ထိုအခါ လောက၌ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူနေသည်၊ ဒီပင်္ကရာမြတ်စွာဘုရားသည် ရမ္မာဝတီနေပြည်တော်သို့ ကြွတော်မူမည်ရှိစဉ် မြို့သူမြို့သားတို့သည် ဘုရားကြွလာမည့်လမ်းကို ပြင်ဆင်နေကြသည်၊ ထိုအခါ သုမေဓာရှင်ရသေ့လည်း ကောင်းကင်ခရီးဖြင့် လှည့်လည်လာစဉ် လမ်းပြင်နေသူ တို့ကိုမြင်၍ ကောင်းကင်မှ ဆင်းသက်ကာ အကြောင်းအရာကို မေးလေသည်၊ ဘုရားသခင် ကြွလာမည်ဖြစ်၍ လမ်းပြင်နေကြကြောင်းကို ပြောကြသည်။
သုမေဓာရှင်ရသေ့သည် “အော် - ဘုရားဖြစ်ဖို့မဆိုထားနှင့် ဘုရားဟူသော အသံလောက်ကိုပင် ကြားရဖို့ မလွယ်ပါချေတကား”ဟု လွန်မင်းစွာ ၀မ်းမြောက်လျက် လမ်းပြင်ရန် တစ်နေရာတောင်း၍ လမ်းပြင်နေသည်။
တန်ခိုးဖြင့်ပြင်လျှင် အမြန်ပြီးမည်ဖြစ်သော်လည်း ကိုယ်ဖြင့်ရင်းနှီးမူပို၍ အကျိုးရှိမည်ဖြစ်သောကြောင့် ကိုယ်တိုင်မြေထမ်း၍ ရွှံ့ညွှန်ထူထပ်သော လမ်းကိုပြင်နေစဉ် လမ်းမပြီးခင် ဘုရားရှင်ကြွလာလေသည်၊ ရှင်ရသေ့သည် ဘုရားရှင်ရွှံ့ပေါ်မကြွရလေအောင် ကိုယ်ကိုခင်း၍ ၀မ်းလျားမှောက်လျက် တံတားခင်းလှူခဲ့လေသည်။
ဘုရားရှင်ကို ကြိုဆိုနေကြသော ပရိသတ်ထဲတွင် သုမိတ္တာမည်သော အမျိုးသမီးတစ်ယောက်လည်း ပါဝင်၏၊ ထိုအမျိုးသမီးသည် ရှင်ရသေ့ကိုမြင်လျှင် မြင်ချင်း ၀မ်းမြောက်ကြည်နူးသွားသည်၊ ထို့ကြောင့် မိမိတွင်ပါလာသော ကြာပန်းရှစ်ခိုင်တွင် ၃-ခိုင်ကိုချန်၍ ကျန် ၅-ခိုင်ကို ရှင်ရသေ့လက်သို့ ဆက်ကပ်လိုက်လေသည်။ ရှင်ရသေ့လည်း ကိုယ်ကိုဝပ်စင်း တံတားခင်းလျက်က ထိုကြာပန်း ၅-ခိုင်ဖြင့် ဘုရားရှင်အား ပူဇော်လေသည်။
No comments:
Post a Comment