လူသားတွေဟာ တစ်ဖြည်းဖြည်း အိုခြင်းတရားဆီသို့ ဦးတည်သွား နေကြပါတယ်။
အိုတဲ့ဒုက္ခ၊ နာတဲ့ဒုက္ခ၊ သေတဲ့ဒုက္ခ၊ ဤ ဒုက္ခ သုံးပါး ကို ဘယ်သူမှ
ရှောင်လွှဲလို့ မရနိုင်ပါဘူး။အိုတဲ့အခါ မျက်စိတွေမှုန် နားတွေလေး၊
အထိုင်အထခက်၊ အရေပြားတွေလည်းတွန့်၊အသား အရိုး အကြော၊ စတဲ့ ရုပ်
ပိုင်းဆိုင်ရာ ၀တ္တုတွေ အကုန်ဆွေးမြေ့ ကုန်ကြပါတယ်။ ကံတရားဟာ
နှစ်တစ်ရာခံအောင် ထောက်ပံ့မူ မပေးနိုင်ပါဘူး။ ဒါကြောင့် မိမိတို့ရဲ့
ရုပ်ခန္ဓာကိုယ်ကို မည်မျှ ကြံ့ခိုင်အောင် ၊ မိမိတို့ရဲ့ မည်သို့သော ကံမျိုးက
အထောက် အပံ့ ပေးထားသလဲ ဆိုတာကို နေ့တိုင်း စိစစ်ဖို့လိုပါတယ်။
မိမိက အတိတ်ကံ အားနည်းတယ်လို. ထင်လျှင် ပစ္စုပ္ပန် ကံကောင်းအောင်
များများလုပ် ရမှာ ဖြစ်ပါတယ်။ ကံတွေက မည်မျှပင် ကောင်းနေ စေကာမူ တစ်ခါတစ်လေ
စိတ်ဓာတ်တွေ သိပ်ကျဆင်း နေလျှင်လည်း အိုမင်းလွယ်ပါတယ်။ ကံတွေ၊ စိတ်တွေ၊
သိပ်ကောင်း နေပေမယ့်လည်း အတွင်းက ဥတု ၊အပြင်က ဥတု၊ မညီညွတ် ရင်လည်း
အိုမင်းလွယ်ပါတယ်။ ဥတု လည်းကောင်းတယ် ၊ကံလည်း ကောင်းတယ်၊ စိတ်ဓာတ် လည်းပဲ
ရွှင်ရွှင်ပြပြတက်တက်ကြွကြွ အမြဲတမ်း ရှိပေမယ့် အဟာရဓတ် ညံ့ဖျင်းရင်လည်းပဲ
အိုလွယ်ပါတယ်။ နာလွယ်ပါတယ် ။ သေလွယ်ပါတယ်။ဒါကြောင့် ကံ၊ စိတ်၊ ဥတု၊ အဟာရ
ဓာတ်လေးပါး မညီညွတ်ပါက အိုလွယ်၊ နာလွယ်၊ သေလွယ် ပါတယ်။ ခန္ဓာရဲ့ အထောက် အပံ့
ဖြစ်တဲ့ ကံ၊ စိတ်၊ ဥတု၊ အဟာရ ထိုလေးပါး ညီညွတ်မျှတ နေမှသာ အသက်ရှည်ဘို့
အကြောင်းပင် ဖြစ်ပါတယ်။
ထိုအကြောင်းနဲ့ ပတ်သက်ပြီး တစ်ခါက နတ်သားတစ်ပါးက မြတ်စွာဘုရားရှင်အား
မည်သည့် အရာသည် လူတို့အတွက် လူ့ဘ၀မှာ အိုသည့် တိုင် အောင် ၊ နာသည့်
တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းတယ် ဆိုတာ ဘယ်အရာများ ဖြစ် သနည်း
ဟုမေးမြန်းရာ မြတ်စွာဘုရားရှင်က အောက်ပါ အတိုင်း ဖြေကြားတော်မူခဲ့ပါတယ်။
၁။ အို သည့် တိုင်အောင် ကောင်းသည် ဆိုတာ “ သီလ “ ပါပဲ။
သီလ ဆိုသည်မှာ စည်းကမ်းပါ။ ကိုယ်အမူအရာနဲ့ နုတ်အမူအရာတွေကို စောင့်ထိန်းတဲ့
စည်းကမ်း ဖြစ်ပါတယ်။ သီလ ကောင်းတဲ့ လူဟာ အပြစ် ကင်းပါတယ်။ အပြစ်ကင်းလျှင်
သုခ ချမ်းသာ ဆိုတဲ့ အကျိုးတွေ ရရှိနိုင်တာကြောင့်၊ မိမိ
ကိုယ်မိမိ(confident) ယုံကြည်ခြင်း ကိုလည်း ဖြစ်စေပါတယ်။ မိမိဘ၀ကို ယုံကြည်
စိတ်ချမူရှိနေတဲ့ ပုဂ္ဂိုလ်ဟာ သေလည်း သေရဲပါတယ်။ နေလည်း နေရဲပါတယ်။ သီလ
ကောင်းရင် ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ခြင်း ၊ ကိုယ့်ကိုယ်ကိုယ်
စွပ်စွဲခြင်း ၊ မိမိကိုသူတစ်ပါး စွပ်စွဲခြင်း၊ ဘေးမှလည်း
ကင်းဝေးစေသောကြောင့် စိတ်က အမြဲတမ်း ကြည်လင် နေစေပါတယ်။ စိတ်ကြည်လင်တဲ့
အတွက်ကြောင့် ရုပ်ပါ ကြည်လင်လာစေ ပါတယ်။ ရုပ်ကို စိတ်က အစဉ်သဖြင့်
ပြောင်းလဲ စေပါတယ်။ လူတို့ရဲ့ ခန္ဓာကိုယ် တစ်ကိုယ်လုံးဟာ သွေးများနဲ့လည်ပတ်
နေပါတယ်။ စိတ်ရဲ့ ပြောင်းလဲမှုကြောင့် နှလုံးသွေးကလည်း ပြောင်းလဲလာပြီး
မျက်နှာအနေ အထားလည်း ပြောင်းလဲလာတတ် ပါတယ်။ နှလုံးသွေးဟာ ဥာဏ်ဝင်တဲ့အခါ
ပတ္တမြားရောင် တောက်ပါတယ်။ သဒ္ဓါ ၀င်တဲ့အခါ ရွှေရောင် တောက်ပါတယ်။ ရာဂ
ဝင်လျှင် နီတတ် ပါတယ်။ မောဟ၀င်တော့ နီကျဲကျဲပါ။ ၀ိတက်ဝင်တော့
ဖြူကျဲကျဲအရောင်ဖြစ်ပါတယ်။ ဒေါသ၀င်ရင် မည်းပါတယ်။ ဒါကြောင့် စိတ်တိုတဲ့
အချိန်ဆိုရင် မျက်နှာပေါ်တွင် မဲပုပ်နေတတ်ပါတယ်။ အဲဒါဟာ ရုပ်ကို စိတ်က အစဉ်
သဖြင့် ပြောင်းလဲစေတဲ့ သဘော ကြောင့်ပါ။ ဒါကြောင့် မိမိတို့ရဲ့ ကိုယ် ၊
နှုတ်နှစ်ပါး (ကာယကံ၊၀စီကံ) နှစ်ပါး ကို သီလ ဆိုတဲ့ စည်းကမ်းနဲ့ စောင့်ထိန်း
ရပါမယ်။ သီလ စောင့်ထိန်းတဲ့ ပုဂ္ဂိုလ်ဟာ အပြစ်ကင်းပြီး၊ မိမိကိုယ်ကိုယ်
စွပ်စွဲခြင်း၊ သူတစ်ပါး စွပ်စွဲခြင်းတို့မှလည်း ကင်းဝေးပါတယ်။ စိတ်နှလုံး
ကြည်လင် စေပါတယ်။ စိတ်နှလုံး ကြည်လင်သောကြောင့် နေတော့လည်း ကြည်လင်၊
သေတော့လည်း ကြည်လင်ပါတယ်။ ဒါကြောင့် အိုသည့် တိုင်အောင် ကောင်းသည် ဆိုတာ
သီလပါပဲ။ အိုခြင်း တရားကို သီလနဲ့ တန်ဆာဆင်ပါ။
၂ ။ အို သည့် တိုင်အောင် ၊ နာသည့်တိုင်အောင်၊ သေသည့် တိုင်အောင် ကောင်းသည် ဆိုတာ “ သဒ္ဓါ ” ပါပဲ။
သဒ္ဓါ ဆိုတာက စိတ်ကိုကြည်လင် စေပါတယ်။ ဘာကြောင့် စိတ်မှာ သဒ္ဓါ ဖြစ်စေသလဲ
ဆိုရင် ကံ၊ ကံ၏ အကျိုးနဲ့ ဘုရား၊ တရား၊ သံဃာ၊ သာသနာတော်ရဲ့ ကျေးဇူးကို
ယုံကြည်ပြီး စိတ်ထဲမှာ ကြည်လင် လာလို့ပါ။ သဒ္ဓါဟာ၊ စိတ်ကို ကောင်းစွာ
ကြည်စေတတ်တဲ့ သတ္တိ အထူး ရှိပါတယ်၊ သဒ္ဓါ စိတ်ကြောင့်၊ သဒ္ဓါကောင်းဖြစ်ရင်၊
သဒ္ဓါကောင်းစွာရရင်
၁။ ကိလေသာ အကြမ်းစားတွေကို အနည်ထိုင် သွားစေပါတယ်။
၂။ စိတ်ပေါ်မှာ လွမ်းအုပ်နေတဲ့ အညစ်အကြေးတွေ ကွာသွားစေပါတယ်။
၃။ ပူလောင်နေတဲ့ စိတ်နှလုံးသားတွေဟာ အေးချမ်း သွားစေပါတယ် လို့ ဆိုထားပါတယ်။
မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ထပ်တလဲလဲ ပွားများခြင်းဟာ သဒ္ဓါ တရားကို
ဖြစ်ပွားစေတဲ့ အကောင်းဆုံး ဗုဒ္ဓနုဿတိ ဘာဝနာ ဖြစ်ပါတယ်။ သဒ္ဓါဆိုတဲ့
ယုံကြည်ချက် မရှိရင် လောကမှာ အကျင့် သီလ ကောင်းသော်လည်း၊ ဘ၀ သံသရာမှာ
အခက်အခဲ တွေ အများကြီး တွေ.နိုင်ပါတယ်။ မျက်မှောက် ဘ၀မှာ ခဏ၊ ခဏ စိတ်ညစ်
ရတတ်ပါတယ်။ ယုံကြည်ချက် မရှိလျှင် ဘ၀သံ သရာ ကို မကူးခတ်နိုင်ပါဘူး။
ဒါကြောင့်အို သည့်တိုင်အောင်၊ နာသည့်တိုင်အောင် ၊ သေသည့် တိုင်အောင် ကောင်း
တာ သဒ္ဓါလို့ မိန့်ကြားတော် မူခဲ့ပါတယ်။
၃ ။ အို သည့် တိုင်အောင်၊နာသည့်တိုင်အောင် ကောင်းသည် ဆိုတာ “ ပညာ “ ပါပဲ။
ပညာဆိုတာ အသေးစိတ် သိနားလည်ခြင်း (Detail Understanding) ပါ။ ကျောင်းတွေ၊
တက္ကသိုလ်တွေက သင်ပေးလိုက်တဲ့ ပညာရပ်အပြင်၊ လောကကြီးကို အမှန်တကယ်
မိမိကိုယ်တိုင် လျှေက်လှမ်း တဲ့အခါ ဘ၀မှာ ကြုံတွေ.လာတဲ့ ပြသနာတွေ၊
အခက်အခဲတွေကို ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းနိုင်တဲ့
နည်းလမ်းကို သိတာကိုလည်း ပညာလို. ခေါ်ပါတယ်။ ထိုပညာကို လောကထဲမှာသာ
သင်ယူလို့ရနိုင် ပါတယ်။ ဒါကြောင့် ကမ္ဘာလောက ကြီးဟာ လူသားတို့ရဲ့ ဆရာသမား
ဖြစ်ပါတယ်။ ဘယ်လောက်ပဲ နုပျိုသော်ငြားသော်လည်း ပညာမတတ်လျှင်
အချီးအနှီးပါပဲ။ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ ပညာတော့ သိပ်တတ်ပြီး၊
သဒ္ဓါခေါင်းပါးလျှင်လည်း ကောက်ကျစ်တဲ့ ပညာတတ် အဖြစ်သို့ ရောက် သွားတတ်
ပါတယ်။ သဒ္ဓါ ယုံကြည်ချက်တွေ ဘယ်လောက်ပဲ ပြင်းထန်နေပေမယ့် ပညာ(အသိဥာဏ်)
ကင်းမဲ့တဲ့ ယုံကြည်ချက်ဆိုရင် အကန်းရုံ ဖြစ်သွား တတ်ပါတယ်။
သီလကင်းမဲ့ပြီး ပညာ သိပ်တတ်ခြင်း ဟာလည်း ယုတ်မာတဲ့ ပညာတတ် ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် အိုသည့်တိုင်အောင် ကောင်းသည်မှာ၊ သီလ၊ သဒ္ဓါ ၊ ပညာ၊ ပါပဲလို့ မိန်.တော်မူခဲ့ပါတယ်။
၎။ အို သည့် တိုင်အောင်၊နာသည့်တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းသည် ဆိုတာ “ ပုညဆိုတဲ့ ကုသိုလ်ကောင်းမှု“ ပါပဲ။
မိမိ ဘ၀ တစ်လျှောက်လုံး ကောင်းစေရန်အတွက် ကုသိုလ် ကောင်းမှုတွေကို
များများကြီး စုဆောင်း ထားသင့်ပါတယ်။ ရာထူး ဥစ္စာ၊ စီးပွား၊ တက်ချင်တိုင်း
တက်ပါစေ။ ထိုအရာများဟာ နှစ်တစ်ရာ အတွင်းမှာ ကိုယ်ပိုင်ဆိုင် ထားမယ်လို့
ယုံကြည်လို့ မရနိုင်ပါဘူး။ ဘ၀ဆိုတာ ရှေ့သို့သာ ဦးတည် သွားနေပါတယ်။
ဒါကို ဥပမာလေး တစ်ခုနဲ့ပြောပြရလျှင်တော့ - ရန်ကုန် ကနေ မန္တလေး သို. သွားမယ် ဆိုကြပါစို.။
ဘူတာကြီးသွားပြီး ရထားလက်မှတ်ဝယ် တဲ့အခါ လက်မှတ် လေးမှာ ခုံနံ ပါတ်
လေးရေးပေး လိုက်ပါတယ်။ အဲဒီလက်မှတ် လေးကိုင်ပြီး ဒီတွဲနံပါတ်ဟာ ငါ့အတွဲ
၊ဒီခုံက ငါ့ခုံ၊ ဆိုပြီးတော့ တက်ထိုင်လိုက် ပါတယ်။ ရထားက ရန်ကုန်က နေထွက်
သွားပြီး ပဲခူးရောက် ပါတယ်၊ ရန်ကုန်၊ မန္တလေး မိုင်ပေါင်း ၄၅၀
ကွာဝေးတယ်ပဲထား၊ ပဲခူးရောက်တော့ မိုင် ၅၀ ကုန်သွားပါပြီ။ သူပိုင်ဆိုင်ခွင့်
မိုင် ၄၀၀ပဲ ကျန်ပါ တော့တယ်။ ရထားကလည်း ရှေ့သို့ပဲသွားပါတယ်၊
နောက်ပြန်မဆုတ်ပါဘူး၊ ပျဉ်းမနား ရောက်တော့ မိုင်နှစ် ရာကျော်သွားပြီ။
ကိုယ်ပိုင်ဆိုင်ခွင့် တွေက တဖြည်းဖြည်းလျော့ သွားပါတယ်၊ ရှေ့ကိုပဲ
သွားရင်း၊ သွားရင်း နဲ့ ငါပိုင်ဆိုင်တဲ့ ဥစ္စာတွေ၊ တဖြည်းဖြည်းခြင်း ငါပိုင်
ဆိုတာတွေ တဖြည်းဖြည်း ကုန်ဆုံးနေတာကို အားလုံး သတိမပြုမိ လိုက်ကြပါဘူး၊
မန္တလေးဘူတာကို ရထားဝင်လို့ ရထားလည်းရပ်ရော ထိုရထား လက်မှတ်ဟာ ဘာမှ
အသုံးမ၀င်တော့ သလို ၊ ငါ့တွဲ၊ ငါ့ထိုင်ခုံ ဆိုပြီး ယူသွားလို့ မရပါဘူး။
ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါ။ ဘူတာ ဆိုက်တဲ့အခါ ရထားပေါ်ကယူ သွား
လို့ရမှာက တွဲနဲ့ထိုင်ခုံ မဟုတ်ပါဘူး၊ ကိုယ့်အိပ်ကပ်ထဲမှာ ပါတဲ့
ပိုက်ဆံဖြစ်တဲ့ ရိက္ခာထုပ်ကသာ ကိုယ့်သွား လေရာ သယ် သွား လို့ရမယ့်
ရိက္ခာပါပဲ။ (ကိုယ့်ရဲ့ ရိက္ခာထုပ်ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ်
ကောင်းမှုတွေကို ဆိုလိုတာပါ) လူသားအားလုံးဟာ လူ.ဘ၀ခရီးမှာ ပိုင်ဆိုင်မှု၊
စီးပွားဥစ္စာ၊ ရာထူး၊ တွေဆိုတာကတော့ ဘူတာ မဆိုက်ခင်လေး ပိုင်ဆိုင်ကြ ရတာပါ။
ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါပဲ။ ပုညဆိုတဲ့ ကုသိုလ်ကောင်းမှုနှင့်
ကိုယ်ပြုတဲ့ ဒါန၊ သီလ၊ သမထ၊ ၀ိပသနာ ဆိုတဲ့ကောင်းမှုတွေဟာ ရန်သူမျိုးငါးပါး
တို့ လုယက် ဖျက်စီးလို့ မရတဲ့အတွက် ကိုယ်ပိုင်ဥစ္စာ လည်းဖြစ်ပါတယ်။
ဒါကြောင့် အိုသည့် တိုင်အောင်၊ နာသည့်တိုင်အောင်၊ သေသည့်တိုင်အောင်
ကောင်းတယ် ဆိုတာ “ သီလ၊ သဒ္ဓါ၊ ပညာနဲ့ ကုသိုလ်ကောင်းမူ” ပါပဲ။ထိုလေးမျိုးဟာ
ဘ၀ကို လှပစေဘို့ရာ ဘ၀ရဲ့အလှ တန်ဆာများ ဖြစ်ပါတယ်။ ရုပ်ခန္ဓာကြီးကတော့
ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ငါးဆယ်ကျော်တာနဲ့ ဘ၀တစ်ဝက်ကျိုးတာနဲ့
ဆွေးမြေ့ပျက်စီးမှုတွေ ထင်ရှားစွာပြလာမှာ ကိုတွေ့ ရမှာပါ။ ဆွေးမြေ့ပျက်စီး
သွားတဲ့ရုပ်ခန္ဓာကို ဒီလေးခုနဲ့ တန်ဆာဆင် အလှဆင်ပြီး အိုသည့်တိုင်အောင်
ကောင်းတာ သီလ၊ နာသည့် သေသည့်တိုင်အောင် ကောင်းတာ သဒ္ဓါ၊ အိုနာသေ
ဘယ်လောက်နှိပ်စက် ပါ စေ ပညာနဲ့ကုသိုလ်ကောင်းမှုတို.့သျှာင်
ဘ၀ရဲ့ကောင်းကြောင်း တရားတွေ ဖြစ်တယ် လို့ မြတ်စွာဘုရားက နတ်သားအား ဖြေကြား
တော် မူခဲ့ပါတယ်။ထို သီလရယ် သဒ္ဓါရယ်၊ ပညာရယ်၊ ကုသိုလ်ကောင်းမှု.ရယ်
ဆိုတာကို သာဓုလေးပါးလို့ မှတ်သားထားကြပါတယ်။ ဘ၀ရဲ့
အကောင်းတရားလေးပါးဖြစ်တဲ့ ထိုသာဓု တရားလေးပါးနဲ့ မိမိတို့ရဲ့ ဘ၀ကို အိုသည့်
နာသည့် သေသည့် တိုင်အောင် အကောင်းဆုံး အလှပြင်တန်ဆာ ဆင်နိုင်ကြပါစေလို့
ဆန္ဒပြုလိုက်ပါတယ်။အားလုံးပဲ ဘ၀ကို လှပစွာ ဖြတ်သန်း နိုင်ကြပါစေ ။
No comments:
Post a Comment