တစ်ချို့တော်တော်များများက ဓူတင်ဟုခေါ်ဝေါ်တတ်ကြတယ်။ဓူတင် မဟုတ်ပါဘူး ဓုတင်ပါ။ဓုတင်္ဂဆိုတဲ့ပါဠိပုဒ်ကနေ ဆင်းသက်လာတာပါ။ဓုတင်္ဂ = ဓုတင်
ဓုတင်ဆိုသည်မှာ ကိလေသာတို့ကို တဒင်္ဂပဟာန်အားဖြင့် ခါထုတ်ဖျတ်စီးတတ်သော အကျင့်ကို ဓုတင်လို့ခေါ်တာပါ။ထိုကဲ့သို့ ကိလေသာ တို့ကို တဒင်္ဂ ပဟာန်အားဖြင့် စွန့်ပယ်နေခြင်းကို ဓုတင်ဆောင်သည်ဟုခေါ်ပါတယ်။
ဓုတင်က တစ်ဆယ့်သုံးပါးထိရှိပါတယ်။အဲဒါတွေက
(၁)။ပံ့သကူ ဓုတင် =ပံ့သကူသင်္ကန်းကို ဝတ်ရုံသုံးဆောင်သောအကျင့်။
(၂)။တိစီဝရိတ် ဓုတင် =သင်္ကန်းသုံးထည်ကိုသာ ဝတ်ရုံသုံးဆောင်သောအကျင့်။
(၃)။ပိဏ္ဍပါတ် ဓုတင် =ဆွမ်းခံ၍ စားသော အကျင့်။
(၄)။သပဒါနာစာရိကဓုတင်=အိမ်စဉ် မကျော်ပဲ ဆွမ်းခံသော အကျင့်။
(၅)။ဧကသနိက် ဓုတင် =တစ်နေရာတည်း၌ ဣရိယာပုတ် မပြောင်းပဲ စားသော အကျင့်။
(၆)။ပတ္တပိုဏ် ဓုတင် =စားခွက် တစ်ခုတည်း၌သာ စားဖွယ်အားလုံးထည့်၍ စားသေးအကျင့်။
(၇)။ခလုတ်ပစ္ဆာဘတ်ဓုတင်=တော်ပြီဟု တားမြစ်ပြီးနောက် စားကောင်းသော ဝိနည်းကံပြုထားသော
စားဖွယ်ကိုပင်မစားတော့သောအကျင့်။
(၈)။အာရညကင် ဓုတင်တ =တောရကျောင်း၌ နေသော အကျင့်။
(၉)။ရုက္ခမူ ဓုတင် =သစ်ပင်အောက်၌ နေသော အကျင့်။
(၁၀)။ဗ္ဘောာကာသိက ဓုတင်=အမိုးမရှိသော လဟာပြင်၌နေသော အကျင့်။
(၁၁)။သုဿာန် ဓုတင် = သုဿန်၌နေသော အကျင့်။
(၁၂)။ယထာသန္တတိ ဓုတင် = မိမိအတွက် ချထားသော ကျောင်းအိပ်ရာ နေရာ၌သာ
နေသောအကျင့်။
(၁၃)။နိသဇ္ဇိ ဓုတင် = မလျောင်းပဲ သွား၊ရပ်၊ထိုင်၊ဣရိယာပုတ်ဖြင့်သာ နေသော
အကျင့်အားဖြင့် (၁၃)ပါးရှိပါတယ်။
(၁)။ပံ့သကူ ဓုတင်
ပံ့သကူ ဓုတင် ဆောက်တည်သော ရဟန်းက တစ်စုံတစ်ယောက်က လှူဒါန်းတဲ့ သင်္ကန်းကို မဝတ်ရုံရပါဘူး၊ဆိုလိုတာက သူတစ်ပါး စွန့်ပစ်ထားတဲ့ အဝတ်များကို ကောက်ယူ လျှော်ဖွပ်
ချုပ်ဆိုးပြီး ဝတ်ရုံရပါတယ်။ဒါကို ပံ့သကူဓုတင် လို့ခေါ်တာပါ။အကယ်၍ တစ်စုံတစ်ယောက်လှူတဲ့
သင်္ကန်းကို ဝတ်ရုံလိုက်မယ်ဆိုရင် ပံ့သကူ ဓုတင်ပျက်ပါတယ်။ပျက်လျှင် ပြန်ပြီးဆောက်တည်လို့ရပါတယ်။
(၂)။တိစီဝရိတ် ဓုတင်
တိစီဝရိတ် ဓုတင်ဆောက်တည်တဲ့ရဟန်းက ခါးဝတ်(သင်းပိုင်)၊ကိုယ်ရုံ(ဧကသီ)၊
ဒုကုဋ်(နှစ်ထပ်သင်္ကန်း) ဟူသော သုံးထည်သော သင်္ကန်းကို ဝတ်ရုံသုံးဆောင်
ရတာပါ။သုံးထည်အထက် ပို၍ သုံးဆောင်မိလျှင် တိစီဝရိတ်ဓုတင် ပျက်စီးပါတယ်။
(၃)။ပိဏ္ဍပါတ်ဓုတင်
ပိဏ္ဍပါတ်ဓုတင်ဆောင်တဲ့ ရဟန်းက ဆွမ်းခံ၍ ရတဲ့ဆွမ်းကိုသာဘုဉ်းပေးရပါတယ်။ပင့်ဖိတ်လို့ကပ်တဲ့
ဆွမ်းကို မဘုဉ်းပေးရပါဘူး။ဆွမ်းခံလို့ရတဲ့ဆွမ်းမှတစ်ပါး ပင့်ဖိတ်ကပ်လှူတဲ့ဆွမ်းကိုဘုဉ်းပေးလိုက်မယ်
ဆိုရင် ပိဏ္ဍပါတ် ဓုတင်ပျက်ပါတယ်။
(၄)။သပဒါန စာရိက ဓုတင်
ထို ဓုတင်ကို ဆောက်တည်သော ရဟန်းရဟန်းက အိမ်စဉ် မကျော်ပဲ အိမ်စဉ်လိုက်တိုင်းဆွမ်းရပ်ရပါ
တယ်။သို့သော် ဘေးရန် ရှိသော အိမ် လမ်း၊ ရွာ စသည်တို့ကိုလည်းကောင်း၊ဆွမ်းမလောင်းသော
အိမ် လမ်း ရွာ စသည်တို့ကိုလည်းကောင်း ကျော်သွားနိုင်ပါတယ်။ဒါပေမယ့် မက်မောသော တဏှာလောဘအဖြစ်နဲ့တော့ အိမ်စဉ်ကိုကျော်လို့မရပါ။ကျော်မည်ဆိုပါက ထိုဓုတင်ပျက်ပါတယ်။
(၅)။ဧကာသနိက် ဓုတင်
ထိုဓုတင်ကို ဆောင်တဲ့ရဟန်းက တစ်နေ့လျှင် တစ်နေရာတည်း၌ တစ်ထိုင်တည်းသော ဣရိယာပုတ် ဖြင့်သာ ဆွမ်းဘုဉ်းပေးရခြင်းကိုဆိုလိုတာပါ။နှစ်နေရာ ၊သုံးနေရာ စသည်ဖြင့် နေရာများ၌ဆွမ်းဘုဉ်းမပေးရပါဘူး။ထိုသို့ပြုမည်ဆိုပါက ထို ဓုတင်ပျက်ပါတယ်။
(၆)။ပတ္တပိုဏ် ဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ ရဟန်းက ခဲဖွယ် ဘောဇဉ်ကို တစ်ခွက်တည်း၊တစ်သပိတ်တည်း၌ပင်လျှင် ထည့်၍စားရပါတယ်။နှစ်ခွက်၊သုံးခွက် ထည့်ပြီးမစားရပါဘူး။တစ်ခွက်တည်းမှာပင် စားဖွယ်အား
လုံးကို ရောမွှေ၍ဖြစ်စေ။တစ်မျိုးပြီးမှ တစ်မျိုးဖြစ်စေစားရပါတယ်။အောက်ထစ်ဆုံးအားဖြင့် သစ်
ရွတ်စိမ်းကိုမူ လက်မှာကိုင်ပြီးတော့ စားနိုင်ပါတယ်။ဓုတင်မပျက်ပါ။သို့သော်လက်ဖြင့်ကိုင်ပြီး စားမည်
ဆိုပါက ကြည်၍မလျော်သဖြင့် သပိတ်ထဲ၌ ထည့်စားခြင်းသာလျှင် အကောင်းဆုံးဖြစ်ပါတယ်။
ဒါပေမယ့် နှစ်ခုမြောက် စားခွက် သပိတ်ကိုထည့်စားမည်ဆိုပါက ထိုဓုတင်ပျက်ပါတယ်။
(၇)။ခလုပစ္ဆာဘတ် ဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ရဟန်းက ဆွမ်းစားစဉ် တော်ပြီ၊ဗိုက်ပြည့်ပြီ ထပ်မထည့်နဲ့တော့ဟု တားမြစ်ပြီးမှ
နောက်ထပ် ထပ်စားလိုပြန်၍ အတိရိတ်ဝိနည်းကံ စားထိုက်သော ကံကို ဒကာမစီမံသော်လည်း ဆွမ်း
ဘောဇဉ်ကိုမစားရပါ။စားမည်ဆိုပါက ဓုတင်ပျက်ပါတယ်။(ထိုဓုတင်မဆောင်သော ရဟန်းများကျတော့ တော်ပြီဟုတားမြစ်သော်လည်း တစ်ဖန် ဒကာ ဝိနည်းကံနဲ့ လျှော်ညီအောင်စီမံမည်ဆိုပါကစားကောင်း
စားကောင်းပါတယ်)။
(၈)။အာရညကင်ဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ရဟန်းသည် အနီးဆုံးရွာနဲ့ လေးအတတ်သင်ဆရာ၏ ညှို့တင်ထားသော လေးနှင့် အပြန်ငါးရာ အနည်းဆုံးဝေးကွားသောတောရကျောင်းမှာ နေရပါတယ်။အကြောင်းကိစ္စရှိလျှင်
ရွာအတွင်း၌နေနိုင်သော်လည်း အရုဏ်မတက်မီ တောရကျောင်းသို့ပြန်လာပြီး ထိုကျောင်း၌ပင်လျှင် အရုဏ်တက်ရပါတယ်။ကျိန်းစက်ရပါတယ်။ရွာကျောင်းမှာနေလိုစိတ်ဖြင့် အရုဏ်တက်ချိန်တွင်
ရွာကျောင်း၌နေမည်ဆိုပါက အာရညကင်(တောရ) ဓုတင်ပျက်ပါတယ်။
(၉)။ရုက္ခမူလဓုတင်
ထိုဓုတင်ကိုဆောက်တည်သောရဟန်းက အုတ်ကြွပ်၊ကျောက်ပြား၊အင်္ဂတေ၊သက်ကယ်၊သစ်ရွတ်
စသည်တစ်ခုခုဖြင့် မိုးထားတဲ့ အရိပ်အာဝါသမှာ သီတင်းမသုံးရပါဘူး။သစ်ပင်အောက်၌ပင်လျှင်
သီတင်းသုံးရပါတယ်။ဓုတင်ဆောင် ပုဂ္ဂိုလ် အမြတ်စား၊အလတ်စား၊အညံ့စားဟု သုံးမျိုးသုံးစား
ရှိသည့်အနက် အမြတ်စားပုဂ္ဂိုလ်မှာ သစ်ပင်ကောင်းကိုမရွေးတော့ပဲ မည့်သည်သစ်ပင်အောက်၌
မဆို နေရပါတယ်။အလတ်စားပုဂ္ဂိုလ်ကတော့ သစ်ပင်အောက်ကို ရောက်လာသူများကို အရှင်းခိုင်းခွင့်
ရှိပါတယ်။အညံ့စားပုဂ္ဂိုလ်ကတော့ ကျောင်းသား သာမဏေတို့ကို သစ်ရွတ်ရှင်း၊သဲခင်း၊နံရံကာ တံခါး
တပ်စေလျှက် နေခွင့်ရှိပါတယ်။
အမိုးမိုးထားတဲ့ အရိပ်အာဝါသ အောက်တွင်နေရင်တော့ ထိုဓုတင်ပျက်တော့သည်။
(၁၀)။အဗ္ဘောကာသိက ဓုတင်
ထိုဓုတင်ဆောင်တဲ့ရဟန်းသည် ဟင်းလင်းပြင် လွင်ထီခေါင်ပြင်မှာသာနေရပါတယ်။အမိုးရှိတဲ့အရိပ်။
သစ်ပင်စသည်၌ မဝင်ရပါ။သို့သော် ဥပုသ်ပြုခြင်း၊တရားနာခြင်း၊စာသင်၊စာချ ရန်အတွက်တော့နေလို့
ရပါတယ်။ဆရာဥပဇ္ဈာယ်တို့ရဲ့ ဝတ်ကြီး ဝတ်ငယ်ပြုရန်အတွက်ဝင်ခွင့်ရသလို ထိုအကြောင်းကြောင့် ဝင်နေစဉ် မိုးရွာမည်ဆိုပါက မိုးတိတ်အောင်ပင်နေခွင့်ရှိပါတယ်။ဓုတင်မပျက်ပါဘူး။ထိုကိစ္စများမှလွဲပြီး
အမိုးရှိသော နေရာကိုဖြစ်စေ၊သစ်ပင်အောက်ကိုဖြစ်စေ ဝင်လျှင် ထိုဓုတင်ပျက်ပါတယ်။
(၁၁)။သုဿန်ဓုတင်
ထိုဓုတင်ကိုဆောင်သော ရဟန်းသည် သုဿန်သို့ ညအခါသွား၍ ထိုသုဿန်၌ နေပြီး မိုးသောက်ယံ၌ သုဿန်မှထွက်သင့်ပါတယ်။လူတို့က သုဿန်ဟု သတ်မှတ်ထားသော်လည်း သူသေအလောင်း မချ
မမြှုပ် မရှို့ရသေးလျှင် သုဿန်မမည်ပါ။ဘီလူး သရဲ စသည်တိှု့နှစ်သက်သော ငါး၊အမဲ၊နို့ရည်၊ဆီ၊
တင်လဲ စသည် တို့ကိုမမှီဝဲရပါဘူးသုဿန်မဟုတ်သော နေရာ၌နေခြင်း၊သုဿန်သို့ မသွားသောနေ့
ရှိလျှင် ထိုဓုတင်ပျက်တော့သည်။
(၁၂)။ယထာသန္တတိဓုတင်
ထိုဓုတင်ကိုဆောင်သော ရဟန်းသည် မိမိအားချပေးထားတဲ့ နေရာ၊ကျောင်းအိပ်ရာ ၌ပင်လျှင်နေရပါ
တယ်။ထိုနေရာ၌ မက်မောသောစိတ်ဖြင့် မိမိစိတ်ကြိုက်ပြုပြင်ပြီးနေခြင်း၊နေရာ၌နေလိုသော တဏှာ
ဖြင့် ရဟန်းငယ်များနေမရအောင် မပြုလုပ်ရပါ။ကျောင်းအိပ်ယာ၌ မက်မောသော တဏှာဖြစ်ကာမျှဖြင့်
ထိုဓုတင်ပျက်ပါတယ်။
(၁၃)။နိသဇ္ဇိဓုတင်
ထိုဓုတင်ကိုဆောင်တဲ့ ရဟန်းသည် သွားခြင်း၊ရပ်ခြင်း၊ထိုင်ခြင်း၊ထိုင်ခြင်း ဣရိယာပုတ်ဖြင့်သာနေရပါတယ်။လျောင်းတဲ့ ဣရိယာပုတ်နဲ့ နေလို့မရပါဘူး၊လျောင်း၍ အိပ်စက်ခြင်း
ပြုကာမျှ၌ပင်လျှင် ထိုဓုတင်ပျက်ပါတယ်။ဓုတင်အားလုံးကို ပျက်မည်ဆိုပါက တစ်ဖန်ပြန်ပြီးဆောက်တည်လို့ရပါတယ်။ထိုဓုတင်အကျင့်တို့ကို စွမ်းနိုင်သမျှ ကျင့်ကြံမည်ဆိုပါက လိုချင်တက်မက်သော လောဘ၊မကျေနပ်သော ဒေါသ၊မိုက်မဲခြင်းမောဟ စတဲ့ကိလေသာတို့ကို
ခေါင်းပါးစေသလို ကုသိုလ်များလည်းတိုးပွားစေပြီးအကျိုးများလှပါတယ်။သို့သော် ဓုတင်ဆောင်သူသည် မိမိဓုတင်ဆောင်ခြင်းအမှုကို အများသိအောင် လူတွေ့တိုင်းပြောပြလျှက် ကျင့်မည်ဆိုပါက ဓုတင်္ဂ အပိစ္ဆာဂုဏ်(ဓုတင်၌အလိုလောနည်းခြင်း)ဂုဏ်နှင့် မဟပ်မိတော့ပါ။ထို့ကြောင့်
ဓုတင်ဆောင်သူသည် မိမိ ဓုတင်ဆောင်သူ အဖြစ်ကို မပြောမိစေရန် သတိထားဖို့လိုအပ်လှကြောင်းကို
သိစေလိုသဖြင့် ဓုတင်(၁၃)ပါးအကြောင်းကို တင်ပြရေးသားလိုက်ပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
No comments:
Post a Comment