။ဓုတင်မပျက်ပါ။သို့သော်လက်ဖြင့်ကိုင်ပြီး စားမည်
ဆိုပါက ကြည်၍မလျော်သဖြင့် သပိတ်ထဲ၌ ထည့်စားခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။
ဒါပေမယ့် နှစ်ခုမြောက် စားခွက် သပိတ်ကိုထည့်စားမည်ဆိုပါက ထိုဓုတင်ပျက်ပါတယ်။

(၇)။ခလုပစ္ဆာဘတ် ဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ရဟန်းက ဆွမ်းစားစဉ် တော်ပြီ၊ဗိုက်ပြည့်ပြီ ထပ်မထည့်နဲ့တော့ဟု တားမြစ်ပြီးမှ
နောက်ထပ် ထပ်စားလိုပြန်၍ အတိရိတ်ဝိနည်းကံ စားထိုက်သော ကံကို ဒကာမစီမံသော်လည်း ဆွမ်း
ဘောဇဉ်ကိုမစားရပါ။စားမည်ဆိုပါက ဓုတင်ပျက်ပါတယ်။(ထိုဓုတင်မဆောင်သော ရဟန်းများကျတော့ တော်ပြီဟုတားမြစ်သော်လည်း တစ်ဖန် ဒကာ ဝိနည်းကံနဲ့ လျှော်ညီအောင်စီမံမည်ဆိုပါကစားကောင်း
စားကောင်းပါတယ်)။

(၈)။အာရညကင်ဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ရဟန်းသည် အနီးဆုံးရွာနဲ့ လေးအတတ်သင်ဆရာ၏ ညှို့တင်ထားသော လေးနှင့် အပြန်ငါးရာ အနည်းဆုံးဝေးကွားသောတောရကျောင်းမှာ နေရပါတယ်။အကြောင်းကိစ္စရှိလျှင်
ရွာအတွင်း၌နေနိုင်သော်လည်း အရုဏ်မတက်မီ တောရကျောင်းသို့ပြန်လာပြီး ထိုကျောင်း၌ပင်လျှင် အရုဏ်တက်ရပါတယ်။ကျိန်းစက်ရပါတယ်။ရွာကျောင်းမှာနေလိုစိတ်ဖြင့် အရုဏ်တက်ချိန်တွင်
ရွာကျောင်း၌နေမည်ဆိုပါက အာရညကင်(တောရ) ဓုတင်ပျက်ပါတယ်။

(၉)။ရုက္ခမူလဓုတင်
ထိုဓုတင်ကိုဆောက်တည်သောရဟန်းက အုတ်ကြွပ်၊ကျောက်ပြား၊အင်္ဂတေ၊သက်ကယ်၊သစ်ရွတ်
စသည်တစ်ခုခုဖြင့် မိုးထားတဲ့ အရိပ်အာဝါသမှာ သီတင်းမသုံးရပါဘူး။သစ်ပင်အောက်၌ပင်လျှင်
သီတင်းသုံးရပါတယ်။ဓုတင်ဆောင် ပုဂ္ဂိုလ် အမြတ်စား၊အလတ်စား၊အညံ့စားဟု သုံးမျိုးသုံးစား
ရှိသည့်အနက် အမြတ်စားပုဂ္ဂိုလ်မှာ သစ်ပင်ကောင်းကိုမရွေးတော့ပဲ မည့်သည်သစ်ပင်အောက်၌
မဆို နေရပါတယ်။အလတ်စားပုဂ္ဂိုလ်ကတော့ သစ်ပင်အောက်ကို ရောက်လာသူများကို အရှင်းခိုင်းခွင့်
ရှိပါတယ်။အညံ့စားပုဂ္ဂိုလ်ကတော့ ကျောင်းသား သာမဏေတို့ကို သစ်ရွတ်ရှင်း၊သဲခင်း၊နံရံကာ တံခါး
တပ်စေလျှက် နေခွင့်ရှိပါတယ်။
အမိုးမိုးထားတဲ့ အရိပ်အာဝါသ အောက်တွင်နေရင်တော့ ထိုဓုတင်ပျက်တော့သည်။

(၁၀)။အဗ္ဘောကာသိက ဓုတင်
ထိုဓုတင်ဆောင်တဲ့ရဟန်းသည် ဟင်းလင်းပြင် လွင်ထီခေါင်ပြင်မှာသာနေရပါတယ်။အမိုးရှိတဲ့အရိပ်။
သစ်ပင်စသည်၌ မဝင်ရပါ။သို့သော် ဥပုသ်ပြုခြင်း၊တရားနာခြင်း၊စာသင်၊စာချ ရန်အတွက်တော့နေလို့
ရပါတယ်။ဆရာဥပဇ္ဈာယ်တို့ရဲ့ ဝတ်ကြီး ဝတ်ငယ်ပြုရန်အတွက်ဝင်ခွင့်ရသလို ထိုအကြောင်းကြောင့် ဝင်နေစဉ် မိုးရွာမည်ဆိုပါက မိုးတိတ်အောင်ပင်နေခွင့်ရှိပါတယ်။ဓုတင်မပျက်ပါဘူး။ထိုကိစ္စများမှလွဲပြီး
အမိုးရှိသော နေရာကိုဖြစ်စေ၊သစ်ပင်အောက်ကိုဖြစ်စေ ဝင်လျှင် ထိုဓုတင်ပျက်ပါတယ်။

(၁၁)။သုဿန်ဓုတင်
ထိုဓုတင်ကိုဆောင်သော ရဟန်းသည် သုဿန်သို့ ညအခါသွား၍ ထိုသုဿန်၌ နေပြီး မိုးသောက်ယံ၌ သုဿန်မှထွက်သင့်ပါတယ်။လူတို့က သုဿန်ဟု သတ်မှတ်ထားသော်လည်း သူသေအလောင်း မချ
မမြှုပ် မရှို့ရသေးလျှင် သုဿန်မမည်ပါ။ဘီလူး သရဲ စသည်တိှု့နှစ်သက်သော ငါး၊အမဲ၊နို့ရည်၊ဆီ၊
တင်လဲ စသည် တို့ကိုမမှီဝဲရပါဘူးသုဿန်မဟုတ်သော နေရာ၌နေခြင်း၊သုဿန်သို့ မသွားသောနေ့
ရှိလျှင် ထိုဓုတင်ပျက်တော့သည်။

(၁၂)။ယထာသန္တတိဓုတင်
ထိုဓုတင်ကိုဆောင်သော ရဟန်းသည် မိမိအားချပေးထားတဲ့ နေရာ၊ကျောင်းအိပ်ရာ ၌ပင်လျှင်နေရပါ
တယ်။ထိုနေရာ၌ မက်မောသောစိတ်ဖြင့် မိမိစိတ်ကြိုက်ပြုပြင်ပြီးနေခြင်း၊နေရာ၌နေလိုသော တဏှာ
ဖြင့် ရဟန်းငယ်များနေမရအောင် မပြုလုပ်ရပါ။ကျောင်းအိပ်ယာ၌ မက်မောသော တဏှာဖြစ်ကာမျှဖြင့်
ထိုဓုတင်ပျက်ပါတယ်။

(၁၃)။နိသဇ္ဇိဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ ရဟန်းသည် သွားခြင်း၊ရပ်ခြင်း၊ထိုင်ခြင်း၊ထိုင်ခြင်း ဣရိယာပုတ်ဖြင့်သာနေရပါတယ်။လျောင်းတဲ့ ဣရိယာပုတ်နဲ့ နေလို့မရပါဘူး၊လျောင်း၍ အိပ်စက်ခြင်း
ပြုကာမျှ၌ပင်လျှင် ထိုဓုတင်ပျက်ပါတယ်။ဓုတင်အားလုံးကို ပျက်မည်ဆိုပါက တစ်ဖန်ပြန်ပြီးဆောက်တည်လို့ရပါတယ်။ထိုဓုတင်အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံမည်ဆိုပါက လိုချင်တက်မက်သော လောဘ၊မကျေနပ်သော ဒေါသ၊မိုက်မဲခြင်းမောဟ စတဲ့ကိလေသာတို့ကို
ခေါင်းပါးစေသလို ကုသိုလ်များလည်းတိုးပွားစေပြီးအကျိုးများလှပါတယ်။သို့သော် ဓုတင်ဆောင်သူသည် မိမိဓုတင်ဆောင်ခြင်းအမှုကို အများသိအောင် လူတွေ့တိုင်းပြောပြလျှက် ကျင့်မည်ဆိုပါက ဓုတင်္ဂ အပိစ္ဆာဂုဏ်(ဓုတင်၌အလိုလောနည်းခြင်း)ဂုဏ်နှင့် မဟပ်မိတော့ပါ။ထို့ကြောင့်
ဓုတင်ဆောင်သူသည် မိမိ ဓုတင်ဆောင်သူ အဖြစ်ကို မပြောမိစေရန် သတိထားဖို့လိုအပ်လှကြောင်းကို
သိစေလိုသဖြင့် ဓုတင်(၁၃)ပါးအကြောင်းကို တင်ပြရေးသားလိုက်ပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

Wednesday, September 14, 2011

ဓမ္မစကြာတရားတော်(အကျဉ်း)

     မဟာစည် ဆရာတော်ကြီး၏ အသံလွှင့်တရား ဖြစ်ပါသည်။ ဤတရားတော်၌ ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်ဖြစ်သော သစ္စာလေးပါးကို ဟောတော်မူထားပါသည်။ မဂ္ဂသစ္စာကို မဇ္ဈိမပဋိပါဒါ (အလယ်အလတ်အကျင့်မြတ်၊ အလယ်အလတ်လမ်း) ဟူသော အမည်ဖြင့် အကျယ်ဟောထားပါသည်။ အသံလွှင့်တရားဖြစ်၍ အကျဉ်းဟောရသောကြောင့် (မဂ္ဂသစ္စာ) မဂ္ဂင်ရှစ်ပါးအနက် အဓိကျသော သမ္မာဒိဋ္ဌိကိုသာ အကျယ်ဟောထားပါသည်။ ကံ ကံ၏အကျိုးကို ယုံကြည်သည့် ကမ္မဿကတာသမ္မာဒိဋ္ဌိသည် ကုသိုလ်တရား အားလုံးတို့၏ အရင်းအမြစ်ဖြစ်ပုံ၊ နိဗ္ဗာန်ရောက်ကြောင်း တရားဖြစ်ပုံတို့ကို မိန့်တော်မူပါသည်။ ရူပဈာန် အရူပဈာန်တို့နှင့်ယှဉ်သော ဉာဏ်ပညာကို ဈာနသမ္မာဒိဋ္ဌိဟု ခေါ်ဆိုကြောင်း၊ ၎င်း ဈာနသမ္မာဒိဋ္ဌိနှင့် ကမ္မဿကတာသမ္မာဒိဋ္ဌိတို့သည် အရေးအကြီးဆုံး “မူလမဂ္ဂင်”များဖြစ်ကြောင်း မိန့်တော်မူပါသည်။ ၀ိပဿနာသမ္မာဒိဋ္ဌိသည် မဂ်ဉာဏ်၏ ရှေ့ပြေးဖြစ်သောကြောင့် ပုဗ္ဗဘာဂမဂ္ဂင်မည်ကြောင်း မိန့်တော်မူပါသည်။ ဒွါရခြောက်ပါး၌ ထင်ပေါ်လာသမျှ ရုပ်နာမ်တို့ကို ရှုမှတ်၍ အနိစ္စ ဒုက္ခ အနတ္တသဘောကို အမှန်အတိုင်း သိသည့်ဉာဏ်သည် ၀ိပဿနာဉာဏ်မည်ကြောင်း မိန့်တော်မူပါသည်။ ဒွါရခြောက်ပါး၌ ထင်လာသမျှကို ရှုမှတ်လျှင် မဇ္ဈိမပဋိပဒါ အကျင့်မြတ်ကို ကျင့်သုံးသည်မည်ကြောင်း မိန့်တော်မူပါသည်။

----------

ဓမ္မစကြာတရားတော်ကြီး (အကျဉ်း)

(၁၃၁၉-ခုနှစ် ဝါဆိုလပြည့်နေ့ ညတွင် မဟာစည်ဆရာတော်ဘုရားကြီး ဟောတော်မူသည်)

ဂုဏ်တော် ၉-ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်အား ရှိခိုးပါ၏။

နိဒါန်း

ဒီကနေ့ဟာ (ဓမ္မာစကြာ တရားတော်ကြီးကို စတင်ပြီးဟောခဲ့တဲ့ နေ့ကစ၍ ရေတွက်လျှင် ၂၅၄၆-နှစ်မြောက်) ဓမ္မစကြာအခါတော်နေ့ကြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ဓမ္မစကြာ အခါတော် အထိမ်းအမှတ်အဖြစ်ဖြင့် ဓမ္မစကြာတရားတော်ကြီးကို ဟောကြားမယ်။ ဒီတရားတော်ကြီးကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၄၆-နှစ်က ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် စတင်ပြီး ဟောကြားတော်မူခဲ့ပါတယ်။ ဒီတရားတော်ကြီးကို ပါဠိဘာသာဖြင့် “ဓမ္မစက္ကပဝတ္တန”လို့ ခေါ်ပါတယ်။ “တရားစက်ဘီးကို စတင်ပြီးလည်စေတဲ့ တရားတော်” လို့ ဆိုလိုပါတယ်။ စတင်လည်စေပုံကို ထင်ရှားသိပြီး ကြည်ညိုရအောင် ရှေးဦးစွာ ဒီတရားတော်၏ရဲ့ နိဒါန်း အကြောင်းအတ္ထုပ္ပတ္တိကို အကျဉ်းချုပ် ဖော်ပြပါဦးမယ်။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ အလောင်းတော်ဟာ ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တစ်သိန်း ကာလပတ်လုံး ဗုဒ္ဓဘုရားဖြစ်ရန်အတွက် ပါရမီတွေကို ဖြည့်ကျင့်ဆည်းပူးခဲ့ပါတယ်။ ဒီလို ပါရမီဖြည့်လို့ ပြည့်စုံတဲ့အခါ နောက်ဆုံးဘဝမှာ လွန်ခဲ့တဲ့ ၂၅၈၁-နှစ်က ကပိလဝတ်ပြည့်ရှင် ခမည်းတော်ဘုရင် သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော် မာယာဒေဝီတို့ရဲ့ သားတော် “သိဒ္ဓတ္ထ”မည်တဲ့ မင်းသားဖြစ်ခဲ့ပါတယ်။ ထိုစဉ်ကာလက ကပိလဝတ်ခေါ်တဲ့ တိုင်းပြည်ရဲ့ တည်နေရာ ဒေသကတော့ ယခုခေတ်အခါမှာ အိန္ဒိယပြည်၏ မြောက်ဘက်နယ်စပ် နီပေါပြည်နယ်ထဲမှာ တည်ရှိနေပါတယ်။

ဘုရားအလောင်းတော် သိဒ္ဓိတ္ထ မင်းသားကလေး ၁၆-နှစ် အရွယ်ရောက်သောအခါမှာ မယ်တော် ခမည်းတော်များက ယသော်ဓရာခေါ်တဲ့ မင်းသမီးကလေးနှင့် လက်ထပ်ထိမ်းမြားပြီး အင်မတန်ကြီးကျယ်တဲ့ ထီးနန်းစည်းစိမ်ကို ခံစားစေခဲ့ပါတယ်။ အသက်တော် ၂၉-နှစ် အရွယ်သို့ ရောက်တဲ့အခါမှာ သူအို သူနာ  သူသေ  ရဟန်းဆိုတဲ့ နိမိတ်ကြီး ၄-ပါးကို တွေ့မြင်ရတဲ့အတွက် အိုတတ် နာတတ် သေတတ်တဲ့ လောကကြီးကို အရွံကြီး ရွံမုန်းစက်ဆုပ်ပြီး အလွန်ပင် သံဝေဂတရား ရတော်မူခဲ့ပါတယ်။ ဒါကြောင့် လူဘောင်မှ ထွက်ခွာပြီး ရဟန်းပြုကာ အိုခြင်း နာခြင်း သေခြင်း ကင်းတဲ့ နိဗ္ဗာန်တရားကို ရှာမှီးတော်မူခဲ့ ပါတယ်။ ဥရုဝေလ တောအရပ်မှာ “ဒုက္ကရစရိယာ” ခေါ်တဲ့ အကျင့်များကိုလည်း ကျင့်သုံးနေခဲ့ပါတယ်။
ဒုက္ကရစရိယာအကျင့်

ကျင့်သုံးပုံကတော ထွက်သက် ဝင်သက်များကို လုံးဝမထွက်ရ မဝင်ရအောင် အောင့်ချုပ်ပြီးတော့လည်း ကျင့်ခဲ့ပါတယ်။ သို့ပေမယ့် ဒီလိုကျင့်တဲ့အတွက် ဘယ်လိုအကျိုးထူးကိုမျှ မရခဲ့ပါဘူး။ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ရှိခဲ့ပါတယ်။ ပြီးတော့ အစာကိုလည်း ဖြတ်တောက်ပြီးတော့ ခြိုးခြံစွာ ကျင့်ခဲ့ပါတယ်။ တနေ့လျှင် ပဲပြုပ်ရေ လတ်တစ်ဆွမ်းမျှကိုသာ သုံးဆောင်ပြီးတော့လည်း နေခဲ့ပါတယ်။ ဒီလိုအစာကို ဖြတ်တောက်ပြီး ကျင့်တဲ့အတွက်လည်း ဘာအကျိုးထူးကိုမျှ မရခဲ့ပါဘူး။ ကိုယ်ပင်ပန်း ဆင်းရဲရုံမျှသာ ရှိခဲ့ပါတယ်။ ဒီလို ကိုယ်ပင်ပန်းအောင် ကျင့်ရတဲ့ အကျင့်မျိုးတွေကတော့ ထိုစဉ်ကာလက အိန္ဒိယနိုင်ငံ တဝှမ်းလုံးမှာ အကျင့်ကောင်း အနေနဲ့ ခေတ်စားနေတဲ့ “အတ္တကိလမထာနုယောဂ” အကျင့်တွေပါပဲ။ ယခုလည်း ဒီအကျင့်မျိုးတွေဟာ အချို့ ဘာသာဝင်တွေထဲမှာ ခေတ်စားနေတုန်းပါပဲ။

ဘုရားအလောင်းတော်မှာ ဒီလို ၆-နှစ်တိုင်တိုင် ကျင့်လို့ ဘာမျှ အကျိုးထူး မပေါ်တဲ့ အခါမှာ ဒုက္ကရစရိယာ အကျင့်တွေကို စွန့်လွှတ်လိုက်ပါတယ်။ အာနာပါနဈာန်ကို ပွားနိုင်စေရန်အတွက် ကာယဗလအင်အား ပြည့်စေရန် အစာအာဟာရကို ပြန်လည် သုံးဆောင်ခဲ့ပါတယ်။

ထိုစဉ်အခါက ပဉ္စဝဂ္ဂီခေါ်တဲ့ ပုဂ္ဂိုလ်ငါးဦးဟာ ဘုရားအလောင်း ဘုရားဖြစ်တဲ့အခါ တရားဦးနာရန် ရည်ရွယ်ပြီး ဘုရားအလောင်းထံမှာ ဝတ်ကြီးဝတ်ငယ် ပြုစုနေကြပါတယ်။ ဘုရားအလောင်း အစာအာဟာရ ပြန်လည်သုံးဆောင်တာကို မြင်ရတော့ “ပဓာန” အလုပ်က ထွက်တယ်။ ဘုရား မဖြစ်နိုင်တော့ဘူးလို့ အထင်မှားပြီးတော့ သူတို့က ဘုရားအလောင်း အပေါ်မှာ မျှော်လင့်ချက် မရှိဘဲ ဖြစ်သွားကြပါတယ်။ ဒါကြောင့် အဲဒီ ပဉ္စဝဂ္ဂီ ငါးဦးဟာ ဘုရားအလောင်းကို စွန့်ပစ်ခဲ့ပြီး ဗာရာဏသီပြည် မိဂဒါဝုန်တောမှာ သွားရောက်နေထိုင်ကြပါတယ်။

ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခြင်း

ဘုရားအလောင်းတော်လည်း အစာအဟာရသုံးဆောင်လို့ ကာယဗလ အားရှိတဲ့ အခါမှာ “အာနာပါနဈာန်”များကို ဖြစ်ပွားစေပါတယ်။ ထို့နောက် ယခု ဗုဒ္ဓဂယာခေါ်တဲ့ နေရာတွင် “ဗောဓိညောင်ပင်ကြီး” အောက်မှာ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူကာ အကြောင်းအကျိုး အဆက်ဆက် ပဋိစ္စသမုပ္ပါဒ် တရားများကို ဆင်ခြင်ပြီးတော့ ဥပါဒါနက္ခန္ဓာ ငါးပါး ရုပ်နာမ် တရားတို့၏ အဖြစ်အပျက်ကို ဝိပဿနာရှုသဖြင့် သစ္စာလေးပါး တရားအလုံးစုံကို အကုန်သိမြင်တော်မူတဲ့ ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ဒီလိုဘုရားဖြစ်တော်မူပြီးတဲ့နောက် ဝိမုတ္တိသုခခေါ်တဲ့ ဖလသမာပတ် ချမ်းသာကို ခံစားတော်မူကာ ၇-ပါးသော ဌာနတို့၌ ၇-ရက်စီ အားလုံးပေါင်း ၄၉-ရက် သီတင်းသုံး နေတော်မူခဲ့ပါတယ်။

တရားဦးဟောရန် ကြွချီတော်မူခြင်း

ဒီလို နေတော်မူပြီးတဲ့ အခါမှာ တရားဦး ဟောရန်အတွက် ပဉ္စဝဂ္ဂီတို့၏နေရာ မိဂဒါဝုန်တောသို့ ကြွချီတော်မူခဲ့ပါတယ်။ ဗုဒ္ဓဂယာမှ မိဂဒါဝုန်တောအထိ ၁၈-ယူဇနာ ဝေးကွာတယ်လို့ အဋ္ဌကထာများမှာ ပြဆိုထားပါတယ်။ ယခုခေတ် ရထားလမ်းမိုင်အားဖြင့် ဆိုလျှင် ၁၄၂-မိုင် ရှိတယ်လို့ ဆိုထားပါတယ်။ ပဉ္စဝဂ္ဂီတို့၏ နေရာသို့ ရောက်တဲ့အခါ အသင့်ခင်းထားတဲ့ နေရာမှာ ထိုင်နေတော်မူပါတယ်။ ဒီလိုထိုင်နေတဲ့ အခါမှာ ပဉ္စဝဂ္ဂီတို့က ဘုရားဖြစ်လာမှန်း မသိကြသေးတဲ့အတွက် “ငါ့ရှင်ဂေါတမ ငါ့ရှင် ဂေါတမ”လို့ ရှေးကလိုပင် ပြောနေကျအတိုင်း မရိုမသေ သူငယ်ချင်းပြော ပြောဆိုနေကြပါတယ်။

တရားနာရန် ညွှန်ကြားခြင်း

ဒါကြောင့် မြတ်စွာဘုရားက မိမိဟာ ဘုရားအစစ်ဖြစ်လာတဲ့ အကြောင်းကို ထုတ်ဖော်ပြီး တဲ့တိုးပဲ မိန့်ကြားတော်မူရပါတယ်။ မိန့်ကြားပုံကတော့ ပဉ္စဝဂ္ဂီ ရဟန်းတို့ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ငါဘုရားကို ငါ့ရှင်ဟူ၍ မခေါ်ကြနဲ့။ ဂေါတမဟူ၍လည်း အမည်ထုတ်ပြီး မခေါ်ကြနဲ့။ ရဟန်းတို့ . . . ငါသည် ပူဇော်အထူးကို ခံတော်မူထိုက်တဲ့ တရားအားလုံးစုံကို ကိုယ်ပိုင်ဉာဏ်ဖြင့် မှန်ကန်စွာသိတဲ့ ရှေးဘုရားတို့နှင့် အလားတူဖြစ်တဲ့ ဘုရားစင်စစ် ဖြစ်လာပြီ။ နားစိုက်ကြလော့ “သေခြင်းကင်းတဲ့ အမြိုက်နိဗ္ဗာန်” ကို ငါသိလာပြီ။ သင်တို့အား ငါ သွန်သင်ညွှန်ပြပေးမည်။ တရားတော်ကို ငါဟောမည်။ သွန်သင်ညွှန် ပြတဲ့အတိုင်း လိုက်နာ၍ ကျင့်သုံးကြမယ်ဆိုလျှင် သင်တို့ဟာ ရဟန်းပြုခြင်းရဲ့ ရည်မှန်းချက် အကျိုးလည်းဖြစ် အကျင့်မြတ်ရဲ့ အဆုံးပန်းတိုင်လည်းဖြစ်တဲ့ အမြင့်ဆုံးတရားကို ယခုဘဝ မကြာခင် အတွင်းမှာပဲ သင်တို့ ကိုယ်တိုင်ပင် မျက်မှောက်တွေ့ပြီး နေကြရပါလိမ့်မယ်လို့ ဒီလို ရဲရဲကြီး ဝန်ခံချက်ပေးပြီး မိန်ကြားတော်မူပါတယ်။

ဒီလိုမြတ်စွာဘုရားက တဲ့တဲ့ကြီး ပြောပြပေမယ့်လို့ ပဉ္စဝဂ္ဂီ ငါးဦးတို့က မရိပ်မိကြသေးဘူး။ ဒါကြောင့် သူတို့က ဒီလို ပြန်လှန်ပြီး ကန့်ကွက်ပြောဆိုကြပြန်တယ်။ “ငါ့ရှင်ဂေါတမ . . . သင်ဟာ ဟိုတုန်းက အစာကိုဖြတ်ပြီး ဒုက္ကရစရိယာ အကျင့်ကို ကျင့်နေတာတောင်မှ ပကတိ လူသာမန် တရားထက် သာလွန် ထူးမြတ်တဲ့ အရိယာဉာဏ် အမြင်တရားထူးကို မရခဲ့ဘူး မဟုတ်လား။ ဒီတော့ ယခုလို ပဓာနလုပ်ငန်းက ထွက်ပြီး ပစ္စည်းများအောင် အားထုတ်နေတဲ့အခါမှာ အရိယာအမြင် တရားထူးကို ဘယ်မှာ ရနိုင်ပါ့မလဲ”လို့ ဒီလို ကန့်ကွက် ပြောဆိုကြပြန်တယ်။

ဒီတော့ မြတ်စွာဘုရားက မိမိဟာ ဘုရားအစစ်ဖြစ်လာတဲ့အကြောင်းကို သုံးကြိမ်တိုင်တိုင် ထပ်မံပြီး မဟာကရုဏာ တော်ဖြင့် မိန့်ကြားတော်မူပါတယ်။ ပဉ္စဝဂ္ဂီတို့ကလည်း သုံးကြိမ်စလုံးပဲ ကန့်ကွက်နေကြပြန်ပါတယ်။ ဒီတော့ မြတ်စွာဘုရားက သတိပေးတဲ့ အနေနဲ့ “ပဉ္စဝဂ္ဂီတို့ စဉ်းစားကြလော့။ ရှေးအခါက ငါ ဒီလိုပြောဖူးတာကို သင်တို့ကြားဖူးပါသလား”လို့ မေးတော်မူလိုက်တယ်။ ဒီတော့မှ ပဉ္စဝဂ္ဂီတို့က သိတိရသွားကြတယ်။

ဟို ဒုက္ကရစရိယာအကျင့်ကို ကျင့်နေတုန်းကတော့ ဘုရားမဖြစ်သေးလို့ ဘာမျှ မပြောခဲ့ပေဘူး။ ယခုပြောတာကတော့ တကယ့်ကို ဘုရားဖြစ်လာလို့ ပြောတာ ဟုတ်ပေလိမ့်မယ်လို့ သဘောပေါက်ပြီးတော့ ဟိုတုန်းက ဒီလို မပြောခဲ့ဖူးကြောင်း ပြန်ကြား လျှောက်ထားကြပါတယ်။ ဆက်လက်ပြီး မိန့်ကြားမယ့် တရားကို နာကြားရန်လည်း ရိုရိုသေသေ နားစိုက်နေကြပါတယ်။ ထို အခါမှာ မြတ်စွာဘုရားက ဓမ္မစကြာတရားတော်ကြီး ကို ဒီလိုစတင်ပြီး ဟောကြားတော်မူပါတယ်။

၁-အယုတ်တရား နှစ်ပါး

ရဟန်းတို့ . . . ရှင်ရဟန်းဖြစ်တဲ့ သူဟာ ဤအဖို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မမှီဝဲအပ်ဘူး။ ဘယ်ဟာ နှစ်ပါးကိုလဲဆိုလျှင် ဝတ္ထုအာရုံ ကာမဂုဏ်တို့၌ ကိလေသာ ကာမချမ်းသာကို ခံစား နေတာလည်း ပထမလမ်းမှား အဖို့တစ်ပါး ဖြစ်ပေသည်။ ဒီကာမ ချမ်းသာကို သာယာခံစားမှုဟာ ယုတ်ညံ့ပါသည်။ ရွာသူ ရွာသားတို့ရဲ့ အလေ့အလာ ဖြစ်ပါသည်။ အရိယာသူမြတ်တို့ရဲ့ အကျင့်မဟုတ်ပါ။ သေခြင်းကင်းရန်အတွက် အကျိုးစီးပွား အစစ်အမှန်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့နှင့်လည်း ဘာမျှမသက်ဆိုင်ပါ။ ထို့ပြင် သပ္ပာယဖြစ်တဲ့ အစားအစာ အဝတ်အရုံ ဥတု ဣရိယာပုထ်များကိုတောင်မှ မမှီဝဲတော့ဘဲ ကိုယ်ပင်ပန်းအောင် အားထုတ်တဲ့ အကျင့်ကလည်း ဒုတိယလမ်းမှား အဖို့တစ်ပါး ဖြစ်ပေသည်။ ဒီကိုယ်ပင်ပန်းအောင် ကျင့်မှုဟာလည်း ပင်ပန်းဆင်းရဲရုံမျှသာ ရှိပါသည်။ အရိယာ သူမြတ်တို့၏ အကျင့်ကောင်းကား မဟုတ်ပါ။ အကျိုးစီးပွား အစစ်အမှန်ဖြစ်တဲ့ သီလ သမာဓိ ပညာတို့နှင့်လည်း ဘာမျှမသက်ဆိုင်ပါ။

၂-မဇ္ဈိမပဋိပဒါ အလယ်လမ်း အကျင့်တရား

ရဟန်းတို့ . . . ငါဘုရားသည် အဲဒီ အဘို့နှစ်ပါး လမ်းမှားနှစ်သွယ်ကို မချဉ်းမကပ်ဘဲ ရှောင်ကြဉ်ပြီးလျှင် အလယ်လမ်း အကျင့်ကို သိမြင်လာပြီး ငါသိလာတဲ့ ဒီအလယ်လမ်း အကျင့်ဟာ ပညာမျက်စိကိုလည်း ပွင့်လင်းစေပါသည်။ အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေပါသည်။ ကိလေသာငြိမ်းဖိုး အထူးသိဖို့ ထိုးထွင်းသိဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့လည်း ဖြစ်ပါပေသည်။

ရဟန်းတို့ . . . ငါ သိလာပြီဆိုတဲ့ ထိုအလယ်လမ်းအကျင့်က ဘယ်ဟာလဲဆိုလျှင် အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်လမ်း ပင်ဖြစ်ပေသည်။
အင်္ဂါရှစ်ပါးဟူသည်မှာ
(၁) သမ္မာဒိဋ္ဌိ၊ မှန်စွာသိမြင်ခြင်း
(၂) သမ္မာသင်္ကပ္ပ၊ မှန်စွာကြံခြင်း
(၃) သမ္မာဝါစာ၊ မှန်စွာပြောဆိုခြင်း
(၄) သမ္မာကမ္မန္တ၊ မှန်စွာပြုလုပ်ခြင်း
(၅) သမ္မာအာဇီဝ၊ မှန်စွာအသက်မွေးခြင်း
(၆) သမ္မာဝါယာမ၊ မှန်စွာအားထုတ်ခြင်း
(၇) သမ္မာသတိ၊ မှန်စွာအမှတ်ရခြင်း
(၈) သမ္မာသမာဓိ၊ မှန်စွာစူးစိုက် တည်ကြည်ခြင်း ဆိုတဲ့ ဤရှစ်ပါးပင် ဖြစ်ပေသည်။

ရဟန်းတို့ . . . ငါဘုရားသိလာတဲ့ “ဤမဂ္ဂင်ရှစ်ရပ် အလယ်လမ်းအကျင့်မြတ်”သည် ပညာမျက်စိကိုလည်း ပွင့်လင်းစေပါသည်။ အသိဉာဏ်ကိုလည်း ဖြစ်ထွန်းစေပါသည်။ ကိလေသာငြိမ်းဖို့ အထူးသိဖို့ ထိုးထွင်းသိဖို့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့လည်း ဖြစ်ပါပေသည်။

အဓိပ္ပာယ် ဖော်ပြချက်

ဟောဒီ နေရာမှာတော့ မြတ်စွာဘုရားရဲ့ အလိုတော်ကို အနည်းငယ်ဖွင့်ပြီး ပြောရလိမ့်မယ်။ မြတ်စွာဘုရားဟာ အလောင်းတော်ဘဝက အသက်တော် ၂၉-နှစ်တိုင်အောင် ကာမသုခလ္လိကလမ်းကို လိုက်ခဲ့တယ်။ ဒုက္ကရစရိယာ ကျင့်နေတဲ့ အခါမှာ အတ္တကိလမထလမ်းကို လိုက်ခဲ့တယ်။ နောက်ကာလမှာ ထိုလမ်းမှား နှစ်ခုလုံးကို ပယ်စွန့်ပြီး မဇ္ဈိမပဋိပဒါခေါ်တဲ့ အလယ်လမ်းမှန်အတိုင်း ကျင့်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့တယ်။ ဒါကို ရည်ပြီးတော့ “ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ။ ငါဘုရားသည် အဲဒီအဖို့နှစ်ပါး လမ်းမှား နှစ်သွယ်ကို မချဉ်းမကပ်ဘဲ ရှောင်ကြဉ်ပြီးလျှင် အလယ်လမ်း အကျင့်ကို သိမြင်လာပြီ ရဟန်းတို့”ဟု ဟောတော်မူခဲ့ပါတယ်။

မြတ်စွာဘုရားသိလာတဲ့ မဇ္ဈိမပဋိပဒါ အလယ်လမ်းအကျင့်ဆိုတာဟာ မဂ္ဂင်ရှစ်ပါးပင် ဖြစ်ပါတယ်။ မဂ္ဂင်ရှစ်ပါးထဲက “သမ္မာဒိဋ္ဌိ” တခုကို ပြောလိုက်လျှင် သူရဲ့နောက်ပါအခြံအရံဖြစ်တဲ့ အင်္ဂါ ၇-ပါးကိုလည်း ပြောပြီးသား ဖြစ်သွားပါတယ်။ ဒါကြောင့် သမ္မာဒိဋ္ဌိ တခုကိုပဲ အနည်းငယ် ထုတ်ဖော်ပြီး ပြောပြမယ်။ အဋ္ဌကထာများမှာ သမ္မဒိဋ္ဌိ ၆-မျိုး ဝေဖန်ပြထားပါတယ်။ (၁) ကမ္မာဿကတာသမ္မာဒိဋ္ဌိ၊ (၂) ဈာနသမ္မာဒိဋ္ဌိ၊ (၃) ဝိပဿနာ သမ္မာဒိဋ္ဌိ၊ (၄) မဂ္ဂသမ္မာဒိဋ္ဌိ၊ (၅) ဖလသမ္မာဒိဋ္ဌိ၊ (၆) ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ ဆိုတဲ့ ဒီခြေက်ပါးပင် ဖြစ်ပါတယ်။ ဒီအထဲမှာ ဖလသမ္မာဒိဋ္ဌိနှင့် ပစ္စဝေက္ခဏာသမ္မာဒိဋ္ဌိ ဆိုတာတွေကတော့ အရိယာမဂ်ရဲ့ အကျိုးတရားများ ဖြစ်နေတဲ့အတွက် ဒီမဇ္ဈိမပဋိပဒါ အကျင့်ထဲမှာ ထည့်သွင်းပြောဖို့ မလိုပါဘူး။ ကျန်တဲ့ ၄-ပါးကိုသာ ပြောဖို့လိုပါတယ်။

အဲဒီ ၄-ပါးထဲမှာ “ကမ္မဿကတာသမ္မာဒိဋ္ဌိ” ဆိုတာ မိမိကိုယ်တိုင်ပြုထားတဲ့ ကောင်းမှုကံ မကောင်းမှုကံအားလျော်စွာ ကောင်းကျိုးဆိုးကျိုးကို ခံစားရတယ်လို့ ယုံကြည်သိမြင်တာကိုပဲ ဆိုလိုပါတယ်။ ဒီ ကံ ကံ၏အကျိုးကို ယုံကြည်သိမြင်တဲ့ သမ္မာဒိဋ္ဌိဟာ အရးကြီးပါတယ်။ ဒီသမ္မာဒိဋ္ဌိ အယူရှိပါမှ ဒါန သီလစသော ကောင်းမှုတွေ ကောင်းကောင်း ဖြစ်ပွားနိုင်ပါတယ်။ ဘာဝနာကို အားထုတ်ပြီး မဂ်ဖိုလ်ကိုလည်း ရနိုင်ပါတယ်။ ဒါကြောင့် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်မှန်းပြီး ဒါန သီလစသော ကုသိုလ်ကို ပြုတိုင်းပြုတိုင်း ဒီ ကမ္မဿကတာသမ္မာဒိဋ္ဌိဟာ သမ္မာသင်္ကပ္ပစသော သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွားနေပါတယ်။ ဒီမဂ္ဂင်တရားများရဲ့ အစွမ်းကြောင့် အဲဒီ ဒါန သီလ ကုသိုလ်များက ယခုဘဝလို မဂ်ဖိုလ်ရနိုင်တဲ့ ဘဝကောင်းကို ပို့ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီ “ကမ္မဿကတာ သမ္မာဒိဋ္ဌိကိုလည်း နိဗ္ဗာန်ရောက်ကြောင်း တရား” လို့ မှတ်ယူရပါတယ်။

ရူပဈာန် အရူပဈာန်များမှာပါတဲ့ ဉာဏ်ပညာကို ဈာနသမ္မာဒိဋ္ဌိလို့ ခေါ်ပါတယ်။ ဒီဈာနသမ္မာဒိဋ္ဌိဟာလည်း ဝိပဿနာရဲ့ အခြေခံဖြစ်လျှင် နိဗ္ဗာန်ရောက်ကြောင်းတရား ဖြစ်ပါတယ်။ ယခုပြောခဲ့တဲ့အတိုင်း ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ဈာနသမ္မာဒိဋ္ဌိဟာ မဂ်ဖိုလ်နိဗ္ဗာန်ကိုရဖို့ အခြေခံ တရားများ ဖြစ်နေတဲ့အတွက် ဒီ သမ္မာဒိဋ္ဌိနှစ်ပါးကို “မူလမဂ္ဂင်” လို့ မှတ်ရပါတယ်။

ဝိပဿနာသမ္မဒိဋ္ဌိ ဆိုတာကတော့ ဝိပဿနာဉာဏ်ပါပဲ။ ဒီဝိပဿနာက ပြည့်စုံတဲ့ အခါမှာ မဂ္ဂသမ္မာဒိဋ္ဌိခေါ်တဲ့ အရိယာမဂ်ဉာဏ် ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ဝိပဿနာသမ္မာဒိဋ္ဌိကို ပုဗ္ဗဘာဂမဂ္ဂင်လို့လည်း ခေါ်ရပါတယ်။ အရိယာမဂ်ရဲ့ ရှေ့သွားမဂ္ဂင်မို့ ရှေ့ပိုင်းမဂ္ဂင်လို့ ဆိုလိုပါတယ်။

ဝိပဿနာဆိုတာ ဒွါရ ၆-ပါးမှာ ထင်ပေါ်လာသမျှ ရုပ်နာမ်တွေကို ရှုမှတ်ပြီးတော့ အနိစ္စ ဒုက္ခ အနတ္တသဘောကို အမှန်အတိုင်း သိတဲ့ဉာဏ်ပင် ဖြစ်ပါတယ်။ ဒါကြောင့် ဝိပဿနာဉာဏ်နဲ့ ဒီလို သဘောမှန်ကို သိနေလျှင် သာယာဘွယ်အာရုံနှင့် တွေ့ရသော်လည်း သာယာမှု ရာဂမဖြစ်တော့ဘဲ ငြိမ်းနေပါတယ်။ ဒီလိုသာယာမှု ငြိမ်းနေတဲ့အတွက် သုံးဆောင်သင့်တဲ့ ဆွမ်း သင်္ကန်း စသည်တို့ကို သုံးဆောင်သော်လည်း ကာမချမ်းသာကို သာယာခံစားတဲ့ ကာမသုခလ္လိကာနုယောဂလည်း မဖြစ်ဘူး။ လုံးလုံး မသုံးဆောင်ဘဲနေတာ မဟုတ်လို့ ကိုယ်ပင်ပန်းအောင် ကျင့်တဲ့ အတ္တကိလမထာနုယောဂလည်း မဖြစ်ဘူး။

ဒါကြောင့် ကိုယ်မပင်ပန်းရအောင် သုံးဆောင်သင့်တဲ့ ဆွမ်း သင်္ကန်း စသည်ကိုလည်း သုံးဆောင်ရမယ်။ သုံးဆောင်တဲ့ အခါမှာလည်း ကိလေသာ မဖြစ်ရအောင် ဝိပဿနာ သမ္မာဒိဋ္ဌိနဲ့ ရှုရှုပြီး သုံးဆောင်ရမယ်ဆိုတဲ့ ဒီအကျင့်လမ်းဟာ အတ္တကိလမထလမ်းလို တင်းလွန်းတာလည်း မဟုတ်ဘူး။ ကာမသုခလ္လိကလမ်းလို လျော့လွန်းတာလည်း မဟုတ်ဘူး။ ဒီလို မလျော့လွန်း မတင်းလွန်း အလယ်အလတ် ဖြစ်နေတဲ့အတွက် မဇ္ဈိမပဋိပဒါ လမ်းလို့ခေါ်ရပါတယ်။ ဒီ မဇ္ဈိမပဋိပဒါ နည်းလမ်းအရ ဒွါရ ၆-ပါးမှာ ပေါ်လာသမျှ အာရုံတွေကို ရှုရှုနေလျှင် ရှုတိုင်းရှုတိုင်း သမ္မာဒိဋ္ဌိမဂ္ဂင်ဟာ သူ့အခြံအရံ မဂ္ဂင်များနှင့်တကွ ဖြစ်ပွါးနေပါတယ်။ ဒီလိုဖြစ်ပွားလို့ ဝိပဿနာမဂ္ဂင်က ပြည့်စုံတဲ့အခါမှာ အရိယာမဂ္ဂင်များ ဖြစ်ပေါ်ပြီး သေခြင်းကင်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်တွေ့ကာ သစ္စာ ၄-ပါးကို သိမြင်ရပါတယ်။ ဒါကြောင့် ဒီမဇ္ဈိမပဋိပဒါ အကျင့်ဖြင့် ကိုယ်တော်တိုင် သိမြင်လာခဲ့တဲ့ သစ္စာ၎-ပါးကို ဒီလိုထုတ်ဖော်ပြီး ဟောတော်မူပါတယ်။

၃-ဒုက္ခသစ္စာ

ရဟန်းတို့ . . . ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲအမှန် ဖြစ်ပေသည်။ ဘဝသစ်ဖြစ်ခြင်းလည်း ဆင်းရဲပင်။ အိုခြင်းလည်း ဆင်းရဲပင်။ နာခြင်းလည်း ဆင်းရဲပင်။ သေခြင်းလည်း ဆင်းရဲပင်။ မချစ်မနှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရခြင်းလည်း ဆင်းရဲပင်။ ချစ်ခင်နှစ်သက်အပ်တဲ့ အာရုံဝတ္ထုများ ပုဂ္ဂိုလ်များနှင့် ကွဲကွာရခြင်းလည်း ဆင်းရဲပင်။ အလိုရှိတာကို မရခြင်း၊ မရနိုင်တာကို လိုချင်ခြင်းသည်လည်း ဆင်းရဲပင်။ အကျဉ်းချုပ်အားဖြင့်ဆိုလျှင် ငါ ငါ့ဥစ္စာဟု ထင်မှတ်စွဲလမ်းနိုင်တဲ့ ခန္ဓာငါးပါး ရုပ်နာမ်များသည် ဆင်းရဲချည်းပင် ဖြစ်သည်။

၎-သမုဒယသစ္စာ

ရဟန်းတို့ . . . ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွါးကြောင်း အမှန် ဖြစ်ပေသည်။ အကြင် တဏှာသည် တဖန်ဘဝသစ်ကို ဖြစ်ပေါ်စေတတ်၏။ နှစ်သက်တပ်စွဲခြင်း သဘောရှိ၏။ ထိုထိုရရာအာရုံ ရရာဘဝတို့၌ နှစ်သက်ပျော်မွေ့ လျက်ရှိ၏။ ထိုတဏှာမှာ သရုပ်အားဖြင့် ကာမဂုဏ်၌ တပ်မက်သောတဏှာ။ ဘဝ၌ တပ်မက်သော တဏှာ။ သူ့အလိုလို ဘဝပြတ်ခြင်း၌ တပ်မက်သောတဏှာ ဟူ၍ သုံးပါး အပြားရှိ၏။ ဤတဏှာသည် ဆင်းရဲဖြစ်ပွါးကြောင်း အမှန်ဖြစ်ပေသည်။

၅-နိရောဓသစ္စာ

ရဟန်းတို့ . . . ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာအမှန် ဖြစ်ပေသည်။ ၎င်းမှာ သရုပ်အားဖြင့် ယင်းတဏှာ သုံးပါး၏ အကြွင်းမဲ့ ပျက်ပြယ် ချုပ်ငြိမ်းသွားခြင်း၊ ယင်းတဏှာကို စွန့်ခြင်း၊ လွတ်လွတ်စွန့်ခြင်း၊ ယင်းတဏှာမှ လွတ်မြောက်ခြင်း၊ ယင်းတဏှာဖြင့် မငြိတွယ်ခြင်းပင် ဖြစ်ပေသည်။

၆-မဂ္ဂသစ္စာ

ရဟန်းတို့ . . . ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့အကျင့် လမ်းမှန်အစစ် ဖြစ်ပေသည်။ ၎င်းမှာ အင်္ဂါရှစ်ပါးရှိတဲ့ ဤအရိယာမဂ်ပင် ဖြစ်ပေသည်။ အင်္ဂါရှစ်ပါးမှာ (၁) မှန်စွာသိမြင်ခြင်း၊ (၂) မှန်စွာကြံခြင်း၊ (၃) မှန်စွာပြောဆိုခြင်း၊ (၄) မှန်စွာပြုလုပ်ခြင်း၊ (၅) မှန်စွာအသက်မွေးခြင်း၊ (၆) မှန်စွာအားထုတ်ခြင်း၊ (၇) မှန်စွာအမှတ်ရခြင်း၊ (၈) မှန်စွာစူးစိုက် တည်ကြည်ခြင်းတို့ပင် ဖြစ်သည်။

အဓိပ္ပါယ် ဖော်ပြချက်

ယခုပြောပြခဲ့တဲ့ စကားရပ်များဖြင့် ကိုယ်တော်တိုင် သိမြင်လာတဲ့ သစ္စာ ၄-ပါးကို ဖော်ပြပါတယ်။ ဒီလိုသိရာမှာ သစ္စာ ၄-ပါးရဲ့ သဘောသဘာဝ အသီးသီးကို သိတဲ့ သစ္စဉာဏ်က ၄-ပါး။ ပြုသင့်တဲ့ကိစ္စ ၄-ပါးကို သိတဲ့ ကိစ္စဉာဏ်က ၄-ပါး။ ကိစ္စ ၄-ပါးလုံး ပြီးစီးကြောင်းကို ပြန်လှည့်ဆင်ခြင်တဲ့ ကတဉာဏ်က ၄-ပါး အားဖြင့် ဉာဏ် ၁၂-ပါး ပါဝင်နေပါတယ်။ အဲဒီဉာဏ် ၁၂-ပါးလုံး ဖြစ်ပုံကို ဒီလို ဆက်လက်ပြီး ဟောသွားပြန်ပါတယ်။

၇-ဒုက္ခသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန် ဖြစ်သည်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ်ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၈-ဒုက္ခသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန်တရားကို ပိုင်းခြား၍ သိသင့်သည်” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၉-ဒုက္ခသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲမှန်တရားကို ပိုင်းခြား၍ သိပြီးပြီ” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများ အပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၀-သမုဒယသစ္စာ၌ သစ္စဉာဏ်

“ဤအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွားကြောင်းတရားမှန်ဖြစ်သည်” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၁-သမုဒယသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွါးကြောင်း တရားမှန်ကို ပယ်သင့်သည်” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၂-သမုဒယသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲဖြစ်ပွါးကြောင်း တရားမှန်ကို ပယ်ပြီးပြီ” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၃-နိရောဓသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား အရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန် ဖြစ်သည်” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၄-နိရောဓသစ္စာ၌ ကိစ္စဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန်ကို မျက်မှောက်ြုပသင့်သည်” ဟု ငါ့မှာ ရှေးက မကြားဖူး သေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၅-နိရောဓသစ္စာ၌ ကတဉာဏ်

“ထိုအရိယာတို့ သိအပ်တဲ့ ဆင်းရဲချုပ်ငြိမ်းရာ တရားမှန်ကို မျက်မှောက်ြုပပြီးပြီ” ဟု ငါ့မှာ ရှေးကမကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာ သိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၆-မဂ္ဂသစ္စာ၌ သစ္စဉာဏ်

“ဤသည်ကား ဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ဖြစ်သည်” ဟုငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၇-မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်

“ထိုဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ကို မိမိသန္တာန်၌ ဖြစ်ပွါးစေ သင့်သည်” ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၈-မဂ္ဂသစ္စာ၌ ကတဉာဏ်

“ထိုဆင်းရဲချုပ်ငြိမ်းရာသို့ ဆိုက်ရောက်သွားတဲ့ အရိယာတို့ သိအပ်တဲ့ အကျင့်လမ်းမှန်ကို မိမိသန္တာန်၌ ပွားစေပြီးပြီ်”ဟု ငါ့မှာ ရှေးက မကြားဖူးသေးတဲ့ တရားများအပေါ်မှာ ပညာမျက်စိ ဖြစ်ပေါ်ခဲ့ပြီ။ အသိဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ အပြားအားဖြင့် သိတဲ့ပညာ ဖြစ်ပေါ်ခဲ့ပြီ။ ထင်ရှားစွာသိတဲ့ ဝိဇ္ဇာဉာဏ် ဖြစ်ပေါ်ခဲ့ပြီ။ ဉာဏ်အလင်းရောင် ဖြစ်ပေါ်ခဲ့ပေပြီ ရဟန်းတို့။

၁၉-ရှေးက ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံ

ရဟန်းတို့-ဤ အရိယသစ္စာ ၄-ပါး၌ ယခုပြောခဲ့ပြီးတဲ့အတိုင်း အပြန် ၃-ပါးç အခြင်းအရာ ၁၂-ပါးရှိတဲ့ ယထာဘူတဉာဏ်အမြင် ငါ့မှာ ကောင်းကောင်း မစင်ကြယ်သေးသမျှ ကာလပတ်လုံး “အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ်-ဘုရားဉာဏ် ကို ငါရပြီ။ ငါဘုရားဖြစ်ပြီ” ဟု ဝန်မခံခဲ့သေးပါ ရဟန်းတို့။

၂၀-ယခုမှ ဘုရားဖြစ်ကြောင်း ဝန်ခံပုံ

ရဟန်းတို့-ငါ့မှာ ဤအရိယသစ္စာ ၄-ပါး၌ ယခုပြောခဲ့ပြီးတဲ့အတိုင်း အပြန် ၃-ပါး၊ အခြင်းအရာ ၁၂-ပါးရှိတဲ့ ယထာဘူတဉာဏ်အမြင် ကောင်းစွာ သန့်ရှင်းစင်ကြယ်ပြီးတဲ့ အခါကျမှသာလျှင် နတ်နှင့်တကွ မာရ်နတ်နှင့်တကွ ဗြဟ္မာနှင့် တကွဖြစ်သော လောကကြီးထဲ၌ ရဟန်း ပုဏ္ဏားနှင့်တကွ နတ်လူတို့နှင့်အကွဖြစ်သော သတ္တဝါများထဲ၌ အလွန်အကဲမရှိ အမြတ်ဆုံးဖြစ်တဲ့ သမ္မာသမ္ဗောဓိဉာဏ် ဘုရားဉာဏ်ကို ငါရပြီ။ ငါဘုရားဖြစ်ပြီဟု ဝန်ခံခဲ့ပါသည် ရဟန်းတို့။

အနုသန္ဓေ စကား

ဒီလိုဝန်ခံရာမှာလည်း ပစ္စဝေက္ခဏာဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ အတိအကျ မှန်ကန်စွာသိပြီး ဖြစ်ကြောင်းကို ထပ်လောင်းပြီး နိဂုံးချုပ်အနေနဲ့ ဒီလို မိန့်ကြားတော်မူပြန်ပါတယ်။

၂၁-ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိပုံ

“ငါ၏ ကိလေသာမှ လွတ်မြောက်မှုဟာ တဒင်္ဂလွတ်ခြင်း ဝိက္ခ မ္ဘနလွတ်ခြင်း မဟုတ်ဘဲ သမုစ္ဆေဒလွတ်ခြင်း ပဋိပဿဒ္ဓိလွတ်ခြင်းဖြစ်၍ ဘယ်သောအခါမျှ မပျက်နိုင်တော့ပြီ။ ယခုလက်ရှိဘဝဟာ အဆုံးစွန်သောဘဝ ဖြစ်ပေသည်။ ယခုအခါ တဖန်ဖြစ်ပေါ်မည့် ဘဝသစ် ငါ့မှာ မရှိတော့ပြီ” ဟု ဆင်ခြင်ပြီး မှန်ကန်စွာ သိမြင်တဲ့ ပစ္စဝေက္ခဏာဉာဏ်အမြင်လည်း ငါ့မှာဖြစ် ပေါ်ခဲ့ပြီ ရဟန်းတို့ဟု မိန့်တော်မူကာ ဓမ္မစကြာတရားဒေသနာတော်ကြီးကို အပြီးသတ် နိဂုံးချုပ်တော်မူခဲ့ပါသည်။

အရှင်ကောဏ္ဍည သောတာပန်ဖြစ်ပုံ (အကျိုးပြစကား)

ထိုစဉ်အခါက ဒီဓမ္မစကြာ တရားတော်ကြီးကို ကြားနာရတဲ့အတွက် ဗြဟ္မာ ၁၈-ကုဋေနှင့် အတိုင်းမသိ များစွာသောနတ်များ မဂ်ဖိုလ်တရားထူးကို ရသွားကြပါတယ်။ လူသားဖြစ်တဲ့ ပဉ္စဝဂ္ဂီရဟန်း ငါးဦးထဲကလည်း အရှင်ကောဏ္ဍညမှာ “ဖြစ်ပေါ်တဲ့ တရားဟူသမျှဟာ ချုပ်ဆုံးခြင်း သဘောရှိတာချည်းဘဲ”လို့ သိမြင်တဲ့ တရားမျက်စိခေါ် “သောတာပတ္တိမဂ်ဉာဏ်” ဖြစ်ပေါ်ပြီး “သောတာပန်” ဖြစ်သွားပါတယ်။

မြတ်စွာဘုရား ဥဒါန်းကျူးပုံ

ဒီလို အရှင်ကောဏ္ဍညမှာ တရားမျက်စိပွင့်ပြီး သောတပန်ဖြစ်သွားတာကို မြင်တော်မူတဲ့အတွက် မြတ်စွာဘုရားက “အညာသိ ဝတဘော ကောဏ္ဍညော အညာသိ ဝတ ဘော ကောဏ္ဍညော။ ကောဏ္ဍည သိသွားပေပြီ အချင်းတို့ . . . ကောဏ္ဍည သိသွားပေပြီ အချင်းတို့”ဟု ပီတိသောမနဿအစွမ်းဖြင့် ဥဒါန်းကျူးတော်မူခဲ့ပါတယ်။

ဧဟိဘိက္ခု ရဟန်းအဖြစ်ရပုံ

ထိုအခါမှ အရှင်ကောဏ္ဍညက မြတ်စွာဘုရားထံမှာ ရဟန်းအဖြစ်ကိုလျှောက်ကောင်းပါတယ်။ မြတ်စွာဘုရားက “ဧဟိ ဘိက္ခု သွာက္ခာတော ဓမ္မော။ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။ လာလော့ ရဟန်း။ တရားတော်မှာ ကောင်းမွန် မှန်ကန်စွာ ဟောထားတဲ့ သွာက္ခာတ တရားတော်ဖြစ်သည်။ အမှန်စင်စစ် ဆင်းရဲကုန်ဆုံးခြင်းကို ပြုနိုင်အောင် မြတ်သော အကျင့်ကို ကျင့်လှည့်ပါလော့”ဟု ခေါ်တော်မူကာ ဧဟိဘိက္ခု ရဟန်းအဖြစ်နဲ့ ရဟန်းပြုပေးတော်မူခဲ့ပါတယ်။

ကဲ . . . တရားတော်ကို အဆုံးသတ်တော့မယ်။ ဒီဓမ္မစကြာတရား ဒေသနာတော်မှာ ဖော်ပြထားတဲ့ မဂ္ဂင်ရှစ်တန် မဇ္ဈိမပဋိပဒါ အကျင့်လမ်းမှန်ကို မှန်ကန်စွာကျင့်နိုင်ကြ၍ မရိယသစ္စာလေးတန် တရားမှန်ကို အလျင်အမြန် သိမြင်ကြပါစေသတည်း။

ဓမ္မစကြာ တရားတော်ကြီး ပြီးပါပြီ။

မှာထားချက်။ ။(အသံလွှင့်ဌာနတွင် အချိန်နှင့်အံကျ ဟောရပါသဖြင့် လိုရင်းပဓာနသုတ်ကိုသာ ဟောကြားခဲ့ရပါသည်။ ဤ တရားတော်၌ ၁-မှ ၂၁-အထိ ဂဏာန်းစဉ်နှင့်တကွ ပြထားသော ခေါင်းစဉ်အောက်ရှိ စာပိုဒ်များမှာ ဓမ္မစကြာ သုတ်ရင်း၏ မြန်မာပြန်များဖြစ်ပါသည်။ ကြွင်းသောစာပိုဒ်များမှာ ဆရာတော်၏ အနက်အဓိပ္ပါယ်ဖော်ပြသော စာပိုဒ်များ ဖြစ်ပါသည်။

ထို့ပြင် ဤဓမ္မစကြာတရားတော်ကို နာရသည့်အတွက် ဗြဟ္မာ ၁၈-ကုဋေနှင့် အတိုင်းမသိ များစွာ သောနတ်များ တရားထူးကို ရကြသည်-ဟူသော စကားမှာ မိလိန္ဒပဥှာ စာမျက်နှာ ၃၃၁-၌ “အဋ္ဌာရသ ဗြဟ္မာကောဋိ ယော အပရိမာဏာ စ ဒေဝတာယော” ဟူသော စကားနှင့်အညီ ဖြစ်ပါသည်။)

တောင်းပန်ခြင်း

`ရိုးသားစွာဝန်ခံပါရစေ ဘလော့တွင်ဖော်ပြထားသော အချို့သောဆောင်းပါး ကဗျာများတို့ သည် တစ်ခြားသော ဘလော့မှကူးယူဖော်ပြထားပါသည် သို့သော်လည်း မိမိ၏ ပေါ့လျှော့မှုကြောင့် ဆိုက်နာမည်များကို မဖော်ပြမိလျှင် ခွင့်လွတ်ပေးပါရန် တောင်းပန်အပ်ပါသည်။